အဝေးမှ
လွင့်ကျလာတဲ့ လက်ခုတ်သံတွေကို ကျွန်မကြားနေရသည်။ လက်ခုတ်သံများက မိုမှုန်စနုနုလေး တွေလိုမျိုး
ကျွန်မကိုယ်ပေါ်သို့ ညင်ညင်သာသာ ရွာကျနေ၏။ ထိုအခါ ကျွန်မက ကျွန်မကိုယ်ပေါ်သို့ ရွာကျနေသော
လက်ခုတ်သံများကို မျက်နှာလေးမော့လို့ သာယာပျော်ရွှင် ငြိမ်းချမ်း စွာ ခံယူ နေမိသည်။
ထိုလက်ခုတ်သံများသည်..သိပ်မကြာခင်မှာပင်..ပို၍ ပို၍သည်းလာကာ စိတ်၍ စိတ်၍ လာပါသည်။ ကျွန်မကို
..ကျွန်မဘ၀ကို..ကျွန်မ အိပ်မက်တွေကို ကျွန်မမျှော်လင့်ချက်တွေကို တစ်စ ဆီ တစ်မှုန်ဆီ
တစ်လွင့်ဆီ မျောပါစုတ်ပြတ် သွားအောင်လို့ သူတို့ ရွာသွန်းလေတော့သည်။ ထိုအခါ…………။ ကျွန်မသည်
လက်ခုတ်မုန်တိုင်းများ ဆီကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း ထိုမုန်တိုင်းများ ထဲမှာပင် တစ်စတစ်စ ပျော်ဝင်နစ်မြုပ်ရတော့၏။
လက်ခုတ်သံနှင့်ပတ်သတ်၍
ကျွန်မ ထိုသို့တွေးမိနေသည်မှာ ကြာပါပြီ။ ကျွန်မလက်ခုတ်သံ တို့ ကို ယုံသည်လား၊ မယုံသည်လား
ဆိုသည့်ကိစ္စကိုမပြောသေးခင် မှာ လက်ခုတ်သံများနှင့် ဘယ်တုန်းက စလို့ ကျွန်မ ကျွမ်းဝင်ခဲ့သည်လည်း
ဆိုသည့် အကြောင်းကို အရင်စဉ်းစားကြည့်ရင် ကောင်းမည်ထင်သည်။ ကလေးဘ၀ ကျွန်မ ကဗျာလေးတွေ
ရွတ်တတ်စဉ်ကလား၊ ၀လုံးလေးတွေရေးတတ်တုံးကလား။ ဒါမှမဟုတ် ကျွန်မခြေထောက်ပေါ်မှာ ယိုင်ထိုးယိုင်ထိုးနှင့်
ခြေစုံရပ်ဖို့ စမ်းနေခဲ့စဉ်ကလား…သေချာတာကတော့ လက်ခုတ်သံသည် ကျွန်မကိုယ်ကျွန်မ ယုံကြည်စေဖို့
နှင့်လုပ်လက်စ အလုပ်ကို ပို၍ လုပ်ချင်စိတ်ပေါ်လာ စေဖို့အတွက် တွန်းအားတစ်ခုဖြစ်စေခဲ့သည်။
လက်ခုတ်သံသည် ကျွန်မရဲ့ မ၀ံ့မရဲ စိတ်နှင့်သိမ်ငယ်စိတ်များကို ဖုန်ခါရှင်းလင်း ပေးနိုင်ခဲ့၏။ လက်ခုတ်သံသည် သံလိုက်တုံးတစ်တုံးလို
ကျွန်မ ကို ဆွဲယူခေါ်ငင်စေနိုင်ခဲ့သည်။ “ရပ်နိုင်ပေ့..ရပ်နိုင်ပေ့”
လို့ မေတ္တာဖြင့်တီးပေးသော မိသားစုရဲ့လက်ခုတ်သံများ ကြားမှနေ၍ ကျွန်မသည် ခြေစုံရပ်နိုင်ခဲ့ရသည်။
