Wednesday, November 14, 2012

နယ်ခြားမျဉ်း







ယဉ်ကျေးခြင်း ဆိုသော စကား အဓိပ္ပာယ်ကို မသိတတ်သေးခင် အချိန် ကတည်းကပင် ကျွန်မသည် အဘွား၏ တဟဲ့ဟဲ့ အသံများ အောက်မှ ကြီးပြင်း လာခဲ့ရသူ ဖြစ်သည်။
စကားပြောလျှင် တိုးတိတ် ညင်သာစွာ ပြောတတ်ပြီး လမ်းလျှောက်သည့် အခါ ကြောင်ကလေးများ လျှောက်သလို ဘယ်အခါမှ အသံ မမြည်တတ်သော ကျွန်မမှာ ဆွေမျိုးစု အကြား၌ နာမည် ကျော်ခဲ့ဖူးသည်။

သို့သော် ကျွန်မ၏ သိမ်မွေ့မှုတို့သည် ရွယ်တူ အသိုင်းအ၀ိုင်းများ ကြား၌မူ အနည်းငယ် ထူးဆန်းစရာ ဖြစ်ခဲ့ပါသည်။ စာဆိုသည့် အခါ အသံ မထွက်သော ကျွန်မကို ဆရာမက စိတ်မရှည်ချင်သလို လှေကားပေါ်မှ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ပြေးတက်၊ ပြေးဆင်းကြသော သူငယ်ချင်း တစ်စုတို့ကြားထဲတွင် ကျွန်မက ထီးထီးကျန် နေတတ်ခဲ့၏။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောကြသော ရယ်သံ စင်စင်များကြားထဲ၌ ကျွန်မ၏ အပြုံးသည် ဖျော့မှိန်လေးလံ လွန်းလှ၏။ ထိုအခါ  ကျွန်မသည် ကျွန်မ၏ ယဉ်ကျေးခြင်းကို သံသယ ၀င်ချင်လာခဲ့ပါသည်။

တဟားဟား အော်ရယ်တတ်သော ကျွန်မ သူငယ်ချင်းများကို အဘွားက မျက်မှောင်တွန့် ချိုး၍ ကြည့်သော်လည်း သူတို့ ရယ်သံ ပွင့်ပွင့်သည် ကျွန်မနားထဲ၌ နားထောင် ကောင်းနေတတ်သည်။ ဤသည်ကို ခေတ်ကာလ ကွာခြားမှုဟုပင် ခေါ်သည် လား။ ယဉ်ကျေးခြင်း အပေါ်ထားသော စံတို့ သွေဖည် ခဲ့ရသည်တော့ သေချာပါသည်။ သွေဖည် တိမ်းစောင်းသော စံတို့ အကြားဝယ် ယဉ်ကျေးမှု အသစ်တို့သည် ဖျတ်ခနဲ ဖျတ်ခနဲ ဆိုသလို ပွင့်လင်း လာရပြန်သည်။ ထိုအခါ မတူသော ယဉ်ကျေးမှု အဟောင်းနှင့် ယဉ်ကျေးမှု အသစ်တို့ တွန်းတိုက် ငြူစူကြရတော့သည်။

ယဉ်ကျေးဖွယ်ရာ ဆိုသည်မှာ အမှန်တော့ဖြင့် လူ့အသိုင်းအ၀ိုင်း တစ်ခုက သတ်မှတ်သော“စံ” တစ်ခုသာ။ လူအချင်းချင်း ဆက်ဆံရသော အခါ၌ အဆင်ပြေစွာ စိတ်သက်သာ ပျော်ရွှင်စေနိုင်ဖို့ လိုက်သင့်သော စည်းကမ်း များသာပင်။ သို့သော် ထိုစည်းကမ်းများသည် လူမျိုး တစ်မျိုး၏ အမှတ်အသား အဖြစ်သို့ ပြောင်းလဲ လာခဲ့၏။ ယဉ်ကျေးဖွယ်ရာသည် ကျွန်မတို့ဆီသို့ လှိုင်းတံ ပိုးများလို ရိုက်ခတ်ယူငင်လာခဲ့၏။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး မတူညီလှသော ယဉ်ကျေးဖွယ်ရာများကို မြင်တိုင်း ကျွန်မတို့ အံ့သြမိရမြဲ။ အနောက် ကမ္ဘာက ယဉ်ကျေးမှု  “ကျေးဇူးပြု၍” နှင့် “ကျေးဇူးတင်ပါ တယ်”ကို အလေ့ကျင့် လုပ်ကာပြောရတိုင်း ကျွန်မ ရယ်ချင်တတ်ခဲ့၏။

လက်ဆောင် ပစ္စည်းတစ်ခု ပေးတိုင်း ပေးသူရှေ့တွင်ပင် ဖောက်ကြည့်ရသော သူတို့ ယဉ်ကျေးမှုကရော။ ယဉ်ကျေးမှု တစ်ခုနှင့် တစ်ခု အကျွမ်းတ၀င် ဖြစ်စေဖို့ အချိန် ကာလ တစ်ခုတော့ လိုမည် ထင်ပါသည်။ ကျွန်မ အထင်တော့ဖြင့် ယဉ်ကျေးမှုသည် နိုင်ငံ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ အရေးကြီးသော အလံ ဖြစ်သည်။ အထိမ်းအမှတ်လည်း ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်အသားလည်း ဖြစ်သည်။ လူမျိုး တစ်မျိုးတွင် မထိရသော နေရာကလေးတွေ ရှိသည်။ ထိုမထိရသော နေရာကို ထိမိရင်ဖြင့် မီးဟုန်းဟုန်း တောက်ရတော့၏။ ယဉ်ကျေးမှုလောင် စာသည် မီးလောင် လွယ်လွန်းသည်။

ဂျပန်ခေတ်မှာ ဂျပန်တို့ကို မြန်မာတို့ မုန်းရသော အကြောင်းထဲတွင်   မြန်မာတို့ အလေးအမြတ် ထားသော “ပါး”ကို ရိုက်ခြင်းသည် အဓိက အကြောင်းထဲတွင် ပါဝင်သည်။ အင်္ဂလိပ်တို့ ဖိနပ် မချွတ်သောကိစ္စ ဆိုသည်ကရော။ ထိုအရာများမှာ အားကောင်းသော လောင်စာ ဖြစ်ခဲ့ရသည်။ အင်္ဂလိပ်တို့ ဖိနပ်စီးခြင်းနှင့် ဂျပန်တို့ ပါးရိုက်ခြင်း ကိစ္စမှာ သူတို့လူမျိုး၊ သူတို့ ယဉ်ကျေးမှုမှာဖြင့် လုပ်ရိုး လုပ်စဉ်သာ။ သို့သော် မြန်မာ့ ယဉ်ကျေးမှုမှာဖြင့် အင်မတန် ရုန့်ရင်း ရိုင်းစိုင်းဖွယ်ရာ ဖြစ်ခဲ့ရ၏။ မတူသော နှုန်းစံတို့ အကြားတွင် ဖြစ်ပေါ်လာသော ပဋိပက္ခများက မဆုံးနိုင်အောင် များလှပါသည်။

