Monday, October 1, 2012
ဝက်ဝံကလေး ဖိုးကြွား
ဂျုနီယာ မဂ္ဂဇင်းမှာ ကျွန်မရေးခဲ့တဲ့ပုံပြင်လေးပါ။ လူ့ဘ၀ရဲ့လူတွေထဲမှာ ဖြစ်တတ်တဲ့သဘာဝလေးကို ကလေးတွေဖတ်ဖို့ ရယ်စရာလေး အနေနဲ့ရေးထာတာမို့ ကျွန်မသိပ်သဘောကျတဲ့ ပုံပြင်လေးပါပဲ။ သားလေးကိုဖတ်ပြရင်းနဲ့ပဲ ဘာသာပြန်ဖြစ်ခဲ့တဲ့ပုံပြင်လေးပါ။
အမွေးပွပွလေးတွေနဲ့ ၀က်ဝံရုပ်လေး ဖိုးကြွားဟာ အင်မတန်မှ အ ကြွားသန်တဲ့ ၀က်ဝံရုပ်လေး တစ်ကောင်ပါ။
“ဟေ့ ငါ့အမွှေးလေးတွေကို ကြည့်စမ်းကွ၊ ရှည်ပြီးတော့ နူးညံ့နေတာပဲ။ အရောင်ကလည်း တောက်တောက် လေး” လို့ တစ်ခြား အရုပ်လေးတွေကို သူ့ရဲ့ အမွှေးတွေကို ပြပြပြီးတော့ကြွားလေ့ ရှိတယ်။
သူက  သူတော်ကြောင်းတတ်ကြောင်း၊ လှကြောင်းကို သူများကို ပြောနေရတာကို  သိပ်ကြိုက်တယ်ကွဲ့။
“ဒီကစားစရာအခန်းထဲက ရှိသမျှ အရုပ်တွေအားလုံးထဲမှာ ငါက အတော်ဆုံးအရုပ်ပဲ” လို့ သူက သူ့ကိုယ်သူ အမြဲပြောလေ့ရှိတယ်။
သူက အဲလို သာ သူ့ကိုယ်သူ အဟုတ်ကြီး ထင်ပြီးတော့ ကြွားနေတာ ကွဲ့။ တခြားအရုပ်တွေက သူ့ကွယ်ရာ မှာ သူ့ရဲ့ အကြောင်းကို ပြောပြောပြီးတော့ ဟားနေကြတာကိုတော့ သူ့ခမြာ မသိရှာဘူး။
“ ဒီဝက်ဝံငကြွားက သူ့ကိုယ်သူ သိပ်တော်နေတယ်လို့ ထင်နေတာကွ” လို့ခွေးရုပ်စုတ်ဖွားက စိတ်ပျက်လက်ပျက် အသံနဲ့ ပြောလိုက်တယ်။
“ တကယ်တော့ ငါတို့အားလုံးက သူ့ကြွားလုံးတွေကို မုန်းလွန်းလို့ စိတ်ပျက်နေကြပြီ ဆိုတာကို ဒီကောင် မသိရှာဘူး။ အဲလို မသိတာကို က ဒီကောင် ညံ့လွန်းတာပေါ့ကွ”
“ ဒီလိုသာကြွားနေ တနေ့တော့ ဒီကောင် သင်ခန်းစာကောင်းကောင်း ရလိမ့်မယ်” လို့မျောက်ရုပ်ကလေး ကပြောလိုက်ပါတယ်။
          တစ်နေ့ နေသာတဲ့ရက်တစ်ရက်မှာပေါ့….။ အရုပ်လေးတွေအားလုံး အခန်းထဲမှာ ဘာမှလုပ်စရာ မရှိလို့ ပျင်းနေကြတုံး အ၀တ်နဲ့လုပ်ထားတဲ့ အရုပ်ကလေးက “ နေလေးသာတုံး အပြင်မှာ လျှောက်လည် ရ ရင် သိပ်ကောင်းမှာပဲကွာ”လို့ ပြောလိုက်တယ်။
          “ တောထဲ သွားပြီး ပျော်ပွဲစားထွက်ရရင်တော့ ပျော်စရာကောင်းမယ်ကွ” လို့ ၀က်ဝံအို အရုပ်ကြီးက ပြောလိုက်တယ်”
          “ ငါတို့  မြန်မြန်ရောက်အောင်လို့ အရုပ်ကားကို မောင်းပြီးတော့ သွားကြရင် ကောင်းမယ်”လို့ ယုန်လေးက ပြောလိုက်ပါတယ်။
          “ ဒါပေမယ့်ငါတို့ထဲမှာ ဘယ်သူမှ ကားမမောင်းတတ်ဘူးလေကွာ”လို့ အ၀တ်ရုပ်လေးက စိတ်မကောင်းချင်း ကြီးစွာနဲ့ပြောလိုက်ပါတယ်။
