Sunday, September 23, 2012
မုန့်တွေရှိတဲ့ကျွန်း
ကျွန်မ ရဲ့ ကိုယ်တိုင်ရေး ပုံပြင်လေးတစ်ပုဒ်ပါ။ ကျွန်မက ပုံပြင်တွေထဲက နေ တစ်ဆင့် ကလေးတို့ကို စိတ်နှလုံးနူးညံ့လာအောင်လို့ သင်လို့ရတယ်လို့ ယုံပါတယ်။ သားဖတ်ဖို့ အတွက် တာဝန်ယူမှု နဲ့ပတ်သတ်တဲ့ပုံပြင်လေးတစ်ပုဒ်ရေးဖို့ တွေးမိရာကနေ ကျွန်မရေးမိတာပါ။ အတွေး၊ စိတ်ကူးစိတ်သန်းအားလုံး ကျွန်မကိုယ်တိုင်ဖြစ်ပါတယ်။ တစ်ကြောင်းမှ မှီငြမ်းထားတာမပါပါဘူး။
မုန့်တွေရှိတဲ့ကျွန်း
ခေတ်ဘုန်းသစ်
တစ်ခါတုံးက၀က်ဝံလေးတစ်ကောင်ရယ်၊ကြွက်လေးတစ်ကောင်ရယ်ဟာသဘောင်္ကြီးတစ်စီးနဲ့ခရီးထွက်လာကြတယ်။သူတို့ရဲ့ဖေဖေ၊မေမေတွေလည်းပါတာပေါ့။ သဘောင်္ပေါ်မှာကလူကြီးတွေချည်းပဲ။ ကလေးဆိုလို့ ကြွက်လေးနဲ့ဝက်ဝံလေးပဲပါတာမို့ သူတို့နှစ်ယောက်က မကြာခင်မှာဘဲ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ သဘောင်္ကြီးပေါ်မှာ သူတို့နှစ်ယောက်တူတူပုန်းတမ်းကစားကြ၊အရုပ်ဖွက်တမ်းကစားကြနဲ့စုံနေအောင်ကစားကြတယ်။ သဘောင်္ကြီးနဲ့ပင်လယ်ထဲခရီးထွက်ရတာ ပျင်းစရာကောင်းပေမယ့် သဘောင်္ပေါ်မှာကစားမယ့် သူငယ်ချင်းအဖေါ်ရှိတာမို့သူတို့သိပ်ပျော်ကြတယ်ပေါ့။ တစ်ရက်သူတို့နှစ်ယောက် ကစားမယ်ဆိုပြီး အိပ်ရာကထတော့ သဘောင်္ကြီးပေါ်ကလူတွေအကုန်လုံး ကြောက်လန့်တကြားဖြစ်နေတာကို သူတို့ တွေ့လိုက်ရတယ်။ ကောင်းကင်ကြီးဟာဟိုးအရင်သူတို့တွေ့ဖူးနေသလိုအပြာရောင်ကြီးမဟုတ်တော့ဘဲ လူကြီးတွေ ဒေါသထွက် လို့ မျက်နှာကြီးနီနေသလိုမျိုးနီရဲနေတယ်။ ဘာဖြစ်လို့ပါလိမ့်လို့သူတို့ တွေးနေတုံးမှာပဲ ၀ူးဝူးဝေါဝေါဆိုတဲ့ အသံတွေနဲ့အတူလေတွေတိုက်လာပါရော။
ဝက်ဝံလေးနဲ့ကြွက်ကလေးဟာသူတို့ကစားနေတဲ့အရုပ်လေးတွေကိုချပြီးလေတွေတ၀ုန်းဝုန်းတိုက်နေတာကိုကြောက်လန့်တကြားနဲ့ကြည့်နေမိတယ်။ သဘောင်္ပေါ်က လူကြီးတွေလည်းအကုန်လုံးအလုပ်ရှုတ် နေကြတာပေါ့။ သူတို့ရှေ့ကနေ သူတို့ကိုကျော်ခွပြီး အပြေးအလွှားသွားနေကြတဲ့လူကြီးတွေကို လိုက်ကြည့်လိုက် လေတွေတ၀ုန်းဝုန်း တိုက်ပြီး၊ လှိုင်းလုံးကြီးတွေမြင့်တတ်လာတာကို ကြည့်လိုက်နဲ့ သူတို့အံသြကြောက်လန့် နေတုံးမှာပဲ..အိမ်လောက်ကြီးရှိတဲ့လှိုင်းလုံးကြီးကသူတို့သဘောင်္ကြီးကိုဖုံးလွှမ်းသွားတော့တယ်။
          သူတို့သတိရလို့ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ဟာကျွန်းလေးတစ်ကျွန်းပေါ်ကိုရောက်နေတာ တွေ့လိုက်ရတယ်။ ကျွန်းကလေးကကျွန်းကလေးသာဆိုတယ် ဘုရားပွဲကျင်းပနေသလိုမျိုးပဲ။ မီးရောင်စုံတွေတဖျပ်ဖျပ်နဲ့။ လူတွေကလည်း အ၀တ်အစားလှလှပပ၊ ကောင်းကောင်းမွန်မွန်တွေနဲ့ပေါ့။ အို..မုန့်ဆိုင်တွေ၊အရုပ်ဆိုတာလည်းအများကြီးပဲတဲ့။သူတို့လည်းသိပ်ပျော်သွားတာပေါ့၊ဗိုက်ကလည်းဆာနေပြီးကိုး။မုန့်သွားစားမယ်ဆိုပြီးသူတို့ထလိုက်တဲ့အချိန်မှာပဲ သူတို့မှာမုန့်ဝယ်စားစရာပိုက်ဆံမရှိတာကို သတိရမိပြီး နှစ်ယောက်လုံးဝမ်းနည်းသွားကြတယ်။
          '' ငါတို့မှာမုန့်ဝယ်စားစရာပိုက်ဆံလည်းမရှိဘူး''လို့ကြွက်လေးကစိတ်ညစ်ပြီးအော်ပြောလိုက်တယ်။
   ''ဗိုက်ဆာလိုက်တာ'' လို့ဝက်ဝံလေးကလည်းပြောလိုက်တယ်။
 "ဘာပဲဖြစ်ဖြစ်လာကွာငါတို့လျှောက်ကြည့်ရအောင်'' လို့ဝက်ဝံလေးကပြောပြီးသူတို့ဆိုင်တန်းတွေဘက်လျှောက်သွားကြတယ်။
ယုန်မကြီးတစ်ကောင်ရောင်းတဲ့မုန့်ဟင်းခါးနံ့ကမွှေးနေတာပဲ။ဆိတ်ဦးဦးရောင်းတဲ့ပြောင်းဖူးပေါက်ပေါက်ဆုတ်အနံ့ကထောပတ်နံ့သင်းနေတာပဲ။ဟော..ဟိုနားကရေခဲမုန့်ဆိုင်ကရော...ငါတို့စားချင်လိုက်တာ လို့ ၀က်ဝံလေးနဲ့ကြွက်လေးက သူတို့ဖာသာပြောရင်းလျှောက်လာကြတယ်။
          ''ဟေ့ကြည့်စမ်းပါဦး..မုန့်လေပွေကြီးကို'' လို့ဝက်ဝံလေးကကြွက်လေးကိုလှမ်းပြီးပြောလိုက်တယ်။
          '' အို..ငါမြင်ဖူးတဲ့အထဲမှာအကြီးဆုံးကြီးပဲ''
          ''ကောက်ညှင်းပေါင်းကလည်းအငွေ့တထောင်းထောင်းနဲ့ကွ''
          ''ကောက်ညှင်းကျည်တောက်ကြီးကရော..တကယ့်ဧရာမအကြီးကြီးပဲ''
   သူတို့တွေဟာမုန့်ဆိုင်တွေကိုတစ်ဆိုင်ပြီးတစ်ဆိုင်ဖြတ်ကျော်ရင်းသူများတွေပလုတ်ပလောင်းစားနေတာကိုငေးကြည့်နေကြတယ်။
          သူတို့ငေးကြည့်နေတုံးမှာပဲ.. ရေခဲချောင်းတစ်ချောင်းကိုပါးစပ်ကနေစီးကျနေအောင် လျက်လာတဲ့ ကလေးတစ်ယောက်ကလမ်းအလယ်ကောင်မှာ ဘယ်သူစည်းမဲ့ကမ်းမဲ့လွှင့်ပစ်ထားမှန်းမသိတဲ့ ငှက်ပျောခွံ တစ်ခုကို တတ်နင်းမိပြီးချော်လဲပါလေရော...။
ကြွက်ကလေးက''ဟော''လို့အော်လိုက်ရင်းဖြတ်ခနဲဆိုကလေးလေးအနားကိုရောက်သွားပါတော့တယ်။ဝက်ဝံလေးကတော့ကြွက်လေးလိုအပြေးမမြန်တာမို့ကလေးလေးချော်လဲတာကိုသွားမထူမိဘဲငေးပြီးကြည့်နေမိတယ်။