နိုင်ငံ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုးတွင် သာမက တစ်ဦးချင်းစီတွင်ပင် မတူညီသော ကိုယ်ပိုင် ယဉ်ကျေးမှု ကလေးတွေ ရှိကြ၏။ ကိုယ့်စံကလေးနဲ့ကိုယ် အလံစိုက်ကာ တလူလူ လွှင့်ရင်း နေထိုင်ခြင်းသည်ပင် လူမှု ဘ၀လား။ မတူသော ယဉ်ကျေးမှုတို့ အပေါ်၌ ကျွန်မတို့ လေးမြတ်ဖူးပါသလားဟု စဉ်းစားမိတိုင်း ရှက်ရွံ့စိတ်က ခေါင်းထောင် ထလာသည်။

ကျွန်မတို့သည် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်အလံ ထူနိုင်အောင် ကြိုးစားရင်း သူများ ယဉ်ကျေးမှု အပေါ်၌ ပြက် ရယ်ပြုချင်တတ်ခဲ့၏။ ဒါသည်ပင် ယဉ်ကျေးသော လူမျိုးတဲ့လား။ သိမ်မွေ့ ယဉ်ကျေးစွာ အချင်းချင်း ပြောဆိုရင်းကပင် စိတ်အတွင်းမှာ ပြောင်လှောင် နေခဲ့ ကြသည်။

စိတ်အတွင်းမှ ဆင်းရဲစေလိုခြင်း၊ အထင်သေးခြင်း၊ လှည့်ပတ်လိုခြင်းများ ဖြင့်အတိပြီးကာ ကျွန်မတို့ ယဉ်ကျေးကြ ရသည်လား။ ရိုင်းစိုင်းမှု၊ ယုတ်မာမှု  တို့ကို ဖုံးကွယ် သိုဝှက်စေရန် အတွက်   ယဉ်ကျေးမှုသည် မျက်နှာဖုံးသာသာ ဆိုရင်ဖြင့် ကျွန်မသည် ထိုယဉ်ကျေးဖွယ်ရာများကို မတပ်ဆင်လိုပါ။ ပကတိ မျက်နှာဖြင့်သာ လောကကို ရဲရဲရင်ဆိုင် ချင်သည်။ ထိုအခါ ရိုင်းစိုင်းသူ အဖြစ် ယဉ်ကျေးသော ကမ္ဘာက သတ်မှတ်ကြမည် ထင်ပါသည်။

ဟန်မဆောင်တတ်ခြင်း၊ အမှန် တရားကို ရဲရဲ ရင်ဆိုင်ဝံ့ခြင်း၊ မကြောက်ရွံ့ခြင်း၊ စာနာတတ်ခြင်း ဆိုသော တရားများ ပြည့်လွှမ်းသော ယဉ်ကျေးမှုတို့ ကမ္ဘာမှာ ပေါ်ထွန်း နိုင်မည်လား။ ကျွန်မ စိတ်ကူး ယဉ်ချင်ပါသည်။ ကလေး ကမ္ဘာတွင်သာ တွေ့ရတတ်သော ထိုယဉ်ကျေးမှုသည် လူကြီး ကမ္ဘာသို့ ရောက်သောအခါ မေ့ကျန် ပျောက်ရှခဲ့ရ၏။ ယဉ်ကျေးဖွယ်ရာ များကို အထူးတလည် သင်ယူ လိုက်နာရင်းကပင် တကယ့်စိတ်  ယဉ်ကျေးမှုတို့ မေ့လျော့ ပါးလျခဲ့ရသည်။

ယဉ်ကျေးခြင်းသည် လူမျိုး တစ်မျိုး၏ အမှတ်အသား၊ ယဉ်ကျေးမှုသည် လူမျိုး တစ်မျိုး၏ အဆင့်အတန်း ဆိုလျှင် ကျွန်မသည် ကလေးကမ္ဘာနှင့် လူကြီး ကမ္ဘာ နယ်ခြားမျဉ်းတွင် မေ့ကျန် ရစ်ခဲ့ သော အပိုင်းအစများကို ကောက်ယူ တပ်ဆင်ချင်ပါသည်။ ထိုအခါ လောကသည် ပို၍သာ ယာလာမည်လား။

လတ်ဆတ် သာယာသော ကောင်းကင်အောက်တွင် သံသယ ကင်းစင်စွာဖြင့် နောက်ကျော လုံလုံသွားဝံ့သော ခြေလှမ်းတို့ဖြင့် ကျွန်မ သာယာချင်ပါသည်။ လူတို့၏ ပြောင်လှောင်ရယ်မော ခြင်း ကင်းစင်သော မျက်လုံး ကြည်စင်စင်များကို ငေးကာ အချင်းချင်း လေးစား ချင်ပါသည်။

ကြောက်ရွံ့ခြင်း ကင်းမဲ့၍ လုံခြုံစွာ ထိုကမ္ဘာကို ကျွန်မ ချစ်ချင်ပါသည်။ အချင်းချင်း ဆုံတွေ့ကြရ ပြုံးရယ် နှုတ်မဆက် ဖြစ်သည့်တိုင် နွေးထွေးသော အကြည့် တစ်ချက်နဲ့တင် ထိုကမ္ဘာသည်   ပြည့်စုံ လုံလောက်နိုင်ပါသည်။ ထိုကမ္ဘာ၌ ဟန်ဆောင်ခြင်းတို့ မရှိ သဖြင့် အရိုင်းကမ္ဘာဟု ဆိုမည်လား။ ယဉ်ကျေးလှသော အရိုင်း ကမ္ဘာထဲတွင် လူသားတို့ နေနိုင်ကြမည် ဆိုလျှင်...။ နယ်ခြားမျဉ်း မလိုသော ယဉ်ကျေးခြင်း များဖြင့် ကျွန်မတို့ အချင်းချင်း လေးစား  နိုင်လိမ့်မည် ထင်သည်။ ထိုသို့သော ယဉ်ကျေးခြင်းကို သာ ကမ္ဘာ့အလံ အဖြစ် ကျွန်မတို့ လွှင့်ထူ စိုက်နိုင်ခဲ့မည် ဆိုလျှင်...။ ထိုအလံကို ကျွန်မ ဦးခေါင်းတို့ သွေးခြင်းခြင်း နီနေသည့်တိုင် ကျွန်မ ဦးညွှတ်ချင်ပါသည်။ အလေးပြု ချင်ပါသည်။         

ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)



Monday, November 12, 2012

လေနှင့်အတူ







ဟိုတစ်နေ့က တယ်လီဖုန်းနှင့် လိပ်စာ မှတ်ထားသော စာအုပ်အဟောင်းလေးကို စာအုပ်အဟောင်းလေးတွေ ရှင်းရင်း ပြန်တွေ့ခဲ့သည်။ စာအုပ်ကလေးက တော်တော်ပင် ဟောင်းနေပြီ။ အဖုံးပင် မရှိတော့။ စာရွက်သားများ ၀ါကျင့်ကာ နွမ်းရော်၍ နေလေပြီ။ ကျွန်မသည် ရုတ်တရက် မထင်မှတ်ဘဲ လမ်းမှာ မိတ်ဆွေဟောင်း တစ်ဦးကို ပြန်တွေ့လိုက် ရသလိုမျိုး ထိုစာအုပ် ကလေးကို တွေ့မိသည့် အချိန်မှာ မှင်သက် သွားတော့၏။ နွမ်းရော် အိုမင်း သွားလိုက်တာ။ ကျွန်မပင် မှတ်မိစရာ မရှိလောက်အောင် ထိုစာအုပ် ကလေးသည် ပြောင်းလဲ ရင့်ရော် နေခဲ့သည်။ ကျွန်မ သူ့ကို မေ့ပင်မေ့နေခဲ့ပြီပဲ။ သူရှိနေမှန်း၊ ရှိနေသေးမှန်းပင် သတိမထားမိ လောက်အောင် ကျွန်မ မေ့လျော့နေခဲ့၏။ အဖုံး မရှိတော့သော ထိုစာအုပ်ကလေးသည် တစ်ချိန်က ကျွန်မ အတွက် သိပ်ကိုမှ အရေးကြီးသော စာအုပ်ကလေးမှန်း သတိရမိသော အခါ ကျွန်မ သူ့ကို အားနာသွား မိသည်။ ကျွန်မသည် ထိုစာအုပ်ကလေးကို ယုယစွာပင် ဖုန်ခါရင်း ၀ါကျင်ကျင် ကျွန်မ လက်ရေးဟောင်းတွေကို ငေးစိုက်ကြည့်နေခဲ့၏။ တကယ်တော့ ထိုစာအုပ် ကလေးသည် ကျွန်မ၏ ပထမဆုံး စာအုပ်ကလေး ဖြစ်သည်။ အဖုံးက အနက်ရောင် ထင်သည်။ ကျွန်မ သိပ်ပင် မမှတ်မိတော့။ ဆယ်တန်းဖြေအပြီး သင်တန်းမျိုးစုံ တက်သည့် အချိန်က စာအုပ်ကလေး။ ထို့ထက် အရင်ကတော့ ကျွန်မဆီမှာ တယ်လီဖုန်း စာအုပ်ရယ်လို့ မည်မည်ရရ မရှိ။ အော်တို စာအုပ်ထဲတွင်သာ သူငယ်ချင်းတို့၏ အမှတ်တရ စကားများနှင့် လိပ်စာများသာ ရှိခဲ့၏။ တယ်လီဖုန်း စာအုပ်ကလေးသည် ထိုစဉ်က ကျွန်မအတွက် သိပ်ကိုမှ အသုံးဝင် ခဲ့ပါသည်။ထိုတယ်လီဖုန်း စာအုပ်ကလေးသည် ကျွန်မ၏ စာပေဘ၀ ပထမ ကာလများ၏ အမှတ်တရလည်း ဖြစ်ခဲ့သည်။

တယ်လီဖုန်း စာအုပ်ကလေးကို ဟိုဟို ဒီဒီ လျှောက်လှန်ကြည့်တော့ မဂ္ဂဇင်း လိပ်စာများကို တွေ့ရ၏။ ဟန်သစ်၊ သရဖူ၊ ရုပ်ရှင်စတား၊ မဟေသီ၊ ချယ်ရီ၊ ရွှေဝတ်ရည်၊ မြားနတ်မောင် စသဖြင့် မဂ္ဂဇင်း လိပ်စာများက ကျွန်မကို ပြုံးကြည့်နေခဲ့သည်။ သစ်ပင်မှ သစ်ရွက် တို့သည် စိမ်းစို နုသစ်၍ နေကြသော်လည်း လွန်ခဲ့သော နှစ်များဆီမှ သစ်ရွက် တို့မဟုတ်တော့သလို မဂ္ဂဇင်းတို့ သည်လည်း လိပ်စာပြောင်း၊ တင်ဆက်ပုံပြောင်း၊ အယ်ဒီတာတို့လည်း ပြောင်းကုန်ကြပြီ။ ကျွန်မသည် ဆက်သွယ်၍ မရနိုင်တော့သော ဖုန်းနံပါတ် အဟောင်းများနှင့် လိပ်စာ အဟောင်းများကို ငေးကြည့်နေခဲ့သည်။ ထိုဖုန်း စာအုပ်ထဲတွင် စာပေ သူငယ်ချင်းများ၏ ဖုန်းနံပါတ်များ လည်းပါသည်။ သူတို့ လိပ်စာနှင့် ဖုန်းနံပါတ်တို့သည်လည်း ဟောင်းနွမ်းသော လိပ်စာ ဟောင်းများသာ။ ကျွန်မသည် လိပ်စာဟောင်းတွေထဲက မိတ်ဆွေဟောင်း တချို့ကို ပြန်ရှာ နေမိသည်။

တစ်ယောက် တလေများ ကျွန်မ ဆက်သွယ်လို့ ရနိုင်မည့် လိပ်စာ ဟောင်းတွေထဲ နေထိုင်နေမည်လားဟု မျှော်လင့်မိပြန်သည်။
ဘ၀ အမောအကြမ်းများ ကြားမှာ မနစ်အောင် ရုန်းရင်း ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် မေ့လျော့နေခဲ့ ကြ၏။ မေ့လျော့နေသော လိပ်စာများထဲမှ သူငယ်ချင်း တစ်ဦး တလေလောက် ကိုတော့ ကျွန်မ ပြန်၍ ဆက်သွယ်ချင်ပါသည်။ လန့်ထိတ် အံ့သြကာ ၀မ်းသာရင်း ငယ်နုသော ကာလများဆီသို့ ကျွန်မ ပြန်၍ သွားချင်မိသည်။ ဖုန်တက်၍ နေသော ပျော်ရွှင်မှုတို့ကို သန့်စင် ရှင်းလင်းကာ ကျွန်မ ရင်ခုန်ချင်သည်။ ကျွန်မသည် ထိုအတွေးဖြင့် နုသစ် ပျော်ရွှင်လာကာ လိပ်စာနှင့် ဖုန်းနံပါတ် များကို ကသောကမျော ကြည့်မိ၏။

ဝင်းဝင်းဆွေ၊ လင်းလင်းသန့်၊ နုနုအေး၊ ဆွေဇင်ညွန့်၊ မြမြခင်၊ နှင်းနှင်း အေး၊ အို ကျွန်မ၏ များလှစွာသော သူငယ်ချင်းများ။ လူ့ဘ၀၏ မတည်မြဲ ခြင်းများတွင် နေရာဌာန၏ မတည်မြဲခြင်းက ပို၍ မြဲမြံသည်လား။ ကျွန်မ၏ သူငယ်ချင်း တော်တော် များများသည် လိပ်စာဟောင်းများတွင် မရှိကြတော့ဘဲ လိပ်စာသစ်များ နှစ်ခုသုံးခုမက ပြောင်း ၍နေကြကုန်ပြီ။ ဂျစ်ပစီတွေလိုမျိုး ဘ၀တွေက ရေကြည်ရာမြက်နုရာဆီ တရွတ်တိုက် မျောပါရင်း ဆယ်စုနှစ်တာ ကာလကို အမှတ် မထင် ကျော်ဖြတ်ခဲ့ရ၏။ အမှတ်မထင် ကျော်ဖြတ်ရင်းကပင် သူငယ်ချင်း မိတ်ဆွေ အဆင့်က လျှောကျ ပျောက်ဆုံးခဲ့ရ သူတွေကိုလည်း တွေ့ရ ပြန်သည်။ ရေပွက် တစ်ပွက်စာပင် မရှိသော ခင်မင်မှု သက်တမ်းများ အကြောင်း ကျွန်မ ပြန်၍ မစဉ်းစားချင်တော့။ အချိန်ကာလ တစ်ခုပင် မခံအောင် ပါးလျ ကျုံ့ဝင်နေသော သစ္စာတရားတို့၏ သက်တမ်း တိုတောင်းမှုကို ကျွန်မ အံ့သြ ရပြန်သည်။

အဟောင်း၊ အဟောင်းသော လိပ်စာဟောင်းတို့နှင့် အတူ မိတ်ဆွေ ဟောင်းတို့သည် ကျွန်မ၏ လက်ရှိဘ၀ ထဲမှ လွင့်စင်ကာ အသစ်၊ အသစ်သော လိပ်စာသစ်များနှင့် မိတ်ဆွေသစ်တို့သာ တိုးပွားလာခဲ့၏။ အံ့သြစရာပါပဲ။ ထို လိပ်စာဟောင်းများကြားမှ ကျွန်မဘယ် လိုမှ စဉ်းစား၍မရတော့သော နာမည် နှစ်ခု၊ သုံးခုကို တွေ့မိပြန်သည်။

ထိုနာမည်မျိုးနှင့် လူကို ဘယ်လိုမှ ကျွန်မပြန်၍ ပုံဖော်မရတော့။ ကျွန်မ မှတ်ဥာဏ်တွေ ဒီလောက်တောင် ချွတ်ယွင်း သွားပြီတဲ့လား။ သုံးဆယ်ဆိုသော အသက်သည် မှတ်ဥာဏ် ချွတ်ယွင်းရ လောက်အောင် အထိ မကြီးရင့်သေးဘူးဟု ကျွန်မ ထင်ပါသည်။ ကွန်ပျူတာ တက်တုန်းက ဒါမှမဟုတ် အင်္ဂလိပ်စာ သင်တန်း တက်စဉ်က ကျွန်မ ခင်ခဲ့သော တစ်ယောက်ယောက်များလား။ ခဏပင် ခင်လိုက်ကာ သင်တန်း ပြီးဆုံးပြီးနောက် ခင်ခင်မှုပါ ပြီးဆုံးကာ ဘ၀၏ မှတ်ဥာဏ်ထဲကနေ မေ့လျော့ ပျောက်ဆုံး သွားခဲ့ဟန် တူပါသည်။ ကျွန်မသည် ထိုလိပ်စာများကို ကြည့်ရင်းမှပင် မျက်နှာများ နွေးပူလာအောင် အားနာ လာကာ ကျွန်မကိုယ် ကျွန်မ ပြစ်တင်မိ၏။ ကျွန်မ ဘယ်တော့မှ ဆက်သွယ်မှာ မဟုတ်သော လိပ်စာများကို ကျွန်မ ဘာကြောင့်များ မှတ်ခဲ့မိပါလိမ့်။ ကျွန်မ၏ လိပ်စာများရော ကျွန်မထံ ဘယ်တော့မှ မဆက်သွယ်မည့် သူတွေဆီမှာ ဘယ်လောက်တောင်များ ရှိနေမှာပါလိမ့်။ ကိုယ့်ဆီ ဆက်သွယ်မည်၊ မဆက် သွယ်မည် မသေချာသော သူတွေဆီသို့ မသေချာသော လိပ်စာတွေကို ပေးရင်း၊ ယူရင်းဖြင့်ပင် ကုန်လွန်ကာ ဒါသည်ပင် ကျွန်မတို့၏ ဘ၀ ဖြစ်ခဲ့၏။

ကျွန်မသည် တယ်လီဖုန်း စာအုပ် အဟောင်းလေးကို ကိုင်ကာ လွန်ခဲ့သော ဆယ်စုနှစ်များ ဆီသို့ ခရီးထွက်မိ ပြန်သည်။
ထိုစဉ်က ပျိုရွယ်မှုတို့ဖြင့် လန်းဆတ်ကာ ဘ၀၏ မျှော်လင့်စရာတို့သည် ပင်လုံးကျွတ် ပွင့်သောပန်းလို များပြား လှလေသည်။ အရာအားလုံးသည် လက်တစ်ကမ်းစာ ကလေးတွင် အသင့် ရှိနေခဲ့၏။ သစ်ပင်မှ ပန်းပွင့်တို့သည် ကျွန်မ မသိလိုက်ခင်၊ သတိမပြုမိလိုက် ခင်မှာပင် နွမ်းရော်လွင့်ပြယ်ကာ ကျ ပျောက်ကုန်လေပြီ။ တွယ်တာမှု အသစ်၊ တွေးခေါ်မှု အသစ်များနှင့် မိတ်ဆွေသစ် တို့ တိုးပွားကာ သစ်လွင်ယောင်ဆောင် သော အဟောင်းထဲမှာပင် ကျွန်မသည် နေသား ကျချင်ယောင် ဆောင်ခဲ့၏။ ကျွန်မ၏ အတိတ်ဆီ ပြန်သွားချင်ပါသည်။

ဟိုအရင်က သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ကျွန်မပြန်ပြီး ဆက်သွယ်၍ ရနိုင်သော တစ်ယောက်တလေတောင် မရှိတော့ဘူးတဲ့လား။
ကျွန်မသည် ဖုန်းစာအုပ်ဟောင်း ကလေးကို ကြည့်ရင်း အံ့သြမိ၏။ ကျွန်မသည် မျက်စိရှေ့၌ ပေါ်လာသော ဖုန်းနံပါတ် နှစ်ခု၊ သုံးခုလောက်ကို ဆက်ဖို့ ကြိုးစားကြည့်၏။

အေးအေးဆွေ၊ ၀င်းဝင်းသန်း၊ နုနုမာ။
ကျွန်မ၏ သူငယ်ချင်းများ။ သူတို့ ကျွန်မကို မှတ်မိပါ့မလား။ ဘယ် သင်တန်းမှာ ဘယ်လို ခင်ခဲ့တာပါဟု ကျွန်မ စိတ်ရှည် လက်ရှည်ဖြင့် သူတို့ကို ပြန်ရှင်းပြ နေရဦးမှာလား။ အင်း အဲ အင်း ဆိုသော အသံများဖြင့် မမှတ်မိသလို လုပ်ကာ “အလုပ်ရှုပ်နေလို့ နောက်မှပြန် ဆက်နော်” ဟုများ ပြောလိုက်ရင်။
ကျွန်မသည် ဖုန်းခွက်ကို ကယောင်ကတမ်း လွှတ်ချလိုက်မိ၏။

တယ်လီဖုန်း စာအုပ်ကလေး အသစ်အတိုင်း ရှိနေသေးစဉ် ကာလတုန်းကတော့ ကျွန်မသည် ဘယ်ကိုပဲ ဖုန်းဆက်ရသည်ဖြစ်စေ ရဲဝံ့ခဲ့၏။ တယ်လီဖုန်း စာအုပ်အဟောင်းကလေး လိုမျိုးပင် ကျွန်မ၏ ရဲဝံ့ခြင်းတို့သည် ဟောင်းနွမ်း အရောင်မှိန်ကာ ဖျော့တော့ လာခဲ့ပြီ။ ကျွန်မသည် ဘယ်လိုမှ အသုံး မ၀င်တော့သော၊ ဘယ်ကိုမှလည်း ဆက်သွယ်၍ မရတော့သော တယ်လီဖုန်း စာအုပ် အဟောင်းကလေးကို တယုတယ ဖြင့်ပင် မှန်ဗီရိုထဲသို့ ထည့်သွင်းလိုက်၏။

ထိုစာအုပ်ထဲတွင် အတိတ်၏ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း၊ ၀မ်းနည်းခြင်း၊ လွမ်းဆွတ်ခြင်းများဆီသို့ ပို့ဆောင်ပေး မည့် နာမည်နှင့် လိပ်စာတို့ရှိလေသည်။ ပျောက်ရှခဲ့သော အကြောင်းအရာများနှင့် မေ့လျော့ခဲ့ရသော အဖြစ်အပျက်တို့ကို ပူနွေး အသက်ဝင် လာစေမည့် ဖုန်းနံပါတ် တို့လည်း ရှိလေသည်။ လိပ်စာ ဟောင်းများသည် ချန်ရစ်ခဲ့ရသော ကျွန်မတို့၏ ဘ၀ တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အသက်ဝင် လှုပ်ရှားနေခဲ့၏။ ကျွန်မသည် ထိုစာအုပ် ကလေးကို ဘယ်တော့လောက်များမှ ပြန်ကြည့်ဖြစ် မည်ဆိုတာ မသေချာ။ ကျွန်မထံတွင် လက်ရှိ အသုံးဝင်နေသေးသော ဖုန်းစာအုပ် အသစ်ကလေး ရှိနေခဲ့၏။ ကျွန်မ က ဆက်သွယ်နေသော၊ ကျွန်မထံ ဆက်သွယ်နေသော မိတ်ဆွေများလည်း ရှိသည်။

ကျွန်မသည် တစ်ချိန်ချိန်မှာ ဖုန်းစာအုပ် အဟောင်းများ တစ်ပုံ တစ်ပင်နှင့် တုန်ချည့်ရီဝေစွာ ရှိနေနိုင်ပါသည်။ ထိုစာအုပ် အဟောင်းများထဲမှ ကျွန်မ ခေါ်စရာ၊ ကျွန်မထံ ခေါ်စရာ တယ်လီဖုန်း နံပါတ်လေး တစ်ခု၊ နှစ်ခု လောက် ရှိနေနိုင်မည်လား။ ကျွန်မ မသေချာပါ။ ဘ၀၏အမှတ်ရစရာများကို ပြန်၍ ဖုန်ခါရင်း ကျွန်မ ကြည်နူးရပါဦးမည်။ နာကျင်ရပါဦးမည်။ ၀မ်းနည်း ရပါဦး မည်။
နုပျိုမှုတို့သည် လေနှင့် အတူ လွင့်ဝဲ မျောပါသွားသော သစ်ရွက်တို့လို ပင်စည်ထံမှ ကင်းကွာ သွားကြသော အခါ အမှတ် ရစရာတို့သည်သာ ဘ၀၏ ကြွင်း ကျန်ရစ်သော ဘ၀၏ ဆုလာဘ်တို့ ပဲလား။

ကျွန်မသည် သိမ်းထားသော တယ်လီဖုန်း စာအုပ် အဟောင်းကလေးကို မကြာခဏ ထုတ်ယူ ဖုန်ခါမိလိမ့်မည် ထင်ပါသည်။
ထိုသောအခါ...။





ပန်းရိပ်ဖြူ
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ဇွန် ၂ဝ၁ဝ


အတွေးစ ကလေးအား အစပြု ဆွဲထုတ်ပေးခဲ့သူ ကျွန်မ၏ ခင်ပွန်းဖြစ်သူ ကိုညွန့်ဟန်အား ကျေးဇူးတင်ပါသည်။

Friday, November 9, 2012

ခြ







            နွမ်းရော်ရီဝေနေသော စာအုပ်ဆိုင်ထဲတွင် သူ ထိုင်နေခဲ့သည်။ သူ့ မျက်နှာက ဖျားနာနေသူတစ်ဦးလို နာကျင်ပင်ပန်းနေ၏…။ သစ်ရွက်ခြောက်တစ်ရွက်လို သစ်ပင်မှ မကြာခင် ကြွေကျတော့မည့်ဟန်ဖြင့် သူ … ညှိုးရီနေသည်။ ကျွန်မသည် … သူ့ကို မကြည့်မိအောင် သတိထားရင်းမှပင် ဝမ်းနည်းနာကျင်လာခဲ့သည်။
            "ခင်ဗျားလိုချင်တဲ့ စာအုပ်တွေ … အကုန်ယူသွားပါ"
            အက်ရှနာကျင်နေသော သူ့အသံက ကျွန်မကို လက်သည်းစူးစူးတွေနဲ့ ကုတ်ခြစ်နေသလို နာကျင်စေသည်။
            "အမှန်ဆို… ကျွန်တော် စာအုပ်ကောင်းတွေ ခင်ဗျားကို အကုန်ပေးချင်တာ…"
            သူက ဆက်ပြောနေပြန်သည်။ စာအုပ်ဆိုင်ထဲမှ စာအုပ်တွေကို ဆွဲချထုပ်ပိုးနေတာကို သူထိုင်ကြည့်နေနိုင်တာ ကျွန်မ အံ့သြချင်သည်။ ကျွန်မတောင်မှ မငိုမိအောင် မနည်းထိန်းထားသည့်ကြားမှပင် မျက်ရည်တို့ စိမ့်ဝဲလာသေးသည်ပဲ။ သူ အတော်ခံစားရမည်မှာ သေချာပါသည်။ ထိုစာအုပ်ဆိုင်မှာ… သူ့ဘဝပါ… ဟု သူ မကြာခဏ ဆိုခဲ့ဖူးသည်ကို သတိရမိပြန်တော့ ကျွန်မပို၍ ဝမ်းနည်းချင်လာသည်။ သူက စာအုပ်ဆိုင်အပြင်ဘက်ကို ငေးကာ ဖွဖွရယ်သည်။ သူ့ဆိုင်ရှေ့က တီဗွီဂိမ်းဆိုင်ထဲတွင် အဖြူအစိမ်းဝတ် ကလေးတစ်အုပ်တို့ ဆူညံစွာ အော်ဟစ်ကစားနေသည်။ အနားက ကွမ်းယာဆိုင်တွင်လည်း ကွမ်းသွေးတပျစ်ပျစ်နှင့်…
            "စာအုပ်အငှားဆိုင်ဆိုတာ ဒီခေတ်မှာ မအောင်မြင်တဲ့လုပ်ငန်း ဖြစ်နေပြီဗျ။ ခင်ဗျား ခေါင်းမမာတော့တာ မှန်တယ်"
            သူ့စာအုပ်တွေကို ထုပ်ပိုးနေသူတစ်ယောက်က သူ့ကို လှမ်းပြောသည်။ သူ ဘာပြန်ပြောသည်လဲ… ဆိုတာကို ကျွန်မ မသိလိုက်ပါ။
            ပထမဆုံး သူ့စာအုပ်ဆိုင်စဖွင့်ခဲ့သော နေ့ကိုသာ ကျွန်မ သတိရမိသည်။ အဲဒီတုန်းက… "စာပေသစ္စာဖြင့် သစ္စာစာပေ" ဆိုသော သူ့ဆိုင်းဘုတ်က ကျွန်မကို သူ့ဆိုင်ထဲသို့ ဝင်ဖြစ်စေရန်အတွက် ဆွဲဆောင်ခဲ့သည်ပဲ။

*          *          *

            သူ၏ဆိုင်းဘုတ်ပေါ်မှ စာသားသည် စာအုပ်အငှားဆိုင်များ ငါးဆိုင်ထက်မနည်းရှိသော ကျွန်မတို့ရပ်ကွက်ထဲတွင် ထူးခြားထင်ရှားနေခဲ့သည်။ သူက ကျွန်မတို့ ရပ်ကွက်ထဲသို့ မကြာသောအချိန်ကမှ ပြောင်းလာခဲ့သူ။ ကျွန်မက သူ့ကို သတိမထားခဲ့မိသလို သူကလည်း ကျွန်မကို သတိမထားမိခဲ့ဟု ဆိုသည်။ သို့သော်… ပထမဆုံး သူ့စာအုပ်ဆိုင်ထဲသို့ ကျွန်မဝင်မိသောအခါ သူ့စာအုပ်တွေကို မြင်ပြီး ကျွန်မသူ့ကို အံ့သြသတိထားမိရသလို သူကလည်း ကျွန်မ ငှားသော စာအုပ်ကိုကြည့်ပြီး ကျွန်မကို သတိပြုမိရပါသည်ဟု ဆိုခဲ့၏။
            ထို့နောက်တွင်တော့… သူနှင့်ကျွန်မသည် အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ခဲ့ရသည်။
            စာအုပ်ဆိုင်ကို "ယုံကြည်မှုဖြင့် ဖွင့်တာပါ" ဟု ဆိုခဲ့သော သူ့ဆိုင်တွင် ရန်ကုန်ဘဆွေနှင့် ဗန်းမော်တင်အောင်တို့ အတွဲလိုက်ရှိသည်… ဂျာနယ်ကျော်မမလေး ရှိသည်။ စစ်နှင့်ငြိမ်းချမ်းရေး ရှိသည်။ ပါရီကျဆုံးခန်းရှိသည်။ မြန်မာပြည်မြောက်ပိုင်းရှိသည်။ ရှုမဝစာအုပ်တွေလည်း အတွဲလိုက်ရှိသည်။ သူက စာအုပ်စုတာ ဝါသနာပါသလို စာအုပ်ငှားရတာလည်း ဝါသနာထုံခဲ့သည်။ လူငှားရအနည်းဆုံးဖြစ်သည့် အတွေးအမြင်စာစဉ်နှင့် ကိုငြိမ်းအေးအိမ်တို့ ထုတ်ခဲ့သော မော်ဒန်သရဖူကို သူ့စာအုပ်ဆိုင်မှာ တင်ခဲ့သည်။
            သူ့ဆိုင်ကနေ ပင်လယ်ကို ကျွန်မ ဖတ်ဖူးရသည်… စာပေဂျာနယ်ကို တွေ့ထိဖူးရသည်။ တာရာမဂ္ဂဇင်းကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကျွန်မ၏ စာပေတောင်ပံတို့သည် သူ့ဆိုင်ကလေးကြောင့်သာ ပို၍ သန်စွမ်းခက်မာခဲ့ရပါသည်။
            သူနှင့် ကျွန်မထံတွင် ရင်းနှီးလွယ်သော စာပေကြိုးမျှင်တို့ဖြင့် သံယောဇဉ်တို့ ရှိခဲ့ဖူးသည်။ ကျွန်မက … မဂ္ဂဇင်းပေါ်မှာ ကျွန်မရေးသော စာကို မြင်ချင်စိတ်ရှိခဲ့သော်လည်း သူကဖြင့် ရေးချင်စိတ်ရှိ၍ ရေးခဲ့သောစာကို ဒီအတိုင်းသာ ထားလိုသည်။
            "ကျွန်တော်က … ပန်းပွင့်တွေကိုတောင်မှ ပန်းအိုးမှာ ထိုးပစ်ရမှာထက်စာရင် သစ်ပင်ပေါ်မှာ ဒီအတိုင်းထားချင်တာဗျ"
            သူ့အတွေးကို ဆန်းသည်ဟု ကျွန်မထင်ခဲ့ဖူးသည်။ မဂ္ဂဇင်းမပို့သော သူ့ဝတ္ထုထဲမှ ဇာတ်ကောင်များသည်ရော…။ တသီးတခြားဆန်လွန်းလှသည်။ သူက သဲအိမ်မောင်နေဝါကို ကြိုက်သလို…၊ နိုင်ဝင်းဆွေရဲ့ အရေးအသားကိုလည်း နှစ်ခြိုက်လွန်းသည် ဆိုပြန်သည်။
            "အင်မတန် ဘဝကြမ်းတမ်းတဲ့ အခြေခံလူတန်းစားအကြောင်း ရေးပေမယ့် အရေးအသားက အနုပညာ အဆင့်အတန်း သိပ်မြင့်တယ်…"
            ဟု… ဆိုကာ… နိုင်ဝင်းဆွေရဲ့ အရေးအသားများကို ခွဲခြမ်းစိတ်ဖြာပြပြန်သည်။
            အဲဒီတုန်းက ညနေခင်းတစ်ခင်းမှာသာ အေးအေးလူလူ ဖွင့်ခဲ့သော သူ့စာအုပ်အငှားဆိုင်ကလေးသည် သူ့ကို လွတ်လပ်လုံခြုံစွာ အနုပညာစီးမျောခွင့် ပေးခဲ့သည်။ သူ့ဘဝသူ ရောင့်ရဲကျေနပ်ကာ လင်းပသော သူ့ပီတိရောင်ဖြင့် သူ့ကိုယ်ကို ထွန်းလက်စေသည်။
            အနှစ် နှစ်ဆယ်ဆိုတာ… လူတစ်ယောက်ကို … အတွေးအခေါ်ကို ဘဝတစ်ဘဝကို…၊ ခေတ်တစ်ခေတ်ကို ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲစေခဲ့သည်လား။ ကျွန်မသည် လမ်းမအလယ်တွင် ကြောင်ကြောင်ကြီးရပ်ကာ… ကျွန်မကို ဖြတ်ကျော်သွားသော လူတို့၊ ယာဉ်တို့ကို အံ့သြတကြီး ထူးဆန်း၍ နေခဲ့ပြီထင်သည်။
            ညနေခင်းမှဖွင့်သော သူ့စာအုပ်ဆိုင်ထဲတွင် တစ်ခါက သူသည် လက်မလည်အောင် အလုပ်ရှုပ်နေခဲ့ဖူးသည်။ မဂ္ဂဇင်းစာအုပ်အသစ်တို့ မရသဖြင့် ငြူစူချင်သော ထဘီတိုတိုဝတ်ကောင်မလေးများ…
            "ဟင့်… သမီးက စိုးသူ အင်တာဗျူး ဒီလပါလို့ ဖတ်ချင်တဲ့ဟာ"
            "ဟေမာနေဝင်း မျက်နှာဖုံးနဲ့ စာအုပ်ရှိလား… " စသဖြင့် လူတို့အကြားဝယ်… သူ ခေါင်းမဖော်နိုင်ခဲ့။
            အဲဒီတုန်းကဖြင့် ညနေခင်းဆို သနပ်ခါး မှုန်မှုန်လူးကာ စာအုပ်အငှားထွက်ကြသော ယဉ်ကျေးမှု ရှိခဲ့ကြသည်။
            ကျွန်မသည်ပင် စာအုပ်နောက်ကျောဖုံးက ငှားစာရင်းမှာ နှစ်ဖက်လုံးပြည့်၍နေပြီး မှတ်စရာ မကျန်လောက်အောင်များသော မဂ္ဂဇင်းစာအုပ်များကို ကြည့်ကာ သူ့ကို မုဒိတာစိတ်ဖြင့် နောက်ပြောင်ကျီစယ်ခဲ့ဖူးသည်။ အခုများမှာတော့ စာအုပ်ဆိုင်သို့ ရောက်တိုင်း မဂ္ဂဇင်းစာအုပ်တို့သည်… စာအုပ်စင်ပေါ်၌ မျက်နှာငယ်နေခဲ့သည်။ ဖတ်စရာပါသော မဂ္ဂဇင်းတို့က… အငှားဆယ်ဦးပင် မပြည့်ချင်တာကို သိရသောအခါ စာအုပ်ဝယ်ခဖြင့် ယှဉ်ထိုးရင်း "သစ္စာ" ကျန်းမာရေးကို စိတ်ပူချင်လာခဲ့သည်။ ကြော်ငြာစာရွက်များစွာပါသော စာအုပ်လေးလေးလံလံတို့ကလည်း ငှားရသည် ဆိုပေမယ့်… သစ္စာကျန်းမာရေးကို လုံလောက်အောင် မထောက်ကန်နိုင်ခဲ့ပါ…။
            သူ့စာအုပ်ဆိုင်ထဲမှာ တစ်ခါက ဆူညံဝေစည်နေတတ်သော ကလေးတို့သည် သူ့ဆိုင်အနားရှိ ဂိမ်းဆိုင်များဆီသို့ စီးဝင်မျောပါကုန်ကြသည်။
            "လူတွေက စာအုပ်အငှားခ သုံးရာအစား ကိုရီးယားခွေ ဝယ်ကြည့်ရတာကို ပိုတန်တယ်လို့ ထင်လာပြီဗျ…"
            သူသည် စာအုပ်ဆိုင်ကလေးထဲတွင် ညနေခင်းများစွာကို ပျင်းရိစွာ ဖြတ်သန်းရင်း ခေတ်ကို မသက်မသာ ထိုင်ကြည့်နေခဲ့ရသည်။
            "လူတွေ စာဖတ်နေတာမြင်ရင် ကျွန်တော် စိတ်ချမ်းသာတယ်ဗျာ"
            ဟု တစ်ခါက ဆိုခဲ့ဖူးသော သူ။
            ဆိုင်ထဲမှာ ကာတွန်းစာအုပ်များကို အလုအယက်ရွေးတတ်သော ပိုက်ဆံမပေးဘဲနှင့် ဆိုင်ထဲမှာတင် ကာတွန်းထိုင်ဖတ်တတ်သော ကလေးတို့ကို သည်းခံနိုင်လွန်းသောသူသည် ကလေးများကို ကြည့်ကာ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။
            "ကလေးတွေ စာဖတ်နေတာ ကြည့်ရတာ စိတ်ချမ်းသာတယ်ဗျာ…။ ဒီကလေးတွေထဲကနေ စာရေးဆရာတွေ၊ နိုင်ငံခေါင်းဆောင်တွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ… ကဲ"
            သူ့မျက်နှာသည် ယုံကြည်မှုဖြင့် ထွန်းလင်းနေခဲ့သည်။ သူသည် အနာဂတ်ကို သူ့နည်းနှင့်သူ ပေါင်းသင်မြေဆွ လုပ်ချင်သူသာ…။
            ထို့နောက်ပိုင်း… နောက်ပိုင်းနှစ်တို့တွင်တော့ သစ္စာသည် တဖြည်းဖြည်း သွေ့ခြောက်လာခဲ့သည်။ အများတကာက သစ္စာကို ပိတ်ပစ်ဖို့ အကြံပေးခဲ့ကြသော်လည်း သူ ခေါင်းမာနိုင်သလောက် ခေါင်းမာခဲ့သေးသည်။ ကျွန်မသည် သစ္စာစာပေ၏ နောက်ဆုံးနေ့တို့ကိုကြည့်ကာ ဝမ်းနည်းနာကျင်ဆဲ…
            သူ့ထံမှ … "ကျွန်တော် ဒီလကုန် စင်ကာပူ သွားတော့မယ်…" ဆိုသောအခါ အံ့သြမှင်တက်ရတော့သည်။
            ကျွန်မ ဆွံ့အစွာဖြင့် သူ့ကို ငေးဆဲ… သူက ခေါင်းတစ်ချက်ရမ်းကာ ဟက်ဟက်ရယ်သည်။ အက်ကွဲနာကျင်သော သူ့ရယ်သံကို ကြားရတာ ကျွန်မစိတ်ကို တစစ်စစ် နာကျင်စေခဲ့ပြီ…၊ ဆို့နင့်စေလာသည်။
            သူ မရှိရင်ဖြင့်… သစ္စာ…သည်ရော…။ ဒီလိုနှင့်ပင် စာအုပ်အငှားဆိုင်လေးများ ပျောက်ကွယ်သွားရတော့မည်လား။
            ကျွန်မတို့ထံမှ လွတ်ကျသွားရသလို လွှတ်ချလိုက်ရသော အရာများတို့အတွက် ကျွန်မ ငိုချင်လာခဲ့သည်။ သို့သော် ငို၍လည်း မရနိုင်ပြန်ပါ။ သစ္စာ နောက်ဆုံးရက်အထိ ကျွန်မသည် သူ့ စာအုပ်အငှားဆိုင်၏ ဖောက်သည်ဖြစ်ခဲ့ရသည်။ ခဏနေရင်ဖြင့် တစ်ချိန်က ကျွန်မ ထူးဆန်းအံ့သြစွာ ဆိုင်ထဲသို့ ဝင်ခဲ့ရသော သစ္စာဆိုင်းဘုတ်ကို ဖြုတ်ချပစ်တော့မည်…။
            နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်အထိ စာပေသစ္စာဖြင့် လေးလံခိုင်မာစွာ ထမ်းဆောင်လာခဲ့သော သစ္စာစာပေသည် တိတ်ဆိတ်စွာ ပြိုကျပျောက်ဆုံးရတော့မည်…။
            ဒါ လမ်းတစ်ခု၏ အဆုံးလား၊ အစလား… မသိသော လမ်းပေါ်မှာ နာကျင်စွာဖြင့် လျှောက်ရဦးတော့မည်…။ ကျွန်မသည် တွေးရင်းပင် နာကျင်လာသည်။ ခဏနေရင်ဖြင့် လမ်းထဲမှ လူအများသည် သစ္စာစာပေကို မေ့သွားပါလိမ့်မည်… ဒီနေရာမှာ သစ္စာရှိခဲ့ဖူးသည်… ဆိုသည်ရော သိသူတို့ ရှိနိုင်ပါဦးမည်လား… ထိုလမ်းထဲမှ ကျွန်မဖြတ်မိတိုင်း စေ့ပိတ်ထားသော တံခါးတို့နောက်မှာ ကျွန်မ ချစ်သော စာအုပ်တို့အစား ပိန်းပိတ်သော အမှောင်ထုတို့သာ ကျွန်မကို ငေးကြည့်နေခဲ့မည် ထင်သည်။
            ထိုအခါ ကျွန်မသည် သစ္စာကို မမြင်အောင် ကျောခိုင်းကာ မမြင်ချင်ယောင် ဆောင်ရတော့မည်လား…။
            ထိုခဏ… ဂိမ်းဆိုင်မှ ကလေးတို့၏ "ဟေး…" ခနဲ အော်လိုက်သံကို ကျွန်မ ကြားရခိုက်… သစ္စာဆိုင်းဘုတ်သည် ဝုန်းခနဲ ပြုတ်ကျသွားခဲ့သည်။

*          *          *


ပန်းရိပ်ဖြူ
ကလျာ မဂ္ဂဇင်း၊ June 2011