 အဲဒီ့အချိန်မှာပဲ ထောင့်တစ်ထောင့်ကနေ “ကား ငါမောင်းတတ်တယ်”ဆိုတဲ့ အသံတစ်သံ ထွက်လာပါတော့တယ်။ ကားမောင်းတတ်တယ်လို့ ပြောလိုက်တဲ့သူက ဘယ်သူလဲ ဆိုတော့ အရုပ်ကလေး တွေပြောတာကို တစ်ချိန်လုံး ငြိမ်ငြိမ်လေးထိုင်နားထောင်နေတဲ့ ၀က်ဝံလေးဖိုးကြွားပေါ့။
          “ဟေ့ကောင် မင်းကားမောင်းတာကို ငါတစ်ခါမှ မတွေ့ဖူးဘူးနော်”လို့ ယုန်က မယုံသင်္ကာနဲ့ ဖိုးကြွားကို ပြောလိုက်ပါတယ်။ ဒါပေမယ့်ဖိုးကြွားကတော့ ခပ်တည်တည်နဲ့ပဲ
“မင်းတို့ ဘယ်သိမလဲ ကွ။မင်းတို့အိပ်ပြီဆိုတဲ့ အချိန်ကျတော့မှ ငါက ကားလျှောက်မောင်းတာကိုး။ ငါက ကားမောင်းသိပ်ကျွမ်းတဲ့ကောင်ပါ စိတ်ချပါလို့”  ပြောလိုက်တယ်။
          “အေးဒါဆိုလည်း သွားကြမယ်ကွာ..အချိန်မရှိဘူးဟေ့ အားလုံးကားထဲ ၀င်ကြတော့ ”လို့ အ၀တ်ရုပ်လေးက နှိုးဆော်လိုက်ပါတယ်။
          “အာ..ဒီနေ့ငါ ကားသိပ်မမောင်းချင်ဘူးကွာ..သိပ်ပူလွန်းတယ်”လို့ ဖိုးကြွားက ညီးညီးညှူညှုနဲ့ ပြောလိုက်တယ်။ဒါပေမယ့် ဘယ်သူကမှ ဖိုးကြွားစကားကို အရေးလုပ်နားမထောင်ကြတော့ဘူး။ အားလုံးပျော်ပွဲစား သွားဖို့ စိတ်တတ်ကြွနေတာမို့ ကားပေါ်ကို အလုအယက် တတ်ထိုင်ကြတော့တယ်။ ဖိုးကြွားလည်း မတတ်သာတဲ့ အဆုံး ကားမောင်းမယ့် နေရာမှာ တတ်ပြီးတော့ ထိုင်လိုက်ရတော့တယ်။ ကလေးတို့ရေ..တကယ်တော့ ဖိုးကြွားက ကားမောင်းတတ်တာ မဟုတ်ဘူးကွဲ့။ တစ်ခါမှလည်း ကားမမောင်း ဘူးသလို၊ ကားကို ဘယ်လိုမောင်းရမလဲ ဆိုတာကို မသိတာမို့ ကားမောင်းရမှာကို သူအရမ်းကြောက်နေတယ်။ ဒါပေမယ့် သူကားမမောင်းတတ်တာ၊ သူအရမ်းကြောက်နေတာကို သူ့သူငယ်ချင်း အရုပ်ကလေးတွေ မရိပ်မိအောင်လို့သူက ဟန်ဆောင်နေတယ်လေ။
          ဒါနဲ့ ဖိုးကြွားဟာ ခပ်တည်တည်နဲ့ ကားကို မောင်းချသွားလိုက်တာ၊ လမ်းကြားလေးထဲကို ကားလည်းချိုးလိုက်ရော ဖိုးကြွားဟာ ကြောက်လန့်တကြားနဲ့ ကားဟွန်းကြီးကို နှိပ်လိုက်မိပါရော။
 ကံကောင်းကြီးစွာပဲ  ဖိုးကြွားရဲ့ကားဟာ ဖြောင့်ဖြောင့်ဖြူးဖြူးမောင်းသွားနိုင်တာမို့  အရုပ်လေးတွေအားလုံး လည်းကားပေါ်မှာ ပျော်ပျော်ပါးပါးကြီး သီချင်းတွေဆိုပြီးတော့ လိုက်လာနိုင်ကြတော့တယ်။
“ဟေ့ဟေ့.ဖိုးကြွား မင်း ကားကို တောလမ်းထဲကွေ့ဝင်ဖို့ မေ့သွားပြီနော်။ငါတို့က တောထဲမှာပျော်ပွဲစား သွားမှာလေကွာ”