          ''ညီလေးထထ..မငိုနဲ့တိတ်တိတ်'' လို့ ကလေးလေးကိုပြောပြီးဆွဲထူပေးပါတယ်။ ကလေးရဲ့ ဘောင်းဘီမှာ ပေနေတဲ့ ဖုံတွေကို ကြွက်ကလေးက ခါပေးတယ်။ ပြီးတော့ ကြွက်ကလေးဟာ လမ်းပေါ်ကငှက်ပျောခွံကိုယူပြီးသူများတွေတတ်နင်းမိမှာစိုးလို့ဆိုပြီး လမ်းဘေးက အမှိုက်ပုံးထဲကိုသွားပစ် လိုက်တယ်။
ကလေးကိုအငိုတိတ်အောင်ချော့မော့ပြီးကြွက်ကလေးနဲ့ဝက်လေးလမ်းဆက်လျောက်လာတုံးမှာပဲလမ်းမှာတွေ့တဲ့မုန့်ဆိုင်တွေကနေ '' ကြွက်ကလေးလာပါ..ကြွက်ကလေးလာပါ'' လို့ခေါ်လိုက်တဲ့အသံတွေကို ကြားလိုက်ရတော့တာပါပဲ။ ကြွက်လေးလဲအံအားသင့်ပြီးကြောင်ကြည့်နေတုံးမှာပဲ မုန့်လေပွေဆိုင်က မုန့်သည်ကြီးက မုန့်လေပွေ အကြီးကြီးတစ်ချပ်ကိုကြွက်ကလေးလက်ထဲလာထည့်တယ်။
"ကျွန်တော့်မှာပေးစရာပိုက်ဆံမရှိဘူး''လို့ကြွက်လေးကပြောတော့မုန့်သည်ကြီးက''  ဒီကျွန်းမှာပိုက်ဆံမလိုဘူးကွ၊မင်းဟာကြင်နာစိတ်ရှိပြီးကူညီတတ်တဲ့ကောင်လေးမို့မင်းဟာကျွန်းပေါ်ကကြိုက်တဲ့မုန့်ဆိုင်မှာကြိုက်ရာစားလို့ရသွားပြီ”
လို့ပြောလိုက်ပါရော..။ကြွက်ကလေးလဲအံသြသွားပြီး
''ဒါဆိုကျွန်တော့်သူငယ်ချင်းရော...''လို့မေးလိုက်တာပေါ့။ မုန့်သည်ကြီးက ၀က်ဝံလေးကိုလှည့်ကြည့်ပြီး ''သူကဘာမှမှမလုပ်ရသေးပဲ''လို့ အသံသြကြီးနဲ့ပြောလိုက်တယ်။
ဝက်ဝံလေးကသူ့သူငယ်ချင်းကြွက်လေးမုန့်တွေစားနေတာကိုကြည့်ပြီးဝမ်းသာပေမယ့်သူကတော့မုန့်မစားရသေးတာမို့ဗိုက်တွေကတဂျုတ်ဂျူတ်နဲ့ဆာနေတာပေါ့။ စိတ်ပျက်ပျက်နဲ့ပဲဝက်ဝံလေးဟာ မုန့်ဆိုင်က နေပြီးထွက်လာခဲ့တယ်။ သူ ဘာတွေကိုဘယ်သူ့ တွေအတွက် ကူညီပေးရပါ့မလဲလို့ မုန့်စားချင်စိတ်နဲ့ လိုက်ကြည့်ပေမယ့်လည်း ကူညီစရာ ဘာမှရှာမတွေ့ဖူးဖြစ်နေတယ်။လမ်းလျောက်ရလွန်းလို့ခြေထောက်တွေကညောင်း၊ဗိုက်တွေကဆာနဲ့မို့ဝက်ဝံလေးဟာငိုမဲ့မဲ့နဲ့ဖြစ်လာပါတော့တယ်။သူ့ပါးပေါ်ကိုမျက်ရေတွေစီးကျလာပြီးသူအရမ်းကိုအားငယ်လာတယ်။
          ခြေထောက်တွေကိုတရွတ်ဆွဲပြီးသူလမ်းလျောက်လာတုံးမှာပဲ ''ဗြုန်းဝုန်းဝုန်း''ဆိုတဲ့ အသံအကျယ် ကြီးကို ကြားလိုက်ရတာမို့သူလန့်ပြီး တုန်တောင်မှတုန်သွားတယ်။ တစ်ခုခုကို သူခြေထောက်နဲ့ တိုက်လိုက်မိပြီဆိုတာကိုဝက်ဝံလေးသိလိုက်တယ်။ ငုံ့ကြည့်လိုက်တော့ လမ်းပေါ်မှာမိုးကောင်းကင်ကြီးလို ပြာနေတဲ့ ဆေးအပြာတွေစီးကျနေတာကိုတွေ့လိုက်တယ်။
          '' အို ..ငါ ဆေးပုံးကြီးကိုခြေထောက်နဲ့တိုက်ချလိုက်မိပြီပဲ''
ဝက်ဝံလေးဟာအခုမှတကယ့်ကိုရှိုက်ရှိုက်ပြီးငိုပါတော့တယ်။
''ငါဘယ်တော့မှမုန့်စားရတော့မှာမဟုတ်ဘူး''လို့တွေးမိပြီးသူငိုတော့တာပဲ။ ငိုနေရင်းကရုတ်တရက်သူအငိုရပ်ပြီး၊ဘေးဘီကိုလှည့်ကြည့်လိုက်တယ်။လမ်းပေါ်မှာဝက်ဝံလေးရယ်၊မှောက်နေတဲ့ဆေးပုံးကြီးရယ်ကလွဲလို့ဘယ်သူမှမရှိဘူး။
''ဆေးပုံးကိုငါမှောက်ပစ်တာကိုဘယ်သူမှမှမမြင်တာ'လို့သူတွေးလိုက်မိတယ်။ဝက်ဝံလေးဟာအဲဒီနေရာကနေကမန်းကတန်းထပြီးထွက်ပြေးတော့တာပဲ။
သူပြေးတယ်..။ပြေးတယ်..။ပြေးတယ်။ပြေးရင်းနဲ့ပဲဝက်ဝံလေးဟာရုတ်တစ်ရက်တစ်ခုခုကိုတွေးမိပြီးပြေးတာကိုရပ်လိုက်တယ်။
          ''လမ်းပေါ်မှာဆေးတွေအများကြီးစီးနေတာ..။ဘယ်သူပဲနင်းနင်းဖိနပ်တွေညစ်ပတ်ပြီး၊ ချော်လဲတော့ မှာပဲ။ ပုံးကိုငါမှောက်ခဲ့တာ ငါ့မှာတာဝန်ရှိတယ်'' လို့ဝက်ဝံလေးက တွေးလိုက်မိတယ်။ သူက ခုနကထက်ပိုပြီးမြန်အောင်ကိုဆေးပုံးတွေဆီကိုပြန်ပြေးတယ်။ ပြေးတယ်..။ပြေးတယ်..၊မြန်သထက်မြန်အောင် ကို ပြေးတော့တာပဲ။ ဆေးပုံးဆီကိုရောက်တဲ့အခါမှာတော့ သူဘာလုပ်ရမလဲဆိုတာကိုစဉ်းစားတာပေါ့။
ဆေးတွေကိုဆေးချဖို့ရေရယ်၊တံမျက်စည်းရယ်၊ရေပုံးရယ်လိုတယ်မဟုတ်လား။မုန့်ဆိုင်တန်းတွေဘက်ကိုဝက်ဝံလေးကပြေးသွားပြန်တယ်။ မုန့်ဆိုင်တွေဆီရောက်တဲ့အခါမှာတော့သူကတံမျက်စည်းရယ်၊ရေပုံးရယ် ငှားပြီး၊ရေဘယ်မှာခပ်လို့ရလဲလို့မေးတယ်။ ၀က်ဝံလေးရေသွားခပ်ရမယ့်ရေကန်က အဝေးကြီးပဲ။ ဆေးတွေက အများကြီးဆိုတော့ ရေတစ်ပုန်းထဲမှမရတာ။ အခေါက်ခေါက်သယ်ရတော့တာပေါ့။ မောလွန်းလို့ တံမျက်စည်းနဲ့ ရေပုန်းကိုပစ်ချပြီးသူနားလိုက်ချင်တော့တယ်။
''မဖြစ်သေးပါဘူး။ငါ့ကြောင့်ဖိတ်ကျတဲ့ဆေးတွေကိုသူများတွေတတ်နင်းမိမယ်ဆိုရင်သူတို့ရဲ့ဖိနပ်လှလှလေးတွေအရုပ်ဆိုးကုန်တော့မှာပေါ့''လို့ ၀က်ဝံလေးကတွေးပြီး ရေတွေကိုတပုံးပြီးတပုံးသယ်ပြီး လောင်းကာ တံမျက်စည်းရှည်ကြီးနဲ့ လှည်းလှည်းပြီးဆေးချသတဲ့။ နောက်ဆုံးတော့လမ်းကလေးဟာ ပြောင်လက်ပြီး သန့်ရှင်းသွား ပါတော့တယ်။
          ''ကျွန်တော်ဘယ်သူ့ကိုမှမကူညီရသေးဘူးလေ။ပြီးတော့ကျွန်တော်ဘာမှလည်းမလုပ်ရသေးဘူး”လို့ ၀က်ဝံလေးကပြောလိုက်တယ်။
          '' မင်းကသိပ်တော်တဲ့ဝက်ဝံလေးပဲ''လို့အားလုံးက၀ိုင်းပြီးပြောကြသတဲ့။
ဝက်ဝံလေးကအံသြပြီးရင်းအံသြသွားတော့တယ်။
''ဟင်..ကျွန်တော်ကနမော်နမဲ့နဲ့ဆေးပုံးကြီးကိုခလုတ်တိုက်ပြီးမှောက်ပစ်လိုက်တာပဲ။ဘာဖြစ်လို့တော်တယ်လို့ပြောတာလဲလို့''လို့ပြန်မေးလိုက်တယ်။
ဝက်ဝံလေးကနားမလည်နိုင်အောင်ဖြစ်နေတုံးမှာပဲသူကြိုက်တဲ့ပဲကြော်နဲ့မုန့်ဟင်းခါးတစ်ပွဲကသူ့ရှေ့ကိုရောက်လာတာမို့ဘာမှထပ်မမေးနိုင်တော့ပဲဗိုက်ဆာဆာနဲ့စားလိုက်တာသုံးပွဲတောင်ကုန်သွားပါလေရော။ ၀က်ဝံလေးပျောက်သွားလို့လိုက်ရှာနေတဲ့ကြွက်ကလေးလည်းလူတွေစုစု..စုစုနဲ့ဘာဖြစ်လို့ပါလိမ့်လို့ဆိုပြီးရောက်လာတော့မုန့်တွေကိုအားရပါးရစားနေတဲ့သူ့သူငယ်ချင်းဝက်ဝံလေးကိုမြင်ပြီးဝမ်းသာသွားတာပေါ့။
''ဟေ့သူငယ်ချင်း..မင်းဘာတွေလုပ်ပေးလို့ဒီလောက်မုန့်တွေအများကြီးစားခွင့်ရတာလဲ''လို့မေးလိုက်တယ်။ဝက်ဝံလေးကမုန့်တွေပလုတ်ပလောင်းစားပြီးအားရပါးရဖြေလိုက်တယ်
 ''ငါလား..ဆေးပုံးကြီးကိုမှောက်ချပစ်လိုက်လို့လေ''တဲ့။
ကလေးတို့ရေ ...၀က်ဝံလေးကဆေးဘူးကြီးကိုမှောက်ချပစ်လိုက်တာကိုဘာလို့မုန့်တွေစားရတာလဲ။ကလေးတို့ဘယ်လိုထင်သလဲ။
ကလေးတို့ရောဝက်ဝံလေးမတော်လို့ခလုတ်တိုက်ပြီးဆေးဘူးမှောက်ကျသလိုမျိုးမတော်လို့ဖြစ်ဘူးတာတွေ ဘာတွေရှိလဲ။ဥပမာ-ပန်းကန်ကျကွဲတာမျိုး၊ ဘောလုံးကန်ရင်းမှန်ကွဲတာမျိုးပေါ့။ အဲလိုဖြစ်ရင် ကလေးတို့ ဘယ်လိုခံစားရလဲ၊ဘာတွေလုပ်ကြလဲ၊ကလေးတို့ရောပန်းကန်ကွဲအောင်လုပ်လို့ဝက်ဝံလေးလိုမုန့်တွေစားရ လား၊အဆူခံရလား။ဝက်ဝံလေးကမုန့်စားရပြီးကလေးတို့မုန့်မစားရတာဘာကြောင့်လို့ထင်လဲ။ ကလေးတို့ နားကမုန့်ဆိုင်တွေမှာရောပုံပြင်ထဲကမုန့်ဆိုင်လိုပိုက်ဆံမပေးရတဲ့မုန့်ဆိုင်တွေပေါ်လာခဲ့ရင်ကောင်းတယ်လို့ထင်လား၊မကောင်းဘူးလို့ထင်လား။ဘာကြောင့်လဲ။
မေးထားတဲ့မေးခွန်းလေးတွေကိုဖြေပြီးအန်တီဆီပို့ပေးပါလား။ပို့ပေးတဲ့ကလေးတိုင်းကိုအန်တီကဘောပင်လေးတွေလက်ဆောင်ပြန်ပေးမှာနော်။
ခေတ်ဘုန်းသစ်
Thursday, September 20, 2012
ကစားဖော်
ကျွန်မအသက်ငါးနှစ်လောက်တုံးကကျွန်မအဘွားတွေရှိတဲ့နယ်မြို့လေးတစ်မြို့မှာနေခဲ့ရပါတယ်။ အိမ်မှာနေရတဲ့ အရွယ်ကတည်းက ကျွန်မတို့တတွေဟာပုံပြင်၊ ဇာတ်လမ်းတွေကို ဖန်တီးပြီး ဆော့ကစားတတ်နေကြပါပြီ။ ကျွန်မတို့ဟာ လူကြီးတွေ ညဘက်လက်ဖက်ရည်ကြမ်းသောက်ပြီး စကားစမြည်ပြောတဲ့ ၀ိုင်းဘေးမှာထိုင်ပြီး မြေပဲလှော်စားရင်းကနေ လူကြီးတွေစကားပြောတာကို နားထောင်ခွင့်ရခဲ့ကြတယ်။ နယ်မြို့လေးက ကျဉ်းကျဉ်လေးသာမို့ မြို့လေးထဲမှာရှိတဲ့ ဈေးဆိုင်မှန်သမျှကိုကျွန်မတို့သိနေခဲ့သလို၊ ဒီလူဘာလုပ်တယ်၊ ဟိုလူကဘယ်လိုဆိုပြီး တစ်ယောက် အကြောင်းကို တစ်ယောက် အူမချေးခါးမကျန်ကျွန်မတို့သိနေခဲ့ပါတယ်။  
                        မြို့လေးထဲမှာရှိတဲ့ပဲကြီးလှော်သည်ကြီးဆိုကျွန်မဈေးကိုအမေနဲ့လိုက်သွားတိုင်းပဲကြီးလှော်လက်တစ်ဆုတ်ကျွန်မကိုပေးနေကျပေါ့။ ပဲပြုတ်နဲ့ကောက်ညှင်းပေါင်းရောင်းတဲ့ အသည်ကြီးရောပဲ။ ကျွန်မတို့ ကလေးတွေများပါလာပြီဆို သူ့လက်ကြီးနဲ့ လက်တစ်ဆုတ်စာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ကို ရောဆုတ်ပြီးပေးတော့တာပဲ။ အဲဒီ့တုံးကဆို မနက်ဖက်အမေနဲ့ဈေးလိုက်ရတာကို ကျွန်မတို့ သိပ်ပျော်ခဲ့ကြပါတယ်။ နယ်မြို့လေးမှာနေတုံးက ကျွန်မမှတ်မိသေးတာတစ်ခုက...ကာဖီသည်ကြီးပါ။ ဘယ်သူမှ အိမ်မှာ ကော်ဖီမှုန့်၊ နို့မှုန့်ထားပြီးဖျော်သောက်တဲ့ခေတ် မဟုတ်လေတော့၊ နေ့ခင်းဘက်ကော်ဖီသောက်ဖို့ အတွက်နွားနို့များများနဲ့ဖျော်တတ်တဲ့ ကော်ဖီသည်ကြီးကို မျှော်ကြရပါတယ်။ ကော်ဖီမှုန့်နဲနဲ၊ နွားနို့များများနဲ့ ရောဖျော်ထားတဲ့ကော်ဖီတွေကို မတ်ခွက်ကြီးနဲ့ ထည့်ပြီးပေးတာမို့ ကျွန်မတို့ကလေးတွေ တဝကြီးသောက်ရပါရော။ (အဲဒီတုံးက ကလေးတွေကို ကော်ဖီမတိုက်သင့်ဘူးဆိုတာကို ဘယ်သူမှ သိပ်မသိကြသေးပါဘူး)။ ကျွန်မနဲ့အမြဲတမ်းကစားတတ်တဲ့ သူငယ်ချင်းကတော့ ကျွန်မတို့ခြံနဲ့ ကျောချင်းကပ်ခြံက မြမြပါ။ သူကခြံစည်းရိုးနောက်ဘက်ကနေပြီး ကျွန်မကိုကစားဖို့ အော်ခေါ်တတ်သလို၊ ကျွန်မလည်းသူ့နဲ့ကစားချင်တယ်ဆို ကျွန်မတို့ခြံစည်းရိုးကနေပြီးသူကို အော်ခေါ်လိုက်ရုံပါပဲ။
          သူနဲ့ကျွန်မတို့အမျိုးစုံအောင်ကိုဆော့ကစားကြပါတယ်။ မြမြကကျွန်မနဲ့ကစားရင် တစ်ခါတလေ သူနာပြုဆရာမလုပ်သလို၊ တစ်ခါတစ်လေအမေလုပ်တယ်၊ မင်းသမီးလေးလုပ်တဲ့အခါလုပ်ပြီး၊ တစ်ခါတစ်လေ တော့လည်း သူကစုံထောက်မကြီး လုပ်တတ်ပါတယ်။ ကျွန်မကတော့အဘွားပြောတဲ့ ပုံပြင်ထဲက ညဏ်ကောင်းတဲ့ ဘုရင့်သမီးတော်လေးပေါ့။ ကျွန်မတို့ဟာအမေ့ နောက်ဖေးချောင်က ရေပုံးကြီးကို ဆွဲယူလာပြီး ကာဖီသည်ကြီးလုပ်တမ်းလဲ ကစားသေးသလို၊ အိမ်နားကမြင်းမွေးထားတဲ့အိမ်က လုပ်သလိုမျိုးမြက်တွေကို နှုတ်ပြီး ဖဲ့ချွေကာ မြင်းစာကျွေးတမ်းလည်း ကစားလိုက်ကြပါသေးတယ်။ လယ်ကွင်းတွေကိုလည်းမြင်ဖူးနေကျမို့ ကျွန်မတို့ဟာလယ်ထွန်တမ်းတောင်မှ ကစားလိုက် ကြပါသေးတယ်။ အဲ့လောက် အမျိုးစုံနေအောင်ကစားကြပေမယ့် ကျွန်မတို့နှစ်ယောက်လုံးဟာ အသက်ငါးနှစ်အရွယ် ကလေးတွေဖြစ်ပြီး ကျောင်းတောင်မှမနေရသေးပါဘူး။
ကျွန်မတို့ငယ်ငယ်တုံးကအခုခေတ်လိုမျိုးအိမ်တိုင်းလိုလိုမှာတီဗီမရှိသေးပါဘူး။ကာရာအိုကေတို့ဒီဗီဒီတို့၊ကွန်ပြူတာတို့ဆိုတာတော့ဝေးရောပေါ့။ ကျွန်မတို့စိတ်ကူးထဲမှာရှိတဲ့အတိုင်း ပျော်ရွှင်လွတ်လပ်စွာ ကစားဖို့ အဲဒီပစ္စည်းတွေကကျွန်မတို့ကို အနှောက်အယှက်မပေးနိုင်ခဲ့ပါဘူး။ အများဆုံး ကျွန်မတို့ နားထောင်ရတာက ကလေးတွေမကိုင်နိုင်အောင်လို့ စင်နဲ့အမြင့်ကြီးမှာ တင်ထားတဲ့ သစ်သားရေဒီယိုကြီးပါပဲ။ အဲဒီ့ရေဒီယိုမှာ ကျွန်မတို့ကလေးတွေကို ဖမ်းစားနိုင်ဆုံးကတော့ တစ်ပတ်ကိုတစ်ခါ တနင်္ဂနွေနေ့တိုင်း လာတတ်တဲ့ ပုံပြင်ကဏ္ဍပါ။ ရေဒီယိုကပုံပြင်ဟာ အခုကလေးတွေ တီဗီတွေ၊ ဒီဗီဒီတွေကြည့်သလိုမျိုး ရုပ်မမြင်ရတာမို့ အသံကိုနားထောင်ပြီး စိတ်ကူးထဲကနေ အရုပ်တွေကို ကျွန်မတို့ ပုံဖော်နိုင်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ကွန့်မြူးခွင့်ရခဲ့ကြတယ်။ တနင်္ဂနွေနေ့ နေခင်းဆယ့်နှစ်နာရီဆို ကစားတာကိုရပ်ပြီး ရေဒီယိုနားမှာ ကျွန်မတို့ရောက်နေကြပါ ပြီ။
ရေဒီယိုကပုံပြင်တွေဆီကနေအများကြီးကျွန်မသင်ယူနိုင်ခဲ့တာမို့ရေဒီယိုကပုံပြောတဲ့သူဟာအတန်းကျောင်းမတတ်ခင်မှာကျွန်မရဲ့ပထမဆုံးဆရာမလို့တောင်မှပြောလို့ရပါတယ်။ဒါပေမယ့်အတန်းကျောင်းကိုကျွန်မတကယ်တတ်ရတဲ့အခါမှာတော့ သူငယ်တန်းမှာ ကျွန်မတွေ့ရတဲ့ဆရာမဟာ ကျွန်မကြိုက်တဲ့ပုံပြင်တွေကို မပြောပြတဲ့သူဖြစ်နေပါတော့တယ် (ကျွန်မထင်တာက ဆရာမတွေဟာ ကလေးတွေကို ပုံပြောပြတတ်တယ်လို့ ထင်ထားတာကိုး)။ ဘယ်လိုပဲဖြစ်ဖြစ်မြမြနဲ့ကျွန်မကတော့ မင်းသမီးလုပ်တမ်း၊ စုံထောက်မလုပ်တမ်း ကစားနေဆဲပါ။ ကျောင်းကြီးတတ်ပေမယ့်လည်း မြမြနဲ့ကျွန်မ နေ့စဉ်ကစားမပျက်ပါသလို ကျောင်းမှာ သင်ရတဲ့ ကကြီး၊ခခွေးနဲ့အေဘီစီဒီတို့ဟာကျွန်မတို့ရဲ့နေ့စဉ်ကစားပွဲကိုအနှောက်အယှက်မပေးနိုင်ခဲ့ပါဘူး။
          ကျောင်းမုန့်စားဆင်းချိန်ဆို ကျွန်မတို့အိမ်ကို လမ်းလျှောက်ပြန်ပြီး ထမင်းစားကြတယ်။ တကယ်လို့ ထမင်းသာမြန်မြန်စားခဲ့မယ်ဆိုရင် ကျွန်မတို့ ကျောင်းတတ်ခေါင်းလောင်းမထိုးခင်အချိန်ထိ ကစားလို့ ရသေးတယ်။ ကျောင်းဆင်းတော့ရော.။ ကျွန်မတို့တတွေ ကစားကြတာများ အိမ်ကလူကြီးတွေ ညစာစားဖို့လှမ်းခေါ်တော့မှပဲ အိမ်ပေါ်ကိုတတ်ကြပါတော့တယ်။ ဘယ်သူကမှ ကျွန်မတို့ကိုကစားလှချည့်လို့ တားမယ့်လူ၊ဆူမယ့်လူမရှိခဲ့ပါဘူး။ ကျွန်မကိုယ်ပူ၊နေမကောင်းဖြစ်မှသာ အမေကကျွန်မကို မကစားခိုင်းတာပါ။ ကျန်တဲ့အချိန်ကတော့ကစားချင်သလောက်ကစားပါပဲ။         
ကျွန်မတို့ဟာ လမ်းထဲကတစ်ခြားကလေးတွေနဲ့လည်း အဖွဲ့ကျသွားပြီး တုတ်ဆီးတိုးကြ၊ ကျီးသားရိုက်တမ်း ကစားကြနဲ့။ ကလေးကြီးတွေက သူတို့မောင်လေးတွေ ညီမလေးတွေကိုထိန်းရင်းနဲ့ ဆူညံနေအောင်ကိုကစားကြပါတယ်။ မိန်းကလေးရော ယောက်ျားလေးပါကစားလို့ရတဲ့ စိန်ပြေးတမ်း၊ တူတူပုန်းတမ်း၊ တိုင်ဦးတမ်းနဲ့ ကုန်းလား၊ရေလားကစားနည်းတွေကိုလည်း တခြား ကလေးတွေနဲ့ ရောပြီးပျော်ပျော်ပါးပါးကစားလို့ပေါ့။ မြမြရောကျွန်မပါ စိန်ပြေးတမ်းကစားရလို့ မောသွားပြီဆိုရင်တော့ ပိတ်စအပိုင်းလေးတွေနဲ့ချုပ်ထားတဲ့ ကျွန်မတို့ရဲ့အ၀တ်ရုပ်လေးတွေက ကျွန်မတို့နဲ့အတူတူကစားဖို့ စောင့်နေကြသေးတယ်လေ။
          ကျွန်မနဲ့မြမြဟာဘုရင့်သမီးတော်လုပ်တမ်းလဲကစားလိုက်ကြပါသေးတယ်။ ဘုရင့်သမီးတော်လေး လုပ်တမ်းကစားတဲ့အခါ ဘုရင်လုပ်ဖို့လူလိုတာမို့ ကျွန်မတို့လမ်းထဲကဖိုးအောင်ကို ကျွန်မတို့နှစ်ယောက်ထဲ ကစားတဲ့ဝိုင်းထဲမှာဝင်ကစားဖို့သွားခေါ်တာကိုလည်း မှတ်မိသေးရဲ့။ ကျွန်မတို့သုံးယောက်သား ကျောင်းကိုသွားတဲ့လမ်းတစ်လျှောက်မှာ ဘုရင့်သမီးတော်လုပ်တမ်း ကစားခဲ့ကြတာကို အခုနေ ပြန်စဉ်းစားတဲ့အခါမှာတော့ ကျွန်မတို့ဟာကစားရင်းနဲ့ပဲ လူ့ဘဝအတွက် အရေးကြီးလှတဲ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွေကိုသင်ယူခဲ့ကြတာပဲဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။ ကလေးချင်းကစားတာဟာ ကစားနေတာမဟုတ်ဘဲ လူကြီးလောကထဲကိုဝင်တဲ့အခါမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုရဖို့ ကျွန်မတို့ သင်ယူနေရတာပါ။ ကျွန်မတို့ဟာလွတ်လပ်စွာ ပြေးလွှားရင်းနဲ့ပဲ အမျိုးမျိုးကိုစိတ်ကူးယဉ်ပြီး ကစားခွင့်ရခဲ့ကြပါတယ်။ ညဘက်အမေအိပ်ရာဝင်တဲ့အချိန်မှာ ပြောပြတဲ့ပုံပြင်တွေနဲ့ လူကြီးစကားဝိုင်းက တစ်ချို့အကြောင်းအရာတွေက ကျွန်မတို့စိတ်ကူးယဉ်ကစားဖို့အတွက်မကုန်နိုင်တဲ့အကြောင်းအရာတွေပါပဲ။ ဘကြီးသာထွန်းရဲ့မြင်းလေးပျောက်သွားတဲ့အကြောင်းက ကျွန်မတို့ သူခိုးပုလိပ်တမ်းကစားတဲ့အချိန်မှာ အသုံးတည့်သလို၊ ညဘက်မိသားစုစကားဝိုင်းမှာ ပြောဖြစ်တဲ့ရယ်စရာပုံတိုပတ်စများနဲ့ အမေတို့ ငယ်ငယ်ကအကြောင်းများကို နားထောင်ပြီး ကျွန်မတို့မမှီလိုက်တဲ့ဂျပန်ခေတ်ကို စိတ်ကူးယဉ်ပြီး ကျွန်မတို့ကစားကြတယ်။ အမေတို့၊အဖေတို့ပြောတဲ့အကြောင်းတွေကိုနားထောင်ပြီး စိတ်ကူးနဲ့လိုက်ပြီး ပုံဖေါ်ကြည့်ရတာကိုက ကျွန်မတို့စိတ်မျက်စိထဲမှာတော့တကယ့်ကိုဇာတ်လမ်းအခမ်းခမ်းနဲ့ရုပ်ရှင်ကားတွေပါပဲ။
အခုတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကနေခဲ့ဖူးတဲ့အိမ်အိုလေးနဲ့နယ်မြို့လေးဆီကိုကျွန်မတို့ပြန်ရောက်ဖို့အခွင့်မသာတော့သလိုကျွန်မတို့အိမ်ကသစ်သားရေဒီယိုကြီးလည်းမရှိတော့ပါဘူး။ ဧည့်ခန်းထဲမှာ တီဗီနဲ့ဒီဗီဒီစက်က ကျွန်မတို့ရဲ့ရေဒီယိုကြီးနေရာမှာဝင်ယူလို့။ အိမ်တိုင်းအိမ်တိုင်းလိုလိုမှာ တီဗီစက်တွေ ရှိနေကြသလို၊ တီဗီကလာတဲ့ကိုရီယားတွေရှေ့မှာ ငြိမ်ငြိမ်သက်သက်ထိုင်နေကြတဲ့ကလေး၊ လူကြီးများကို ကြည့်ရင်းနယ်မြို့လေးကရေနွေးကြမ်းဝိုင်းကိုသတိရမိလိုက်သေးရဲ့။ အခုတော့ဖြင့် ကျွန်မတို့အိမ်က မိသားစုအချင်းချင်းနယ်မြို့လေးမှာတုံးကလိုရေနွေးကြမ်းဝိုင်းမဖွဲ့နိုင်တော့တာအတော်ကြာခဲ့ပါပြီ။ ဘတ်(စ) ကားကြပ်ကြပ်ကြီးကို တိုးစီးပြီး နွမ်းကြေနေတဲ့စိတ်နဲ့ ကိုယ်တွေက နောက်တစ်နေ့ မနက်စောစောပြန်ထနိုင်အောင်လို့၊ ထမင်း သုတ်သုတ်စားကာ၊ အိပ်ဖို့ကိုပဲအာရုံစူးစိုက်လို့။ မအိပ်ခင်မှာ တီဗီကလာတဲ့ကိုရီးယားကားအပိုင်းလိုက်က ကျွန်မကလွဲပြီး တစ်အိမ်လုံးကို ဖမ်းညှို့ထားတာမို့အသီးသီး ထမင်းစားပြီးတာနဲ့ တီဗီရှေ့ကိုရောက်လို့ပေါ့။ ကျွန်မရဲ့သားကလေးကရော။ သူလည်း ကျွန်မ ဝယ်ပေးထားတဲ့ သက်မဲ့အရုပ်တွေကို ပျင်းပျင်းရိရိနဲ့ကစားရင်း ကစားရတာကို ပျင်းလာတာမို့ တီဗီရှေ့မှာကြော်ငြာကြည့်ဖို့ စောင့်နေပါတော့တယ်။ ကျွန်မရဲ့သားမှာ ကျွန်မငယ်ငယ်ကလိုမျိုး ကစားဖို့ အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်တောင်မှ ရှိမနေခဲ့ပါဘူး။ အိမ်နားမှာ သားနဲ့ရွယ်တူကလေးတွေ ရှိပေမယ့်လည်း သူတို့ခမြာ ကျောင်းကပြီးတာနဲ့ ကျူရှင်ကို တန်းသွားကြ၊ အိမ်ရောက်တာနဲ့ ကျူရှင်တို့ ကျောင်းတို့က ပေးတဲ့စာတွေကို လေ့ကျင့်ရနဲ့မို့ သားနဲ့ကစားဖို့အချိန် မရှိကြရှာပါဘူး။ တစ်ယောက်ထဲ ကစားနေရတဲ့သားခမြာ ပျင်းပျင်းနဲ့ပဲ တီဗီကလာတဲ့ကြော်ငြာတွေကိုပဲထိုင်ကြည့်နေရပါတော့တယ်။
          တိုက်ပေါ်ကဆင်းတာနဲ့ ကားလမ်းမပေါ်ရောက်သွားတဲ့နေရာမှာ နေရရှာတဲ့သားဟာ ကျွန်မ ငယ်ငယ်တုံးကလိုမျိုး နေ၀င်ချိန်မှာ တိမ်တွေ အရောင်တွေပြောင်းပြောင်းသွားတာကို ငေးပြီး အံ့သြဖို့ အခွင့်ရေးမရသလို ကျွန်မတို့ငယ်ငယ်ကလိုမျိုး ပိုးစုန်းကြူးလေးတွေကိုလည်း ဖမ်းပြီး ဖန်ပုလင်းထဲထည့်ဖို့ နေနေသာသာ ပိုးစုန်းကြူးကိုတောင်မှ သူမတွေ့ဖူးသေးပါဘူး။ သားအရွယ်နဲ့ ဂိမ်းကစားတတ်တာ၊ ကွန်ပြူတာကိုင်နိုင်တာတွေကိုအံ့သြပြီး ကျွန်မငယ်ငယ်ကထက်ပိုတော်တယ်လို့ တွေးချင်ပေမယ့်လည်း ကျွန်မကတော့ သားကိုပုံပြင်တွေပြောပြတတ်စေချင်ပါသေးတယ်။ ကစားနည်းအမျိုးမျိုးကို ဖန်တီးပြီး ဆော့ကစားတတ်စေချင်ပါသေးတယ်။ အနည်းဆုံး သားရဲ့အနားမှာ စက်ပစည်းတွေ၊ သက်မဲ့အရုပ်တွေနဲ့ ၀ိုင်းနေတာမျိုးမဟုတ်ဘဲ ကျွန်မသူငယ်ချင်းမြမြလိုမျိုး သူငယ်ချင်းတစ်ယောက်လောက် သားမှာ ရှိနေခဲ့မယ်ဆိုရင်... သားကစားမယ့် ကစားနည်းဟာပါဝါရိမ်းဂျားလား၊ စပိုက်ဒါမင်းလား။ တီဗီကလာတဲ့ကြော်ငြာတွေလား။ ဘာပဲဖြစ်ဖြစ် ကစားရင်းသမ်းဝေနေတဲ့ သားဆီကနေပြီး လွတ်လပ်ပျော်ရွှင်တဲ့ ရယ်သံသဲ့သဲ့ကို ကျွန်မကြားရနိုင်မယ်ထင်ပါရဲ့။ သားနဲ့ကစားဖို့ ညနေပိုင်း ကျူရှင်မသွားဘဲ ကစားဖို့အချိန်ရှိတဲ့ သားနဲ့ရွယ်တူအိမ်နီးချင်းငါးနှစ်ကလေးကို ကျွန်မ ဘယ်မှာသွားရှာပေးရပါ့မလဲ။ တကယ့်ကိုမလွယ်တဲ့အရာပါ။
          ကျွန်မတို့ခေတ်နဲ့မတူတဲ့ခေတ်ထဲမှာ သားတို့အရွယ်ကလေးတွေကို ကျွန်မတို့နဲ့မတူတဲ့ စိတ်ကူးယဉ်ကစားနည်းတွေနဲ့ လွတ်လွတ်လပ်လပ် စိတ်ကူးပြီး ကစားစေချင်ပါသေးတယ်။ ကလေးချင်းအတူတူမိတ်ဖွဲ့လို့ ပျော်ရွှင်အော်ဟစ်ဆူညံကာ ကစားတဲ့အသံတွေကို နားထောင်ချင်ပါသေးတယ်။ ကလေးကစားဖို့ဆိုတာ ကကြီး၊ခခွေးလိုပဲအရေးကြီးတဲ့အရာပဲမို့ သူတို့ဘ၀အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ကလေးအချင်းချင်းကစားရင်းနဲ့ ရှာဖွေခွင့်ရမယ်ဆိုရင်... အနာဂါတ်မှာ ကလေးတို့ပိုပျော်၊ပိုတော်လာ နိုင်မှာသေချာပါတယ်။
Ref: The important of fantasy play by Vivian gussin paley
ခေတ်ဘုန်းသစ်
Sunday, September 9, 2012
အတိတ်ဟောင်း
          စားပွဲပေါ်မှာ လက်ဖက်ရည်အေးစက်စက် တစ်ခွက် ရှိနေခဲ့သည်။ ဖုန်မှုန့်များဖြင့် ပေကြံနေသော စားပွဲကို ကျွန်မကတစ်ရှုးစ ဖြင့် ဖိသုတ်နေမိ ၏။ နွမ်းလျော်နေသော ခုံအိုကလေး ပေါ်မှာ နွမ်းနယ်စွာ ထိုင်ရင်း သစ်ပင်ပေါ်မှာ ရှဥ့်ကလေးများကို ကျွန်မငေးနေခဲ့မိသည်။ မုန့်တစ်ခုခုမှာစားဖို့ စဉ်းစားမိသေးသော်လည်း ပျင်းရိလေးလံစွာ ငိုက်မျဉ်းနေသော စားပွဲထိုးကလေးများကို ကြည့်ကာ လက်ဖက်ရည် ကိုသာ တစ်ငုံကြိုက်ချလိုက်မိ၏။ လက်ဖက်ရည် အရသာ က ပေါ့ပျက်ပျက်နှင့်။ ကောင်တာ ပေါ်မှာထိုင်နေသည့်  ဆယ်စုနှစ်ထက်မက အိုစာသွားသော ဗလာ မျက်နှာတစ်ခုကို ကျွန်မ မှတ်မိနေသေးသော်လည်း နှုတ်ဆက်ဖို့ရန် နှုတ်တွန့်လေးလံ နေဆဲ။ ကျွန်မ၏ စိမ်းစိုချင်သော စိတ်တို့ကို သွေ့ခြောက် ဟောင်းနွမ်းနေသော ကျောင်းကန်တင်းလေးသည် တစ်စခြင်း စီ စုတ်ယူလိုက်လေပြီ။
          ဟိုဘက်ခပ်လှမ်းလှမ်းနားက စားပွဲမှာတော့  ကျောင်းသားလား ဆရာလား မကွဲနိုင်သော ကျွန်မမသိသော  လူတစ်ယောက် နှစ်ယောက်တို့ ထိုင်နေကြသည်။ ဖုန်စများ၊သစ်ရွက်ခြောက်များ ဖြင့် ပေလူးနေသော စားပွဲတစ်ချို့က ထိုင်သူကင်းမဲ့လျှက်။ တစ်ခါက ဆူညံစွာ ဖြင့်ကျွန်မ တို့လုထိုင်ခဲ့ဖူးသော ခုံတစ်ချို့သည် နွမ်းလျှော်စွာ ဖြင့် ကျွန်မ ကိုမျှော်လင့်တကြီး ငေးကြည့်နေကြသည်။ အို..သူတို့ ကျွန်မကို တစ်ခုခု လှမ်းပြောလိုက်လေသလား။ ဟင့်အင်း..။ ကျွန်မယောင်ယမ်းစွာဖြင့် ခေါင်းကို သွက်သွက် ခါလိုက်မိသည်။ ထိုခုံတို့၏နောက်မှီများပေါ်မှာ တင်ကျန်ခဲ့ဖူးသော အသံတစ်ချို့က ပဲ့တင်ထပ်ကာကျွန်မဆီသို့ ပြန်လာနေခဲ့ပြီ။  သူတို့ကျွန်မကို အပြစ်ဆိုလေသလား။ ကျွန်မသည် အပြစ်ရှိသော အပြစ်သားတစ်ဦးလိုမျိုး စိတ်ပင် ပန်းနာကြင်စွာလျှောက်သူမဲ့ စင်္ကြန်လမ်း ဘက်သို့ထွက်လာခဲ့မိ၏။ စင်္ကြန်လမ်းနံဘေးမှာ တိတ်ဆိတ်နေသော စာသင်ခန်းကျယ်ကြီးများ။ သော့ခလောက်ကြီးများသည် ကျွန်မကို နာကြင်စွာ ငေးကြည့်နေ ခဲ့သည်။ ဟင့်အင်း လှည့်မကြည့်နဲ့။ စာသင်ခန်းတွေကို လှည့်မကြည့်လိုက်ပါနဲ့။ ကျွန်မသည် ကိုယ့်ကိုကိုယ်သတိပေးကာ တစ်ယောက်ထဲ ရှိသော စင်္ကြန် လမ်းပေါ်ကနေ နာနာကြဉ်းကြဉ်း ပြေးထွက် လာခဲ့မိသည်။ အရူးလိုပါပဲ။ ကျွန် မသည် အသံမထွက် ဘဲ ရှိုက်ငိုကာ ၀င်္ကဘာထဲပိတ်မိနေသူတစ်ယောက်လို  ထွက်ပေါက် ကို အမော တကောရှာမိပြန်သည်။  ဘာလို့များ ကျွန်မသည် ဒီမြေပေါ်ကို လာမိပါလိမ့်ဟု ကိုယ့်ဖာသာကိုယ် ပြန်တွေး မိကာ နောင်တရ ၀မ်းနည်းလာခဲ့သည်။ အမှန်တော့ ကျွန်မ ကျောင်းကို မရောက်သည်မှာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ ကျွန်မ၏ မကျက်နိုင်တော့သော အနာသည် ကျွန်မကို တစ်စစ်စစ်ကိုက်ခဲကာ နှိပ်စက်နေခဲ့ပြီ။ ဖြောင့်စင်းလွန်း သော အဓိပတိလမ်းမကြီး ပေါ်မှာ ရှက်စိတ်တို့ဖြင့် ယိုင်နဲ့လဲပြိုရင်း ကျွန်မ ကျောင်းကိုအားနာ လာမိသည်။ ကျောင်း၏ဖျောက်မရသော အတိတ် သမိုင်း တို့သည် ကျွန်မကို သူ့ရဲ့ကြိုးမျှင်များဖြင့် ရုန်းမထွက်နိုင်အောင် တစ်စခြင်းစီ တုတ်နှောင်နေခဲ့ပါပြီ။ ။
          တကယ်တော့ဖြင့် အိုမင်းမသွားသေးသော ထိုလမ်းပေါ်မှာ ကျွန်မတို့ရဲ့ အတိတ်သမိုင်းတွေ ဖျက်၍မရအောင် စွန်းထင်းနေခဲ့ဖူးသည်။  ကျွန်မတို့ အဓိပတိလမ်းပေါ်မှာ ပျော်ခဲ့ကြဖူးသည်။ ငိုခဲ့ကြဖူးသည်။ လွမ်းခဲ့ရဖူးသည်။ နာကြင်ခဲ့ရဖူးသည်။ မျှော်လင့်ခဲ့ရဖူးသည်။ ရဲရင့်ခဲ့ရဖူးသည်။ ငယ်ဘ၀၏ နာကြင်ဖွယ် အိပ်မက်တို့ထဲတွင် မူးရီကာ ကျွန်မတို့ တစ်ယောက်လက်တွေကို တစ်ယောက်မြဲမြံစွာ ဆုတ်ကိုင်ခဲ့ကြဖူးသည်။
 ထိုကျောင်းတွင် သမိုင်းဒဏ်ရာများဖြင့် ညှိုးရီခန့်ညားနေသော ကျွန်မတို့ရဲ့ ဘွဲ့နှင်းသဘင် ကြီးရှိသည်။ ထိုကျောင်းတွင် နှစ်ပေါင်းများစွာ မွေးယူထားရ  သောသက်ရင့်ပင်တို့ ရှိသည်။ နာမည်ကျော် သစ်ပုတ်ပင် ကြီးရှိသည်။ ဦးချစ်ဆိုင်ရှိသည်။ မြကျွန်းသာလက်ဖက်ရည် ဆိုင်ရှိသည်။ ဗိုလ်ချုပ်နေခဲ့ဖူးသော ပဲခူးဆောင် ရှိသည်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုသော ကိုဗဟိန်း ရှိသည်။ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ကြီးရှိရာ မမေ့နိုင်စရာ မြေကွက်လပ်ကြီးရှိနေခဲ့သည်။ မိုးမိုး အင်းလျား ရဲ့ အင်းလျားဆောင်ရှိသည်။ ထိုကျောင်းကနေ ငရဲခွေးများကို ခြိမ်းချောက်ခဲ့ဖူးသည်။ ထိုကျောင်းကနေတစ်ဆင့် နိုင်ငံ၏အရေးကြီးသော အပြောင်းအလဲများကို ပြောင်းလဲစေဖို့ ကျောင်းသားတို့ နိဒါန်းပျိုးကာ စတေးခဲ့ကြဖူးသည်။ ထိုကျောင်းတွင် သွေးနဲ့အလဲထပ်ခဲ့ရသော တန်ဖိုးကြီး လျှော်ကြေး တစ်ချို့ရှိခဲ့ဖူးသည်။ အယ်ဒီတာ တစ်ယောက်ရဲ့ တာဝန်ယူမှု ကို သမိုင်းဝင်အောင် ထိုကျောင်းမှတစ်ဆင့် ပြခဲ့ဖူးသည်။ ထိုကျောင်းမှ တစ်ဆင့်  ကိုယ်ကျိုးမဖက်စွာ စွန့်လွှတ်ဝံ့သော ပရဟိတ လူသားတို့ ပေါ်ထွန်း လာခဲ့သည်။ ကျောင်းသည် တကယ်တော့ ဖျောက်မရသော သမိုင်းတို့ဖြင့် ရဲရင့်စွာ ခမ်းနားခဲ့ဖူးပါသည်.။ ထိုကျောင်းမှ တဆင့် ကျွန်မ တို့ နိုင်ငံ၏ အရေးကြီးသော သမိုင်းရုပ်ထု တို့ကို ထုဆစ်ခဲ့ ဖူးသည်။ နိုင်ငံခေါင်းဆောင်လောင်းများနှင့် အာဇာနည်လောင်း ကြီးများ သွေးလောင်းကာ စိုက်ခဲ့ပျိုးခဲ့သော နှောင်ကြိုးမဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၏ ဖားဖားဝေေ၀ အရိပ်တစ်ချို့ကို ကျွန်မတို့သက်သာလွယ်ကူစွာဖြင့် ခိုနားခဲ့ရဖူး သည်။ အနယ်နယ် အရပ်ရပ်မှ လူတော်တို့စုဝေးခဲ့ဖူးရာ ကျောင်း။ ထိုကျောင်းတွင် ရဲရင့်လွတ်လပ်သော လူငယ်ဘ၀ ရဲ့ ပုံရိပ်တို့ စွန်းထင်းနေခဲ့သည်။ ကျွန်မ သည်ကျောင်း၏သမိုင်း ကို သပိတ်မှောက်ကျောင်းသား၊ အရှေ့မှနေ၀န်းထွက်သည့်ပမာ နှင့်ကောလိပ်ကျောင်းသား တို့ကို ဖတ်ရင်းမှ ခြေရာခံမိကာ ထိုကျောင်းကို ချစ်ခင်စွဲမက်ရတော့သည်။ ကျွန်မ၏ ငယ်ဘ၀ အိပ်မက် တစ်လျှောက်လုံး၌ ကျောင်းသည် ခမ်းနားစွာ စိုးမိုးနေခဲ့ပါသည်။
          သို့သော် ကျွန်မသည် ကံမကောင်းလှစွာပင်  ကျောင်း၏ ဆည်းဆာချိန်မှာ မှ ကျောင်းကို ရောက် ခဲ့ရသည်။ ဆည်းဆာပေမယ့် မိုးတိမ်မှိုင်းတို့ဖြင့် အုံ့ဆိုင်းနေသည်မို့ လားမသိ ကျောင်းသည် တိမ်မတောက် နိုင်လောက်အောင် နွမ်းရီနေခဲ့ပြီ.။ ကျွန်မ ခပ်ငယ်ငယ် ငါးတန်းကျောင်းသူဘ၀လောက် က အကိုတွေ နေခဲ့ဖူးသော ပဲခူးဆောင်ကို လာလည်ရင်း၊ ကလေးပီပီ ၀င်ကြည့်ခဲ့ ဖူးသော သစ်ပုတ်ပင် ခေါင်း သည် လည်းကျွန်မကျောင်းကို ရောက်သည့်အချိန်မှာတော့ မြဲမြံစွာ ကာရံထား ပိတ်ထားခဲ့ပြီ။ ရေတမာ အရိပ်အောက်မှာလည်း ထိုင်စရာခုံတို့ ကင်းမဲ့လျှက်။ ကျွန်မကို ကျောင်းလိုက်ပို့တိုင်း မသိသားဆိုးရွားစွာဖြင့် ဖေဖေပြောတတ် သော သူတို့ခေတ် က တက္ကသိုလ် အကြောင်းကို  လူသွားလူလာ ကင်းရှင်းသော အဓိပတိ လမ်းမကြီးငေးမောကြည့်ရင်း မောပန်းစွာ နားထောင်ခဲ့ရသည်။  တစ်နှစ် အတန်း တက်လာတိုင်း  ကိုယ့်အောက်မှာ အတန်းမရှိသည်မို့ လျှော့နည်းလာသော လူတွေကို ကြည့်ကာ ပိတ်ထားသောစာသင်ခန်းများ ကို အလန့်တကြား ရေတွက်မိပြန်သည်။ ထိုအခါတိုင်း  ကျောင်းသို့မလာခင်က ဖတ်ထားမိသော စာအုပ် တစ်ချို့မှ တက္ကသိုလ်သည် ကျွန်မကိုကိုယ်ထင်ပြကာ ခြောက်လှန့်မြဲ။ လူသွားလူလာရှင်းသော ကော်ရစ်ဒါမှာ အေးအေးလူလူလျှောက်ရတိုင်း နောက်ပြောင်တတ်သည် ဆိုသော ကောလိပ်ဂျင်တို့ကို သတိရလွမ်းဆွတ် မိပြန်သည်။
          ကန္တရထွန်းစပြုလာသော ထိုကျောင်းထဲ ၌ ကျွန်မသည် စာသင်နှစ်တို့ကို ပျင်းရိလေးကန်စွာ ဖြတ်သန်းရင်း ဖြင့် အိုအေစစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တက္ကသိုလ်စာကြည့်တိုက်သည် ကျွန်မရဲ့ ပျင်းရိငြီးငွေ့မှုများကို ခမ်းခြောက် စေနိုင်ခဲ့ပါသည်။ စာကြည့်တိုက်ထဲ၌ ကျွန်မသည် မှိုနံ့စွဲနေသော စာအုပ်ဟောင်းများကို တမက်မက် တပွေ့ပွေ့ လုပ်ရင်းဖြင့် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ထိန်းကျောင်း ခဲ့ရသည်။  ကျောင်းသို့မလာခင် က စာအုပ်တွေ ထဲကတစ်ဆင့် ကျွန်မမြည်းစမ်း ခဲ့ရဖူးသော တက္ကသိုလ် ကို ချင်ခြင်း တပ်လာတိုင်း စာကြည့်တိုက်ဥခွံထဲ၌ ကြောက်လန့်တကြား ပုန်းအောင်းခိုဝင်လာ မေ့ပျောက်နိုင်ဖို့ ကြိုးစားရပြန်သည်။
          သို့သော် အဓိပတိလမ်းသည် ကျွန်မ ကို ခွန်အားတစ်ချို့ နှင့်အတူ လွယ်လင့်တကူ ကျမပျောက်သွား နိုင်သော မျှော်လင့်ချက်တစ်ချို့ကိုလည်း ကျိန်စာတစ်ခုသဖွယ် ကမ်းလင့် ပေးခဲ့ပါသည်။     ကျွန်မ ဘ၀၏ တစ်ချို့သော နာကြင်မှု၊ ပျော်ရွှင်မှု၊ မျှော်လင့်မှု အစိတ်အပိုင်း တို့ကို လည်း အဓိပတိလမ်းပေါ်မှ ပင် ကျွန်မ ကောက်ယူကာ တစ်စချင်းစီ တွဲစပ် တပ်ဆင် ခဲ့ရဖူးသည်။ တဖြောင့်ထဲ သော ထိုလမ်းပေါ်မှာ ကျွန်မတို့ လျှောက်ခဲ့ကြဖူးသည်။   မိတ်ဆွေ တစ်ချို့ ပျောက်ရှခဲ့ဖူးသည်။ ထူးအိမ်သင်၏ မီးမထွန်း သော အခန်းကျဉ်း လေး ထဲက လိပ်ပြာငယ်လေးများရဲ့ ၀ိညဉ်ကို ထိုကျောင်းထဲတွင် အမောတကောဖြင့်  ကျွန်မတို့လိုက်ရှာ ခဲ့ဖူးသည်။ငယ်သေးသည်မို့ ကျွန်မတို့သည် သစ္စာတရားတို့ကို မိုက်မိုက်မဲမဲ ယုံကြည်ခဲ့ကြဖူးပါသည်။ ယုံကြည်ရာလမ်းမပေါ်မှာ နောက်ကျောလုံလုံဖြင့် ရပ်တည်ရင်း ရှေ့ကိုစူးရဲစွာ မျှော်ကြည့်ခဲ့ကြဖူးသည်။ တကယ်တော့ဖြင့် ကျွန်မ၏ တက္ကသိုလ် ကာလနှစ်အနည်းငယ် သည် တက္ကသိုလ် ၏ အရသာ ကို ဖိတ်တစ်ဝက်စင်တစ်ဝက် ဖြင့် သာ ရခဲ့ ရသည်မို့ ဖေဖေ တို့ခေတ် က တက္ကသိုလ် လို ပျော်စရာ ကောင်းလှချည် ရဲ့ လို့ တော့ ဖြင့် ဆို၍ မရနိုင်ခဲ့ပါ။ သို့သော် ထိုကျောင်းကာလလေးသည် ကျွန်မ၏ အတိတ်ထဲ၌ ခမ်းနားစွာ နေရာယူနေခဲ့ပါသည်။ အဓိပတိလမ်းမကြီး ပေါ်မှာ ကျွန်မတို့ရဲ့ ခြေရာတို့သည် ကျွန်မတို့ရဲ့ နှလုံးသားပေါ်မှာ စွဲမြဲစွာ ထင်ကျန်နေရစ်ခဲ့၏။ ထိုအခါ ကျောင်းသီချင်းများကို အဝေးတစ်နေရာဆီ မှ ကျွန်မကြားတိုင်း စူးနစ်နာကြင်စွာဖြင့် ပင် ကျွန်မငိုချင်လာတတ်သည်။
           ကျောင်းကို လွမ်းတိုင်း ကျွန်မသည် စကားစရှာကာ ပြောစရာလူမရှိသည်မို့ ကျွန်မ၏ တူမလေးများကို ကျောင်း အကြောင်း ပြောမိတတ်၏။ ကျောင်း၏ ၀ိညာဉ်သည် မျိုးဆက် တစ်ဆက် ကွာခြားသောထိုက လေး တို့ကို မဖမ်းစား မပူးကပ်နိုင်တော့ပြီလား။ သူတို့ကျောင်းကို စိတ်မ၀င်စားတော့ပြီ။ ကျောင်း၏ သမိုင်းသည် ကျွန်မတို့ နိုင်ငံ၏ အရေးကြီးသော မှတ်တိုင် တို့ဖြစ်ခဲ့ဖူးသည်ကို ကလေးတို့က ပီကေ တဖြောက်ဖြောက် ၀ါးကာ ပျင်းရိစွာ နားထောင်နေခဲ့ပြီကော။သမီးတို့ ရောက်ဖူးပါတယ် ပျင်းစရာကြီးပါ ဟု ပြန်ပြောတတ်သော တူမလေးများကို ကျွန်မသည်နွမ်းလျော်သွေ့ခြောက်နေသော ထိုကျောင်းသည် အရှေ့တောင်အာရှမှာ တစ်ခါက ဂုဏ်ယူဖွယ်ရာ ကျောင်းဖြစ်ခဲ့ဖူးသည် ဟု ကယောင်ကတမ်းဖြင့် ပြောမိတတ်ပြန်သည်။ သူတို့ တက်ရမည့်  တက္ကသိုလ်ကျောင်းကို ဝေးလွန်းလို့ ဟုဆိုကာ အဝေးသင် တတ်ရင်း အပြင်သင်တန်းတွေကို သာ တစ်ခုပြီးတစ်ခုတတ်နေသော ကျွန်မတူမလေးများသည် ကျွန်မပြောသော ကျောင်းအကြောင်း ထက် အက်အီးစီ သွင်းကာ ဖြေရမည့်စာမေးပွဲများ အကြောင်းကို ပို၍ စိတ်ဝင်စားနေခဲ့သည်။ ကျောင်းဝိညဉ်သည် သူတို့ကို မပူးကပ်နိုင်တော့ပြီ။ ရင်းရင်းချာချာသူငယ်ချင်း မရှိသော ကန်တင်းမထိုင်ဖူးသော သူတို့ကို ကျွန်မက ကျွန်မတက္ကသိုလ်တတ်ခဲ့ရဖူးသော ပျော်စရာနှစ်များ အကြောင်းကို ရှာဖွေကာ ပြောရမည်လား။ တက္ကသိုလ် အရသာကို ပေါ့ပျက်ဖွယ်တယ်စွာ မြည်းစမ်းရသည်ထက် စာရင် သူတို့ ဘ၀အတွက် သင်တန်းတွေတစ်ခုပြီး တစ်ခု တတ် နေသည်က ကောင်းသည်ဟု ထင်လိုက်ရမည်လား။ ကျွန်မ မဝေခွဲ နိုင်တော့ပါ။ တစ်ဦးချင်းစီ အပြိုင်အဆိုင် တိုးတတ်ကြဖို့ ကြိုးစားနေရသော ခေတ်ထဲတွင် မိတ်ဆွေများနှင့် ယုံကြည်မှု ဆိုတာ နင်းတတ်စရာ လှေကားထစ်တစ်ခုသာ။ ဘ၀၏အချိုမြိန်ဆုံး တက္ကသိုလ် ကာလ တစ်ချို့ကို ဖိတ်တ၀က်စင်တစ်ဝက် တောင်မှမရသော ကလေးတို့ထက် စာရင် ကျွန်မကံကောင်း သေးသည် ဟု ဆိုရမည်ထင်သည်။ မည်သို့ပင်ဖြစ်စေ ကံကော်ရနံတွေ မွှေးပျံရီဝေနေတာကို တော့ ကံကောင်းကြီးစွာ ကျွန်မ ရှုရှိုက်ခွင့်ရခဲ့ဖူးသေးသည်။ ငြိမ်သက်တိတ်ဆိတ်နေသော ထိုကျောင်းနှင့် ကျွန်မ သည် ကံကောင်းလွန်းလှစွာ ရင်းနှီးခွင့်ရ ခဲ့ဖူးသည်ပေါ့။အဲလောက်ဆိုရင်ဖြင့် ကျွန်မ ကျေနပ်သင့်ပြီထင်သည်။
          မွှေးပျံရီဝေနေသော ကံကော် တောအုပ်သည် နူးညံ့သော ၀တ်ဆံမှုန်များကို တိတ်ဆိတ်စွာ ချွေချနေခဲ့ ပြီ။    သမိုင်းဝင် မြေကွက်လပ်ကြီး တစ်ကွက်နားက ဗိုလ်အောင်ကျော် သည် ကျွန်မကို တစ်စုံတစ်ရာ စကား ဆိုလေသလား။ ထိုမြေကြီး ကို နင်းရတိုင်း ကျွန်မကိုယ်တွင်းတစ်နေရာမှ ကျောင်းသွေးသည် ပွက်ပွက် ဆူထကာ ကျွန်မကို နှိပ်စက်မြဲ ရှိပါသေးသည်။ ခေတ်အဆက်ဆက် ကဒါဏ်ရာတို့ဖြင့် ရင့်ကျက်နေသော ကျောင်းကတော့ လောကဒဏ်ကို မတုန်မလှုတ်တော့ပြီမို့  ကျွန်မကို ချော့မော့ကာ စကားဆိုဆဲ။ နေ့တာတိုသော ဆောင်းပေမို့ ခဏနေ ကျောင်းတပြင်လုံး အမှောင်လွှမ်းဦးတော့မည်။ ကျွန်မချစ်သော ကျောင်းသည် ကြယ်ပျိုးပြောက် များ ကြားမှာပင် အထီးကျန်စွာ တိတ်ဆိတ်နေဦးတော့မည်။ ကျောင်းအပြင်ဘက်မှာ ဆူညံနေသော လှည်းတန်း လမ်းမကြီး ရှိသည်ပဲ။ ကျွန်မ ခြေတစ်လှမ်း လိုက်ရုံလေးသာပဲ။ ကျောင်းကတော့ဖြင့် ကျွန်မ ရဲ့နောက်ဘက်မှာ ထင်ရှားစွာဖြင့် ကျန်နေခဲ့ပါဦးမည်။
ပန်းရိပ်ဖြူ
         ကလျာမဂ္ဂဇင်း