ထိုမှတစ်ဆင့် တစ်လှမ်း နှစ်လှမ်း သုံးလှမ်း ခြေလှမ်းတို့ကို စတင်ကာ ကျွန်မလှမ်းနိုင်ခဲ့
သည်ပဲ။ လက်ခုတ်သံ..ထိုလက်ခုတ်သံသည် ပျော်ရွှင်ဖွယ်ကောင်းလှသည်။ သာယာဖွယ်ကောင်းလှသည်။
ကျေနပ်ချင်စဖွယ် ကောင်းလှသည်။ မိသားစု၏ လက်ခုတ်သံသည် ကျွန်မ မသိသော သူစိမ်း ကမ္ဘာလောကထဲသို့
တိုးဝင်နိုင်စေဖို့အတွက် ကျွန်မကို ယုံကြည်ရဲရင့်စေခဲ့သည်။ သို့သော် လူ့လောကထဲသို့
ဝင်ရောက်လာသည်နှင့်အမျှ ကျွန်မပေါ်သို့ အေးမြကျဲပါးစွာ ကျလာတတ်သော မိသားစုလက်ခုတ်သံမှိန်မှိန်ကလေးနေရာတွင်
ဟိုမှဒီမှာ ကျလာတတ်သော လက်ခုတ်သံရောင်စုံတို့က အစားဝင်လာခဲ့သည်။ ကျွန်မ အရွယ်ကြီးလာသည်နှင့်အမျှ ကျွန်မရသော လက်ခုတ်သံတို့က
ပို၍ အရောင်တောက်လာ၊ အရောင်စုံလာ၊ အရောင်စိုလာ ခဲ့သည်။ ကျောင်းကပွဲမှာ..၊ ဆုပေးပွဲများမှာ..၊
ဘ၀ပြေးလမ်းမှာ..မကြာမကြာ ရလာသော လက်ခုတ်သံတို့ထဲတွင် အ၀ါရောင်လက်ခုတ်သံ၊ အပြာရောင်လက်ခုတ်သံ၊
ညိုညစ်ညစ်လက်ခုတ်သံ တို့ဖြင့် လက်ခုတ်သံ တို့ အရောင်စုံပါသည်။ သို့သော် အဖြူရောင်လက်ခုတ်သံကိုကား
ကျွန်မသည် ရှာမရနိုင်လောက်အောင် ပျောက်ဆုံးလာခဲ့ရ၏။
ထိုအခါ..
ကျွန်မသည် လက်ခုတ်သံတို့ အကြောင်းကို ခွဲခြမ်းစိတ်ဖြာ လာမိတော့သည်။ လူအချင်းချင်း ဆက်ဆံရသော
လူမှုရေးကွန်ယက်ထဲ၌ သူက အဓိပါယ်အမျိုးမျိုးတို့ဖြင့် အသုံးဝင်နေခဲ့၏။ လူအချင်းချင်း
ဆက်ဆံရေး ကောင်းမွန် စေရန်အတွက် တံတားသဖွယ် သူ့ကို ခင်းကျင်း၍ ရသလို၊ တစ်စုံတစ်ရာကို မြှားယူနိုင်ဖို့ အတွက် သူ့ကို အစာအဖြစ်
ချိတ်ဆွဲလို့ ရနေပြန်ပါသည်။ လက်ခုတ်သံသည် ငယ်ငယ်က ကျွန်မ ထင်ထားသလို ယုံကြည်မှုနဲ့
ကြည်နူးမှု တစ်ခုတည်း အတွက်မဟုတ်တော့ဘဲ အဓိပါယ်
ပေါင်းများစွာဖြင့် အနက်ဖွင့်ဆိုကာ အသံမြည်ဟည်းလာခဲ့သည်။ ထိုသော အခါ..ကျွန်မသည် သူ့ကို တစ်စ တစ်စ ကြောက်လာခဲ့တော့သည်။
မည်းညစ်ညိုပုတ်သောစိတ်တို့ ဖြင့်တီးလိုက်ချီးကျူးလိုက်သော
မစ္ဆေရိယစိတ်သင်း နေသည့် လက်ခုတ်သံများကို ကျွန်မကြောက်သည်။ တလိမ့်လိမ့်နှင့်လိမ့် ဆင်းသွားစေဖို့ အတွက် ညာသံပေးသလို တီးလိုက်သောလက်ခုတ်သံတို့ကို
ကျွန်မကြောက်သည်။ တစ်စုံတစ်ခုကို ရယူလိုစိတ်ဖြင့် တီပေးတတ်သော အရောင်းအ၀ယ်ဆန်ဆန် လက်ခုတ်သံများကို
ကျွန်မကြောက်သည်။ ကျွန်မအကြောက်ဆုံး လက်ခုတ်သံကတော့ ကိုယ်တစ်နေရာ ရရေးအတွက် လူတို့ကို
နင်းခြေလိမ်လည်ရက်သော လက်ခုတ်သံများပင်။ ထိုအခါ ကျွန်မသည် လက်ခုတ်သံတို့ကို တစ်စ တစ်စ
အယုံကြည်နည်း လာရတော့ သည်။
ကျွန်မအယုံကြည်နည်းလှသော
လက်ခုတ်သံ အတုတို့က အစစ်ထက်ပင် အသံပို၍ မြည်ဟိန်းနေ
သေးသည်။ လက်ခုတ်သံအတု ပျိုးပျိုးပြက်ပြက်အောက်မှာ
လူအချင်းချင်းတို့ ပို၍ ခင်မင်စည်းလုံးနိုင်စေခဲ့သည်တဲ့။ လက်ခုတ်သံအတုတို့ကို နည်းမျိုးစုံဖြင့်
လိုက်လံရှာဖွေစုဆောင်းသော လူတို့ကို ကျွန်မ အနီးနားဝန်းကျင်မှာ ဟိုမှာ ဒီမှာ ခပ်စိတ်စိတ်တွေ့လာရပြန်သည်။
ထိုအခါ ကျွန်မသည် လက်ခုတ်သံများကို ကြားတိုင်းကြုံတိုင်း
သံသယစိတ်တစ်ဝက်နဲ့ ခွဲခြမ်းအဖြေရှာသူ ဖြစ်လာရတော့၏။ ကျွန်မမယုံသော
လက်ခုတ်သံသည် လှေကားထစ်လို အပေါ်ကိုတတ်လှမ်းစေနိုင်ဖို့ အတွက် အစွမ်းရှိနေပြန်ပါသည်။
ထိုသို့ဖြင့် လူတို့သည်လက်ခုတ်သံရဖို့ လိမ်လည်ကြတော့ သည်။ လက်ခုတ်သံရဖို့ ရိုင်းစိုင်းကြတော့
သည်။ လက်ခုတ်သံရဖို့ အမှန်တရားကို ကျောခိုင်းကြတော့
သည်။
လက်ခုတ်သံ ရဖို့ အီ ကို ကျွဲ ဖတ်ကြတော့ သည်။
လက်ခုတ်သံ ကို လိုသလိုတီးတတ်သူတို့၏ ထုံးလိုချေ ရေလိုနှောက်ခဲ့
မှုများကြောင့် ကျွန်မတို့၏ သမိုင်းသည် သွေးစွန်းခဲ့ရသည်။ တစ်ဦးတစ်ယောက်တည်းသာ အာဏာတည်သော သက်ဦးဆံပိုင်ဘုရင် စနစ်တုံးက ထက်ခဲ့သော လက်ခုတ်သြဇာသည် ခေတ်အမျိုးမျိုးတွင်ပုံစံအမျိုးမျိုး တို့
ဖြင့် တန်ခိုးထက် တုံး ရှိနေ ပါသေးသည်။ လက်ခုတ်ကို နာနာတီးတတ်သောကြောင့်
အရှင်မွေးနေ့ချင်းကြီးသူများက သက်ဦးဆံပိုင်ခေတ်တွင်မကဘဲ ခေတ်တိုင်းမှာ ပါ ရှိလာကြသည့်အခါ…လက်ခုတ်မတီးတတ်သူတစ်ချို့၏
မဲဇာသည်လည်း ဒွန်တွဲကာ ကပ်ပါ လာရတော့သည်။
တကယ်တော့ဖြင့်
လက်ခုတ်သံအတု တို့၏ ပျိုးပျက်မှုများ သည် ကိုယ့်ကိုယ်ကို
မမြင်နိုင်အောင် ဖုံးကွယ်နိုင်စွမ်းရှိကြ သည်။ ထိုသို့ ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ခြင်းများ
ကြောင့်ပဲ ကျွန်မတို့ တိုင်းပြည်သည် သူ့ကျွန်ဘ၀ သို့ ကျရောက်ခဲ့ရဖူးပါပြီ။ ကိုယ့်ကိုယ်ကိုယ်
မမြင်နိုင်ခြင်းများကြောင့်ပဲ ကျွန်မတို့သည် ကျွန်မတို့ကို ကျော်ဖြတ်သွားကြသော ခေတ်တွေကို
ငေးကာ ငေးကာ ကျန်ရစ်ခဲ့ရပြီ။ သို့သော် လက်ခုတ်သံအတုတို့ကို ရောင်းကာဝယ်ကာဖြင့်ပင်
ကျွန်မတို့သည် ကိုယ့်ကိုယ်ကိုယ်လိမ်ညာဖို့ ကြိုးစားနေဆဲရှိသေးသည်။
လက်ခုတ်သံ
သည် လူတို့ကို ပြု စားနိုင်စွမ်းရှိနေခဲ့ပါသည်။ လူတို့ကို အစွမ်းထက်သောမူးယစ်ဆေးဝါးလိုမျိုး
မိန်းမော စေနိုင်ခဲ့၏။ သို့နှင့်ပင် လူတို့သည် လက်ခုတ်သံကို လောဘတကြီး စုဆောင်းကြတော့သည်။ ထောက်ခံမှု (လက်ခုတ်သံ)ကို ရဖို့ ပိုက်ဆံငွေကြေးဖြင့် ၀ယ်ယူ ကြသည်။ ခင်မင်မှုဖြင့်
ဝယ်ယူကြသည်။ လက်ခုတ်သံကို နေရာအခင်းကျင်း ဖြင့်လည်း ၀ယ်ယူကြသည်။ လက်ခုတ်သံကို ချောက်လှန့်မှုဖြင့်
ဝယ်ယူကြသလို၊ လက်ခုတ်သံကို အနာဂါတ် ဂတိ စကား များဖြင့်လည်း ၀ယ်ယူကြပါသည်။ ကြောက်၍ တီးသောလက်ခုတ်သံ၊
ယုံ၍ တီးသောလက်ခုတ်သံ၊ ခင်မင် ၍ တီးသော လက်ခုတ်သံ၊ နေရာလိုချင် ၍တီးသော လက်ခုတ်သံ၊
အနာဂါတ်ကို မျှော်လင့်ယုံကြည့် ၍ တီးသောလက်ခုတ်သံတို့ဖြင့် လက်ခုတ်သံတို့သည် အမှန်တရားကို
ကျော်လွန်မျက်ကွယ် ပြု လာ ကြတော့ သည်။ လက်ခုတ်တီး သောသူနှင့် လက်ခုတ်သံဝယ်သော သူတို့
အပေးယူမျှတ ၍လာကာ လောက ကို ညစ်ထေးစေတော့သည်။ အမှန်တရားကို မျက်ကွယ်ပြုလာခဲ့တော့သည်။
လက်ခုတ်သံအတု ယဉ်ကျေးမှုတို့ တွင်တွင်ကျယ်ကျယ်ထွန်းကား ၍လာကာ လောက ကို ဆုတ်ယုတ်စေတော့သည်။
ရောရောယောင်ယောင်တီးကြသော
လက်ခုတ်သံများထဲမှာ လက်ခုတ်သံစစ်စစ်များဘယ်နှစ်ရာ ခိုင်နှုန်းလောက်ပါမည်လဲ ဟု ကျွန်မဆန်းစစ်ချင်ပါသည်။
ကြည်ညို၍ တီးသောလက်ခုတ်သံ၊ သဘောကျ နှစ်ခြိုက်၍ တီးသောလက်ခုတ်သံ၊ တကယ်နားလည်လက်ခံနိုင်၍
တီးလိုက်သောလက်ခုတ်သံ၊ မုဒိတာ စိတ်၊ မေတ္တာစိတ်များဖြင့် တီးလိုက်သောလက်ခုတ်သံ ထိုလက်ခုတ်သံ
စစ်စစ်များဖြင့် သာ ကျွန်မလောက ကိုသာယာစေချင်သည်။ မှန်ရာကို မလိမ်မညာတမ်းလုပ်၍ နောက်က
အလိုလိုလိုက်လာသော လက်ခုတ်သံများဖြင့် သာ နိုင်ငံကို ကမ္ဘာကို လောက ကိုတည်ဆောက်စေချင်သည်။
လက်ခုတ်သံတို့ တဖြောင်းဖြောင်း မည်အောင် မကြားရသော်လည်းပဲ သိက္ခာရှိသောလက်ခုတ်သံတို့ဖြင့်သာ
ကိုယ့်သမိုင်းကိုယ် သန့်စင်ဖို့ ကြိုးစားချင်ပါသည်။
လက်ခုတ်သံသည်
မိုးစက်မှုန်စနုနုလေးများလို ကျွန်မကိုယ်ပေါ်သို့ တဖွဲဖွဲရွာနေသည်လား။ ကျွန်မကျေနပ်ကြည်နူးစွာ
ခေါင်းမော့၍ ခံယူပါမည်။ မုန်တိုင်းလိုသည်းထန်တတ်သော လက်ခုတ်သံမိုးပေါက် များ နှင့်ဝေးရာသို့
ကျွန်မ ထွက်ပြေးနိုင်ပါမည် တဲ့လား။ နိုင်ငံကို၊ကမ္ဘာကို၊လူတို့ကို ဖျက်စီးစေနိုင်သော မုန်တိုင်းလို
လက်ခုတ်သံများအောက်မှာ ကျွန်မတို့၏ မျှော်လင့်ချက်များ တစ်စဆီ မပျက်ဆီးစေဖို့ ကျွန်မ
တို့ ကာကွယ်ရပါဦးမယ်။
(ရွှေအမြုတေ
မဂ္ဂဇင်း၊ မတ်လ၊ ၂ဝ၁၃ )
2 comments:
သိပ်ကိုနှစ်သက်မိတဲ့ အက်ဆေးကောင်းတစ်ပုဒ်။ အမရေ နောက်ထပ် အက်ဆေးကောင်းတွေလည်း ဖတ်ချင်ပါသေးတယ်။
ချစ်ခင်စွာဖြင့်
ဂျွန်မိုး
လက်ခုတ်သံတွေနဲ့ ယဉ်ပါးရင်း လက်ခုတ်သံတွေ သာယာတတ်တဲ့ အလေ့ရလာကြတာ...။
လက်ခုတ်သံတွေကြောင့်ပဲ စိတ်တွေ မြင့်မားလာရသလို၊ လက်ခုတ်သံတွေကြောင့်ပဲ စိတ်တွေ ညှိုးနွမ်းရပြန်တယ်။
လက်ခုတ်သံတွေကို စီစစ်နိုင်တဲ့ စိတ်ခွန်အားတွေ ရှိဖို့လိုမယ်ထင်ပါရဲ့။ နှစ်သက်လွန်းတဲ့အက်ဆေးလေးမို့
မဂ္ဂဇင်းမှာတစ်ခါ၊ ဘလော့မှာတစ်ခါ
နှစ်ခါပြန်ဖတ်သွားပါတယ်..။
Post a Comment