တောလမ်းထဲ ကို ကွေ့မ၀င်ဘဲနဲ့ ဖိုးကြွားက ကားကို တောက်လျှောက် မောင်းသွားတာမို့ အ၀တ်ရုပ်လေးက ဖိုးကြွားကို သတိလှမ်းပေးလိုက်တယ်။
“ဘယ်ကို သွားရမလဲ ဆိုတာငါသိပါတယ်ကွ…မင်းတို့ ငါမောင်းတဲ့နောက်သာ အေးအေးဆေးဆေးလိုက်ခဲ့ကြ” လို့ ဖိုးကြွားက  ပြောလိုက်တယ်။ ပြီးတော့ ကားကိုဒီ့ထက်မြန်သထက် မြန်အောင်လို့ အရှိန်ကိုတင်ပြီးတော့ မောင်းလိုက်ပါရော…….။
“ဟေ့ကောင်..ဟေ့ကောင် အရှိန်လျှော့ပါဦးကွာ”
ဦးဝက်ဝံ ရုပ်ကြီးက ဖိုးကြွားကို အလန့်တကြားနဲ့ တားလိုက်တယ်။
“ အိုအို..ငါ့အမွှေးတွေတောင် ကြွတ်ပြီးတော့ လေထဲလွင့်ကုန်ပြီ”
ဦးဝက်ဝံရုပ်ကြီး ခမျာ အထိတ်ထိတ်အလန့်လန့် ဖြစ်လာပါပြီ။
“ကားနောက်မှာကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး ဇိမ်နဲ့ ငြိမ်ငြိမ်ထိုင်နေစမ်းပါဗျာ” လို့ဖိုးကြွားက ဦးဝက်ဝံကြီးကိုလှမ်းပြောလိုက်ပြီးတော့ ကားကို ဒီ့ထက်မြန်သထက် မြန်အောင် မောင်းလိုက်ပါတော့တယ်။ ကားထဲမှာရှိနေတဲ့ တခြား အရုပ်တွေအကုန်လုံး အဲဒီ့အချိန်မှာ ကြောက်စပြုလာပါပြီ။ ဒါပေမယ့်  ဖိုးကြွားကတော့ ကားမောင်းရတာကို သိပ်ပျော်လာပြီလေ။
“ငါဘယ်လောက် ကားမောင်းကျွမ်းသလဲ ကြည့်စမ်း။ လက်တောင်မှလွှတ်ပြီးတော့ မောင်းပြလိုက်ဦးမယ်”
အဲဒီ့အချိန်မှာပဲ ဖိုးကြွားတို့ကားဟာ လမ်းကွေ့တစ်ခုကို ရောက်လာပါတော့တယ်။ လက်လွှတ်ပြီးမောင်းလာမို့ ဖိုးကြွားဟာ ကားကိုမထိန်းနိုင်တော့ဘူးပေါ့။  ကားဟာ..လမ်းဘေးကို ထိုးကျသွားပြီးတော့ ကားလမ်းဘေးက သစ်ပင်ကြီးတစ်ပင်ကို “ဒုံး”ဆိုပြီးတော့ ၀င်တိုက်မိပါတော့တယ်။ ကားပေါ်မှာ ပါလာတဲ့ အရုပ်လေးတွေအားလုံးလဲ ဘေးကခြုံပုတ်တွေ၊ မြက်ခင်းတွေထဲ ပြုတ်ကျကုန်တော့တာပေါ့။ ဒါပေမယ့် ကံကောင်းစွာပဲ သူတို့အားလုံး ခေါင်းနည်းနည်းပါပါး မူးသွားရုံက လွဲပြီးတော့ ဘယ်သူမှာ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရကြဘူး။ အားလုံးက ဖိုးကြွားကို စိတ်တိုကြတယ်။
“မင်း အရူးကောင်ပဲကွ။ မင်းလုပ်တာ အားလုံးသေသွားနိုင်တယ်” ယုန်ရုပ်လေးက ဒေါသတကြီးနဲ့ ဖိုးကြွားကိုပြောလိုက်ပါတော့တယ်။
“ကဲ..ကဲ ..စကားများမနေကြနဲ့တော့  ငါတို့မမှောင်ခင် အိမ်ကို လမ်းလျှောက်ပြန်ကြ ရအောင်”လို့ အ၀တ်ရုပ်လေးကပြောလိုက်ပါတယ်။
“ငါတို့ အခုရောက်နေတာ ဘယ်နေရာပါလိမ့်” လို့ အ၀တ်ရုပ်လေးက မေးလိုက်တဲ့ အချိန်မှာတော့ အားလုံး က ဖိုးကြွားကို လှမ်းကြည့်လိုက်ပါတော့တယ်။
“ငါ့ကို မမေးကြပါနဲ့” ဖိုးကြွားက တုန်တုန်ရီရီနဲ့ ခပ်တိုးတိုးလေး ဖြေလိုက်တယ်။
“ မင်းပြောတော့ မင်းဘဲ လမ်းသိတယ်ဆို” ၀က်ဝံအိုကြီးက စိတ်မရှည်တဲ့အသံနဲ့ ဖိုးကြွားကို ခပ်ဆတ်ဆတ် ပြောလိုက်တယ်။
“အဲဒါ ကျွန်တော် ဟန်ဆောင်ပြီးတော့ ညာပြောမိတာပါ” လို့ ဖိုးကြွားက ငိုသံပါကြီးနဲ့ ပြောပါတယ်။
“ တကယ်တော့ ကျွန်တော်က ကားလည်း မမောင်းတတ်ပါဘူး။ လမ်းလဲ မသိဘူး။ အခုရောက်နေတာဘယ်နေရာလဲ ဆိုတာကို ကျွန်တော်တကယ်မသိပါဘူး ခင်ဗျာ”
ပြောရင်းနဲ့ ဖိုးကြွားက တအိအိနဲ့ ရှိုက်ကြီးတငင် ငိုချမိပါတော့တယ်။
အရုပ်တွေအကုန်လုံးက ဖိုးကြွားကို မသနားတဲ့အပြင် စိတ်တိုစိတ်ဆိုးကြတော့တာပေါ့။
“ မင်း..သိပ်ဆိုးတဲ့ ငကြွားကောင်ပဲကွ၊ ကြည့်စမ်း ..မင်းအကြွားပိုလို့ အခု ငါတို့တွေ ဒုက္ခရောက် ကုန်ပြီ”လို့ အရုပ်ကလေးတွေက ဒေါသတကြီးနဲ့ ပြောကြတယ်
 အရုပ်ကလေးတွေ ခမြာ အိမ်ပြန်ရမယ့် လမ်းလဲ မသိတာမို့ တစ်ညလုံး တောကြီးထဲမှာ တယောက်လက်ကို တစ်ယောက်တွဲပြီးတော့ စမ်းတ၀ါးဝါးနဲ့ လျှောက်သွားနေရတာပေါ့။ မှောင်ထဲမှာ အရိပ်ကြီးတွေကလည်း ကြောက်စကြီးတွေကိုး။ ဘယ်တုံးကမှ သူတို့ ဟာ ညမှောင်ကြီးထဲကို အပြင်ထွက်ဘူးကြတာမဟုတ်ဘူးလေ။ နံနက်မိုးသောက်လို့ အလင်းရောင်လေး နည်းနည်း ထွက်လာချိန်မှာပဲ သူတို့ဟာ မီးလင်းနေတဲ့အိမ်လေး တစ်အိမ်ကို လှမ်းမြင်လိုက်ပါတော့တယ်။ အိုး…ဒါသူတို့ရဲ့ အိမ်လေးပဲ…။ သူတို့အားလုံးပျော်သွားပြီးတော့ ဟေး ခနဲအော်ပစ်လိုက်ကြတယ်။
နောက်ဆုံးတော့ သူတို့ အိမ်ကိုပြန်ရောက်လာပြီလေ။
ကံကောင်းထောက်မစွာပဲ အရုပ်ကလေးတွေရဲ့ ပိုင်ရှင် ကောင်မလေးဟာ သူအိပ်ပျော်နေတုံး သူ့အ၇ုပ်ကလေးတွေ အပြင်ကိုထွက်သွားတာနဲ့ တစ်ည အိမ်ကပျောက်သွားတာကို မသိလိုက်ရှာဘူး။ ဒါပေမယ့် သူ့ရဲ့ကားနီလေး ဘယ်နေရာမှာမှာ ရှာမတွေ့တော့တာကိုတော့ ကောင်မလေး ခမြာ အံသြနေမိပါတော့တယ်။
ဖိုးကြွားကတော့ သူကြွားမိလို့သူ့သူငယ်ချင်းတွေ အားလုံးဒုက္ခရောက်ကြရတာကို စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒါပေမယ့် သူ့ သူငယ်ချင်းအရုပ်တွေကတော့ ဖိုးကြွား ကြောင့်ဒုက္ခရောက်ခဲ့တာကို မေ့ပြစ်လိုက်ကြပါပြီ။ အားလုံးသူ့ကို ခင်ခင်မင်မင်နဲ့ပဲ ဆက်ဆံကြပါတယ်။အဲဒီ့နေ့က စလို့ ဖိုးကြွားဟာ သူ့ရဲ့ ကြွားတဲ့အကျင့်ကို ဖျောက်လိုက်ပါတော့တယ်။
ခေတ်ဘုန်းသစ်
Junior Magazine (Sept, 2012)
No comments: