Thursday, November 29, 2012

စောင့်စားသူ







လက်ဖက်ရည် ဆိုင်၌ ကျွန်မ ထိုင်နေခဲ့သည်။ ဘယ်နှခွက် မြောက်မှန်း မသိနိုင်သော ရေနွေးကြမ်းကို တဂွပ်ဂွပ်ဖြင့် မော့သောက်လျက် ဖတ်လက်စ ၀တ္ထုတို တစ်ပုဒ်ထဲမှာ မြစ်ကမ်းနံဘေးမှ သစ်ပင် စိမ်းမြသည်လည်း ကျွန်မကို မစိမ်း မြနိုင်တော့ပါ။
စားပွဲထိုးကလေးများ၏ အသံတို့သည် ကျွန်မ နားထဲ၌ ပုရစ်လေးတွေ ဆူညံနေသလို ညံစီ၍လာသည်။ ကျွန်မ စိတ်တိုလာပြီ။

နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီပင် ခွဲတော့မည်။ ချိန်းထားသည်က ဆယ်နာရီခွဲ။ မလာတော့ဘူးဟု ထင်ကာ ကျွန်မ ထသွားခဲ့ရင်တော့ မိတ်ပျက်တော့မှာ သေချာသည်။ ဘာလို့လဲ ဆိုတော့ ကျွန်မသည် စောင့်စားခြင်းနှင့် နာမည် ကျော်လွန်းသူ ဖြစ်သည်။ ကျွန်မနှင့် ချိန်းထားပြီးသူ မှန်သမျှကို ဘယ်လောက်နောက်ကျကျ
စိတ်မဆိုးတတ်သော၊ မလာမချင်းစောင့်တတ်သော ကျွန်မ၏ ဂုဏ်ပုဒ်သည် မိတ်ဆွေများအကြား၌ ကျော်ကြားလွန်းခဲ့၏။ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်ကာ ချိန်းထားသူ မလာမချင်း ကျွန်မက စိတ်ရှည်ရှည်နှင့် စောင့်မြဲ။

ထို့ကြောင့်လားတော့ မသိပါ။ ကျွန်မ ချစ်သူနှင့် ကျွန်မ ချစ်သူသက်တမ်း တစ်လျှောက်တွင်လည်း ကျွန်မသည်သာ စောင့်ရသူဖြစ်တော့သည်။ သူ မလာသေးလည်း ကျွန်မ စာဖတ်နေမှာပဲဟု ယုံကြည်ကာ စိတ်ထင်တိုင်းကို နောက်ကျလေတော့သည်။ ကျွန်မ ချစ်သူသာ မဟုတ်ပါ။ ကျွန်မနှင့် ပတ်သက်သော မိတ်ဆွေများ အားလုံးသည် ကျွန်မနှင့် ချိန်းတိုင်း အားလုံးနောက်ကျမှ လာတတ်ကြတော့သည်။ ကျွန်မထက် အရေးကြီးသော၊ ကျွန်မထက် စိတ်ဆတ်သော၊ ကျွန်မလောက် အချိန်မပေးနိုင်သော သူတို့ထံ အရေးတကြီး ပြေးလွှား သွားတော့သည်။ လူတစ်ယောက် ကျွန်မနှင့် ရင်းနှီး လာလေလေ ထိုလူကို စောင့်ရသည့် အချိန် ပိုကြာလာလေလေ ဖြစ်လာသော အခါ ကျွန်မ သည် လူတို့၏သဘောကို စစ်ကြော မိလာတတ်သည်။

အချိန်များစွာ ကြာအောင် တစ်နေရာတည်းမှာ ထိုင်၍ စောင့်စားရခြင်းသည် မည်မျှ ငြီးငွေ့ဖွယ် ကောင်းကြောင်းကို စောင့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ တစ်ခါ တလေတော့ လူပီပီပင် ကျွန်မ စိတ်တို လာချင်သည်။ ထိုအခါ အမြဲတမ်း စိတ်ရှည်ရှည်နှင့် စောင့်နေသူက စိတ်တိုရပါမည်လားဟု ကျွန်မကို စိတ်ဆိုးချင်ကြပြန်သည်။ ခက်ပဲ ခက်ရချည့်ရဲ့။ တချို့ကလည်း ကျွန်မ စိတ်ရှည်ရှည်ဖြင့် စောင့်စားဖူးသူ တချို့နှင့် ကြေးတန်းတိုက်ကာ ဘယ်သူ့ကိုတော့ ဘယ် လောက်စောင့်ထားတာပဲဟု ဆိုချင်တတ် ပြန်၏။ တချို့ကတော့ စာဖတ်ပြီးနေရ တာများ စိတ်တိုနေရသေးလားဟု ဆို တတ်ပြန်သည်။

အခန်းထဲမှာ စိတ်အေးလက်အေး စာဖတ်နေရသည်နှင့် လူတစ်ယောက်ကို စောင့်နေရသည့် အချိန်မှာ စာဖတ်ရသည်က ဘယ်လိုမှ မတူနိုင်ကြောင်းကို ကျွန်မ ရှင်းမပြချင် တော့လောက်အောင် သူတို့ မေ့ချင် ယောင်ဆောင်နိုင်လွန်းလှရော။ အရိပ်မြင်တိုင်း မော့မော့ကြည့်ရသော ဒုက္ခကို မစောင့်စားဖူးသူတို့က ကိုယ်ချင်းစာနိုင်မည် မဟုတ်ပါ။

ကျွန်မသည် လူတို့၏ စကားကို ယုံကြည်တတ်သူမို့ လာမည်ဟု ဆိုသော သူကို မလာမချင်း စောင့်တတ်ခဲ့သည်။ ထိုအကျင့်သည် ကောင်းသော အကျင့်လား၊ မကောင်းသော အကျင့်လားဆို သည်ကိုတော့ အခုချိန်ထိ ကျွန်မေ၀၀ါး နေဆဲရှိပါသေးသည်။ လူတစ်ယောက်ကို မနက်မိုးလင်းကတည်းက ညနေ မိုးစုပ်စုပ်ချုပ်တဲ့အချိန်ထိ ဆယ်ကျော် သက် အရွယ်ကာလတုန်းက စောင့်ခဲ့ဖူးသည်ကို သတိရမိပြန်တော့ နှလုံးသားတို့ နာကျင် လာခဲ့ရ၏။ သူငယ်ချင်း မိန်းကလေး မိတ်ဆွေတစ်ယောက်ကို အဲဒီလောက်စောင့်တာ ရယ်စရာပဲဟု ကျွန်မကို တစ်စုံတစ်ယောက်ကများ ရယ်ပွဲ ဖွဲ့မည်လား။ လာမည်ဆိုသော စကားတစ်ခွန်းကို ယုံကြည်သူမို့ ထမ ပြန်ရက်တာ ရယ်စရာဟု ထင်ရင်လည်း ရယ်ပါစေတော့။

သို့သော် သူငယ်ချင်းက ကျွန်မကို တစ်ချက် အားနာစကား မဆိုဘဲ ဒီလောက်ထိ စောင့်တာတော့ နင် ကြောင်လွန်းတာပေါ့ဟု ရက်ရက်စက်စက် ဆိုခဲ့သည်ကိုတော့ အံသြမှင်တက်စွာ သူငယ်ချင်း မျက်နှာကို ငေးရင်း ကျွန်မ စိတ်တိုပစ်လိုက်ဖို့ မေ့လျော့ခဲ့ရ ပြန်သည်။ သူငယ်ချင်း အသိုင်းအ၀ိုင်း ကြားထဲတွင် နေကုန် စောင့်ခဲ့ဖူးသော ကျွန်မအဖြစ်သည် ရယ်စရာတဲ့လား။ တချို့ကိစ္စများသည် စိတ်တိုပစ်လိုက်ဖို့ ၏အလွန်မှာ ရှိနေသည်မို့ ကျွန်မသည် တစ်စတစ်စ အေးခဲ၍လာသော နှလုံးသားကိုသာ အလန့်တကြား သတိပြုမိ ရင်း လူတို့နှင့် တစ်စတစ်စ ကင်းကွာ ချင်လာခဲ့သည်။

စောင့်စားရခြင်း အကြောင်းကို တွေးမိပြန်တော့ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မစောင့်ချင်သော စောင့်ရမှာကို စိတ်မရှည်တတ်သော သူငယ်ချင်း တစ်ဦးကို သတိရမိသည်။ တစ်ရက် သူ့အမေကို ဆေးခန်း သွားပြတော့ ကျွန်မ လိုက်သွားရပါသည်။ ဆေးခန်းက စောင့်နေသူ အများကြီးကို ကျော်ကာ ဆရာဝန် လာလာချင်း သူက အရင်ဆုံး ၀င်သွားတော့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးနှင့် ပတ်သက်လာလျှင် ညံ့ဖျင်းလွန်းသော ကျွန်မသည် သူငယ်ချင်းကို ကြည့်ကာ အံ့သြမိရသည်။ ဘွတ်ကင် ဘယ်တုန်းက ကြိုလုပ်ထားလို့လဲ ဆို သော ကျွန်မ၏ အမေးကို သူငယ်ချင်းက ဖွဖွရယ်ကာ သူ့လက်မနဲ့ လက်ညှိုးကို ကွေးကာပြရင်း “ဒါတန်ခိုးလေ”ဟု ဆိုသည်။ ကျွန်မသည် ဆေးခန်း ခုံတန်းပေါ်မှ လူအုပ်ကြီးကို မြင်ယောင်လာကာ မျက်နှာတို့ နွေးပူ လာခဲ့တော့သည်။ စောင့်စားသူတို့က စောင့်စား နေရချိန် တွင် တစ်ချက်ကလေးတောင်မှ မစောင့် စားရဘဲနှင့် ကျွန်မတို့ ရှေ့ဖြတ်ကျော် တက်သွားခွင့် ရှိသောသူတို့ လောကမှာ ရှိနေကြောင်းကို ကျွန်မ သိလာခဲ့ရပြီ။ ကျော်ဖြတ်ရက်သော လူတို့၏ ခြေထောက်များကို ကြည့်ကာ နေရာမှာပင် ကြောင်ကြောင်ရပ်ရင်း ကျွန်မ မောပန်းနာကျင် လာတတ်သည်။

စောင့်စားသူတို့ နေကုန်နေခန်း စောင့်နေရချိန်တွင် မစောင့်စားခွင့် ရသူ တချို့က ကျွန်မတို့ ရှေ့မှာပင် ဖြတ် ကျော်သွားကြသည်။ စောင့်ရမည့် အချိန် တချို့ကို တန်ခိုးအမျိုးမျိုးဖြင့် သေးကျုံ့ပစ်နိုင်စွမ်းသော လူနည်းစုကလေး ကျွန်မတို့ ရှေ့က ဖြတ်ကျော်တက်သွား ကြသည့်အခါ လူများစုကြီးခမျာ နေရာမှာပင် ရပ်တန့်၍ ငေးမောစောင့်စားနေခဲ့ ရတော့၏။ လူအများစုကြီး၏ အချိန်နှင့် တန်ဖိုးတွေကိုပါ ရက်ရက်ရောရော ပေး လိုက်ရတာပါလားဟုတွေးပြီးသည့် အခါတိုင်း ကျွန်မ သွေးတို့ နွေးပူလာမိမြဲ။

တစ်ခါတလေတော့လည်း ကျွန်မတို့သည် စောင့်စားရခြင်းများနှင့် အသား ကျခဲ့ပြီလားဟု ရှက်ရွံ့စွာ တွေးမိပြန် သည်။ စောင့်စားရခြင်းမှာလည်း စောင့် စားမှုတို့သည် တစ်ဦးနှင့် တစ်ဦးမတူ ညီလှစွာ အထူအပါးတို့ ရှိသေးကြောင်း အရွယ်ရောက်လာသည်နှင့်အမျှ နားလည်လာရတော့သည်။ ဘတ်စ်ကားဂိတ်မှာ စိတ်ရှည်ရှည်နှင့် စောင့်ကာရသည့် ကားကိုလုတက်ရင်း ကားပေါ်ရောက်တော့မှ ကားက ဂိတ်ဆုံးအထိ မသွားတော့ဘူးဟုဆိုသောအခါ ဆင်းခိုင်းသော မှတ်တိုင်မှာပင်ဆင်းရင်း နောက်လာမည့်ကားကို စိတ်ရှည်ရှည် စောင့်ရပြန်သည်။ ထိုအခါ ကားမှတ်တိုင်နှင့် မနီးမဝေးမှာ လက်တစ်ချောင်း ရှေ့ဆန့်တန်းလိုက်ရုံနှင့် တက္ကစီကားပေါ်သို့ စွေ့ခနဲ ရောက်သွားသော လူများကို ငေးမိရင်း ကျွန်မသည် စောင့်ဆိုင်းရခြင်း၏ အကွာအဝေးတို့ကို စိတ်နှလုံးတို့ အနာကျင်ခံကာ တိုင်းတာမိပြန်သည်။

စာအုပ်ဖတ်ရင်းတန်းလန်းနှင့် မီးပျက်သွားသော အခါ မီးလာမှာကို အမှောင်ထဲမှာ စောင့်ရင်း ဟိုမှဒီမှ လင်းလာသော အိမ်နား ၀န်းကျင်မှ ဖြိုးဖြိုး ဖျောက်ဖျောက် မီးပွင့်များကို ငေးမောကြည့်နေရတော့သည်။ မီးလာမှာကို အမှောင်ထဲကနေ တစ်ချက်ကလေး တောင်မှ မစောင့်စားနိုင်သူတို့၏ ဆူဆူညံညံ မီးစက်သံက သန်းခေါင်သန်းလွဲ အထိ မတိတ်နိုင်သေးသော အခါ မနက် အိပ်ရာမှ မနိုးမှာကို စိုးထိတ်ရင်းဖြင့် ဘောလုံးပွဲ ရှိသော ညတို့ မီးပျက်ဖို့ ဆုတောင်းတတ်လာသည်။ တကယ်တော့ လူတချို့၏ မစောင့်စားနိုင်ခြင်း အပေါ်မှာ လူများစွာ၏ အချိန် အပါအ၀င် ကျန်းမာရေး၊ ပညာရေး စသည်တို့ကို ကာယကံရှင်ပင် မသိလိုက်ဘဲ ပေးလိုက်ရ သည်များရှိပါသည်။ တချို့တွေ နေနိုင် ရက်လွန်းကြသည်လား။ မိုးထဲလေထဲပေမို့ နှလုံးသားတို့ သံချေးတက်တာ မြန်လွန်းသည်ထင်သည်။

ကျွန်မကို စိတ်ရှည်သော စောင့်ဆိုင်းသူဟု သူငယ်ချင်း အများစုက ထင်တတ်ကြသည်။ အမှန်တော့ စောင့်စားရ ခြင်းကို ကျွန်မ အင်မတန် မုန်းပါသည်။ သို့သော် တကယ်တော့ ကျွန်မက စောင့် စားနေရသူ တချို့၏ ငေးမောငံ့လင့်နေသော မျက်လုံး တချို့ကို မြင်ရမှာ စိုးရွံ့လွန်းသူသာဖြစ်၏။ ကျွန်မ မလာမှာကို တွေးရင်း စိုးထိတ်နေမှာကို ကျွန်မ အားနာကြောက်ရွံ့သည်။ စောင့်စား ခိုင်းရသူ ဘ၀ထက် စောင့်စားရသူ ဘ၀ကို ကျွန်မ ပို၍ လိပ်ပြာ လုံချင်သည်။ ကိုယ့် အချိန်ကို အကုန်မခံချင်သည်နှင့် သူများ အချိန်တွေကို သစ်ပင်မှ သစ်ရွက်များ ခြွေချသလိုမျိုး တလွင့်လွင့် မခြွေချရက်ပါ။ ထိုအခါ ကျွန်မသည် စိတ် အင်မတန်ရှည်သော စောင့်စားသူ ဖြစ်ရ တော့သည်။ အချိန်တော်တော်များများ ကို စောင့်စားရခြင်းဖြင့် မကုန်ဆုံးချင်သော အခါ အိတ်ထဲတွင် စာအုပ်တစ်အုပ် အမြဲပါရတော့သည်။

စာဖတ်ခြင်းဖြင့် ဘတ်စ်မှတ်တိုင်မှာ၊ စာဖတ်ခြင်းဖြင့် ဆရာဝန် မလာသေးသော ဆေးခန်းမှာ၊ စာဖတ်ခြင်းဖြင့် အစိုးရရုံးတချို့မှာ၊ စာဖတ်ခြင်းဖြင့် ဘူတာရုံမှာ၊ စာဖတ်ခြင်းဖြင့် လက်ဖက်ရည်ဆိုင်မှာ၊ စာဖတ်ခြင်းဖြင့် ဆရာမလာသေးသော စာသင်ခန်းထဲမှာ၊ စာဖတ်ခြင်းဖြင့်၊ စာဖတ်ခြင်း ဖြင့်၊ စာဖတ်ခြင်းဖြင့်  ကျွန်မသည် ကျွန်မ အင်မတန်မုန်းသော စောင့်စားရခြင်းကို စာဖတ်ခြင်းဖြင့် လှပလာအောင် အရောင်ဆိုးရင်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။ သို့သော် အချိန်တို့ ကြာလာသည်နှင့်အမျှ ကျွန်မရှေ့မှ  စောင့်စားရခြင်းဆိုသော အရာသည် ပုံစံအမျိုးမျိုး ဖြင့် ကျွန်မ၏ ခံနိုင်ရည်ကို စမ်းသပ်တော့သည်။ လက်ဖက်ရည်ဆိုင်မှာ စာအုပ် တစ်အုပ်နှင့် ထိုင်စောင့် နေရသော စောင့်စားခြင်းမျိုးနှင့် မတူသော စောင့် စားခြင်း အသစ်တို့က ကျွန်မကို ဆီးကြိုနေတော့သည်။ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း တစ်မနက်စာ ဘာမျှ မလုပ် ဖြစ်ဘဲ အချိန်ကုန်ရသည့် အခါ ကျွန်မသည် စောင့်စားရခြင်း အပေါ်မှာ ခါးသက်စ ပြုလာခဲ့သည်။

ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲကွာဟု တစ်စုံတစ်ယောက်က နှစ်သိမ့်သလို စကားဆိုတိုင်း ကွန်ပျူတာ ရှေ့မှာ အချိန်ကုန်စရာ မလိုဘဲ ခလုတ်ကလေး နှိပ်ရုံဖြင့် ဖတ်လိုရာကို ဒေါက်ခနဲ ဒေါက်ခနဲ ကျလာတတ်သော နိုင်ငံတွေ အကြောင်းကို မတွေးမိဘဲ မနေနိုင်ပြန်။ သူတို့ တော်တာ မဆန်းဘူး။ ဘာကိုပဲ လုပ်လုပ် သိပ်စောင့်စရာမှ မလိုတာဟု တွေး မိပြန်တော့ ဘာကို ၀မ်းနည်းမိမှန်းမသိကာ ၀မ်းနည်းလာပြန်သည်။ စောင့်ဆိုင်းရခြင်းသည် ကျွန်မတို့၏ ၀တ္တရားတစ်ခု ဖြစ်လာခဲ့ပြီလားဟု တွေးမိလာခဲ့ပြီ။ မစောင့်နိုင်သူတို့ မစောင့်နဲ့။ စောင့်နိုင်သူ တို့ စောင့်ကြပေါ့ဟု ဆိုရက်လေသလား ဟု တွေးထင်လာတတ်ခဲ့သည်။ တကယ်တော့ စောင့်စားရခြင်းဆိုသည်က ဘ၀ တစ်ခုစာမက ကျွန်မတို့နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ပြီးသား အရာပါ။

ရုပ်ရှင်ရုံရှေ့မှာ ကျွန်မတို့ တိုးဝှေ့စောင့် စားခဲ့ဖူးသည်။ ပြည်သူ့ ကုန်တိုက်ရှေ့ မှာ မျှော်လင့်တကြီး တိုးဝှေ့စောင့်စား နေခဲ့ဖူးသော လူတွေကိုလည်း မြင်ဖူးခဲ့ ပြီးပြီ။ ကွန်ပျူတာရှေ့မှာ ငြိမ်ငြိမ်သက် သက် ထိုင်စောင့်နေရသည်က တိုးဝှေ့ နေသော လူတွေထက်စာရင် ဂုဏ်သိက္ခာ ရှိသည်ပေါ့။ ဟင့်အင်း ကျွန်မတော့ မထင်မိပါ။ စောင့်စားရခြင်းသည် စောင့်စားရခြင်းသာဖြစ်သည်။ စောင့်စားရခြင်းတို့တွင်ပါသော မျှော်လင့်မှု၊ တမ်းတမှု၊ စိတ်မရှည်နိုင်မှုတို့ ရောစပ်နေသော စိတ်ချွေးစများဖြင့် တရိရိစီးကျနေသော ပင်ပန်းခြင်း တစ်မျိုးကတော့ မည်သည့်စောင့်စားမှုမျိုးမှာ မဆို အတူတူပင်ဖြစ်ပါသည်။ အမျိုး အမည် ကွဲပြားသော စောင့်စားမှုတို့က ဖြင့်ကျွန်မတို့ ရှေ့မှာ ပုံစံမျိုးစုံဖြင့် ကျွန်မ တို့ကို ဆီးကြို စောင့်မျှော်နေကြသည်။ စောင့်စားမှု ယန္တရားကြီးထဲမှာ အသား ကျနေပြီမို့ စောင့်ရခြင်းသည်လည်း ကျွန်မတို့ အတွက် မဆန်းတော့ပြီလား။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်မတို့ စောင့်နိုင်ခဲ့ကြပါသည်။

စောင့်နိုင်လွန်းသော ကျွန်မသည် ပင် တစ်ခါလောက်တော့ဖြင့် ကျွန်မ အိတ်ထဲမှာ ဘာစာအုပ်တစ်အုပ်မျှ မထည့်ထားဘဲ လူတို့၏ ချိန်းဆိုရာ ဆီသို့ သွားချင်မိသည်။ ထိုသို့ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မည် လဲ။ ကျွန်မအခန်းထဲက ခုတင်လေး ပေါ်မှာ လှဲလျောင်းရင်း ကျွန်မ လွတ် လပ်လုံခြုံစွာ စာဖတ်နိုင်တော့မည်ပေါ့။ မစောင့်ရသော ခေတ်ထဲမှာ လူဖြစ်ခွင့်ရခြင်း၏ သုခကို ကျွန်မသည် ကိုယ့် မြေပေါ်က ကိုယ့်လူမျိုးတို့ထံမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစား ရယူချင်မိသည်။ ဒါကို ကျွန်မ လောဘကြီး သည်ဟု ဆိုကြမည်လား။ လှောင်ရယ် ကြမည်လား။ ရယ်သံတွေကြားထဲမှ ကျွန်မသည် နာကျင်စွာဖြင့်ပင် မစောင့် စားရတော့မည့် အချိန်ကို စောင့်စား ရပါဦးမည်။ စောင့်ရခြင်းသည်သာ ကျွန်မတို့၏ ပြယုဂ်ဆိုရင် ထိုပြယုဂ်ကို ကျွန်မ ရဲဝံ့စွာ ငြင်းဆန်ချင်သည်။

သို့သော် စာအုပ်တစ်အုပ်ကတော့ ကျွန်မ အိတ်ထဲ တွင် အခုချိန်ထိ ငြိမ်သက်တိတ်ဆိတ် စွာ ရှိနေဆဲရှိသေးသည်။ ချိန်းထားသော လူတို့လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ကျွန်မ စောင့်နေရပါဦးမည်။ အရိပ်မြင်တိုင်း မျှော်လင့်တကြီးမော့ကြည့်ကာ ကျွန်မတို့ စောင့်နေရဦးမည်လား။ ချိန်းသူတို့ကဖြင့် နောက်ကျနေဆဲ။ ကျွန်မကတော့ ပင်ပန်း ကြီးစွာဖြင့်ပင် မျှော်လင့်တကြီး စောင့် စားနေဆဲရှိသေးသည်။

ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
ရွှေအမြုတေ လက်ရွေးစင် ရသစာတမ်းများ (နိုဝင်ဘာ၊ ၂ဝ၁၂)


Wednesday, November 14, 2012

နယ်ခြားမျဉ်း







ယဉ်ကျေးခြင်း ဆိုသော စကား အဓိပ္ပာယ်ကို မသိတတ်သေးခင် အချိန် ကတည်းကပင် ကျွန်မသည် အဘွား၏ တဟဲ့ဟဲ့ အသံများ အောက်မှ ကြီးပြင်း လာခဲ့ရသူ ဖြစ်သည်။
စကားပြောလျှင် တိုးတိတ် ညင်သာစွာ ပြောတတ်ပြီး လမ်းလျှောက်သည့် အခါ ကြောင်ကလေးများ လျှောက်သလို ဘယ်အခါမှ အသံ မမြည်တတ်သော ကျွန်မမှာ ဆွေမျိုးစု အကြား၌ နာမည် ကျော်ခဲ့ဖူးသည်။

သို့သော် ကျွန်မ၏ သိမ်မွေ့မှုတို့သည် ရွယ်တူ အသိုင်းအ၀ိုင်းများ ကြား၌မူ အနည်းငယ် ထူးဆန်းစရာ ဖြစ်ခဲ့ပါသည်။ စာဆိုသည့် အခါ အသံ မထွက်သော ကျွန်မကို ဆရာမက စိတ်မရှည်ချင်သလို လှေကားပေါ်မှ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ပြေးတက်၊ ပြေးဆင်းကြသော သူငယ်ချင်း တစ်စုတို့ကြားထဲတွင် ကျွန်မက ထီးထီးကျန် နေတတ်ခဲ့၏။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောကြသော ရယ်သံ စင်စင်များကြားထဲ၌ ကျွန်မ၏ အပြုံးသည် ဖျော့မှိန်လေးလံ လွန်းလှ၏။ ထိုအခါ  ကျွန်မသည် ကျွန်မ၏ ယဉ်ကျေးခြင်းကို သံသယ ၀င်ချင်လာခဲ့ပါသည်။

တဟားဟား အော်ရယ်တတ်သော ကျွန်မ သူငယ်ချင်းများကို အဘွားက မျက်မှောင်တွန့် ချိုး၍ ကြည့်သော်လည်း သူတို့ ရယ်သံ ပွင့်ပွင့်သည် ကျွန်မနားထဲ၌ နားထောင် ကောင်းနေတတ်သည်။ ဤသည်ကို ခေတ်ကာလ ကွာခြားမှုဟုပင် ခေါ်သည် လား။ ယဉ်ကျေးခြင်း အပေါ်ထားသော စံတို့ သွေဖည် ခဲ့ရသည်တော့ သေချာပါသည်။ သွေဖည် တိမ်းစောင်းသော စံတို့ အကြားဝယ် ယဉ်ကျေးမှု အသစ်တို့သည် ဖျတ်ခနဲ ဖျတ်ခနဲ ဆိုသလို ပွင့်လင်း လာရပြန်သည်။ ထိုအခါ မတူသော ယဉ်ကျေးမှု အဟောင်းနှင့် ယဉ်ကျေးမှု အသစ်တို့ တွန်းတိုက် ငြူစူကြရတော့သည်။

ယဉ်ကျေးဖွယ်ရာ ဆိုသည်မှာ အမှန်တော့ဖြင့် လူ့အသိုင်းအ၀ိုင်း တစ်ခုက သတ်မှတ်သော“စံ” တစ်ခုသာ။ လူအချင်းချင်း ဆက်ဆံရသော အခါ၌ အဆင်ပြေစွာ စိတ်သက်သာ ပျော်ရွှင်စေနိုင်ဖို့ လိုက်သင့်သော စည်းကမ်း များသာပင်။ သို့သော် ထိုစည်းကမ်းများသည် လူမျိုး တစ်မျိုး၏ အမှတ်အသား အဖြစ်သို့ ပြောင်းလဲ လာခဲ့၏။ ယဉ်ကျေးဖွယ်ရာသည် ကျွန်မတို့ဆီသို့ လှိုင်းတံ ပိုးများလို ရိုက်ခတ်ယူငင်လာခဲ့၏။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး မတူညီလှသော ယဉ်ကျေးဖွယ်ရာများကို မြင်တိုင်း ကျွန်မတို့ အံ့သြမိရမြဲ။ အနောက် ကမ္ဘာက ယဉ်ကျေးမှု  “ကျေးဇူးပြု၍” နှင့် “ကျေးဇူးတင်ပါ တယ်”ကို အလေ့ကျင့် လုပ်ကာပြောရတိုင်း ကျွန်မ ရယ်ချင်တတ်ခဲ့၏။

လက်ဆောင် ပစ္စည်းတစ်ခု ပေးတိုင်း ပေးသူရှေ့တွင်ပင် ဖောက်ကြည့်ရသော သူတို့ ယဉ်ကျေးမှုကရော။ ယဉ်ကျေးမှု တစ်ခုနှင့် တစ်ခု အကျွမ်းတ၀င် ဖြစ်စေဖို့ အချိန် ကာလ တစ်ခုတော့ လိုမည် ထင်ပါသည်။ ကျွန်မ အထင်တော့ဖြင့် ယဉ်ကျေးမှုသည် နိုင်ငံ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ အရေးကြီးသော အလံ ဖြစ်သည်။ အထိမ်းအမှတ်လည်း ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်အသားလည်း ဖြစ်သည်။ လူမျိုး တစ်မျိုးတွင် မထိရသော နေရာကလေးတွေ ရှိသည်။ ထိုမထိရသော နေရာကို ထိမိရင်ဖြင့် မီးဟုန်းဟုန်း တောက်ရတော့၏။ ယဉ်ကျေးမှုလောင် စာသည် မီးလောင် လွယ်လွန်းသည်။

ဂျပန်ခေတ်မှာ ဂျပန်တို့ကို မြန်မာတို့ မုန်းရသော အကြောင်းထဲတွင်   မြန်မာတို့ အလေးအမြတ် ထားသော “ပါး”ကို ရိုက်ခြင်းသည် အဓိက အကြောင်းထဲတွင် ပါဝင်သည်။ အင်္ဂလိပ်တို့ ဖိနပ် မချွတ်သောကိစ္စ ဆိုသည်ကရော။ ထိုအရာများမှာ အားကောင်းသော လောင်စာ ဖြစ်ခဲ့ရသည်။ အင်္ဂလိပ်တို့ ဖိနပ်စီးခြင်းနှင့် ဂျပန်တို့ ပါးရိုက်ခြင်း ကိစ္စမှာ သူတို့လူမျိုး၊ သူတို့ ယဉ်ကျေးမှုမှာဖြင့် လုပ်ရိုး လုပ်စဉ်သာ။ သို့သော် မြန်မာ့ ယဉ်ကျေးမှုမှာဖြင့် အင်မတန် ရုန့်ရင်း ရိုင်းစိုင်းဖွယ်ရာ ဖြစ်ခဲ့ရ၏။ မတူသော နှုန်းစံတို့ အကြားတွင် ဖြစ်ပေါ်လာသော ပဋိပက္ခများက မဆုံးနိုင်အောင် များလှပါသည်။

နိုင်ငံ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုးတွင် သာမက တစ်ဦးချင်းစီတွင်ပင် မတူညီသော ကိုယ်ပိုင် ယဉ်ကျေးမှု ကလေးတွေ ရှိကြ၏။ ကိုယ့်စံကလေးနဲ့ကိုယ် အလံစိုက်ကာ တလူလူ လွှင့်ရင်း နေထိုင်ခြင်းသည်ပင် လူမှု ဘ၀လား။ မတူသော ယဉ်ကျေးမှုတို့ အပေါ်၌ ကျွန်မတို့ လေးမြတ်ဖူးပါသလားဟု စဉ်းစားမိတိုင်း ရှက်ရွံ့စိတ်က ခေါင်းထောင် ထလာသည်။

ကျွန်မတို့သည် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်အလံ ထူနိုင်အောင် ကြိုးစားရင်း သူများ ယဉ်ကျေးမှု အပေါ်၌ ပြက် ရယ်ပြုချင်တတ်ခဲ့၏။ ဒါသည်ပင် ယဉ်ကျေးသော လူမျိုးတဲ့လား။ သိမ်မွေ့ ယဉ်ကျေးစွာ အချင်းချင်း ပြောဆိုရင်းကပင် စိတ်အတွင်းမှာ ပြောင်လှောင် နေခဲ့ ကြသည်။

စိတ်အတွင်းမှ ဆင်းရဲစေလိုခြင်း၊ အထင်သေးခြင်း၊ လှည့်ပတ်လိုခြင်းများ ဖြင့်အတိပြီးကာ ကျွန်မတို့ ယဉ်ကျေးကြ ရသည်လား။ ရိုင်းစိုင်းမှု၊ ယုတ်မာမှု  တို့ကို ဖုံးကွယ် သိုဝှက်စေရန် အတွက်   ယဉ်ကျေးမှုသည် မျက်နှာဖုံးသာသာ ဆိုရင်ဖြင့် ကျွန်မသည် ထိုယဉ်ကျေးဖွယ်ရာများကို မတပ်ဆင်လိုပါ။ ပကတိ မျက်နှာဖြင့်သာ လောကကို ရဲရဲရင်ဆိုင် ချင်သည်။ ထိုအခါ ရိုင်းစိုင်းသူ အဖြစ် ယဉ်ကျေးသော ကမ္ဘာက သတ်မှတ်ကြမည် ထင်ပါသည်။

ဟန်မဆောင်တတ်ခြင်း၊ အမှန် တရားကို ရဲရဲ ရင်ဆိုင်ဝံ့ခြင်း၊ မကြောက်ရွံ့ခြင်း၊ စာနာတတ်ခြင်း ဆိုသော တရားများ ပြည့်လွှမ်းသော ယဉ်ကျေးမှုတို့ ကမ္ဘာမှာ ပေါ်ထွန်း နိုင်မည်လား။ ကျွန်မ စိတ်ကူး ယဉ်ချင်ပါသည်။ ကလေး ကမ္ဘာတွင်သာ တွေ့ရတတ်သော ထိုယဉ်ကျေးမှုသည် လူကြီး ကမ္ဘာသို့ ရောက်သောအခါ မေ့ကျန် ပျောက်ရှခဲ့ရ၏။ ယဉ်ကျေးဖွယ်ရာ များကို အထူးတလည် သင်ယူ လိုက်နာရင်းကပင် တကယ့်စိတ်  ယဉ်ကျေးမှုတို့ မေ့လျော့ ပါးလျခဲ့ရသည်။

ယဉ်ကျေးခြင်းသည် လူမျိုး တစ်မျိုး၏ အမှတ်အသား၊ ယဉ်ကျေးမှုသည် လူမျိုး တစ်မျိုး၏ အဆင့်အတန်း ဆိုလျှင် ကျွန်မသည် ကလေးကမ္ဘာနှင့် လူကြီး ကမ္ဘာ နယ်ခြားမျဉ်းတွင် မေ့ကျန် ရစ်ခဲ့ သော အပိုင်းအစများကို ကောက်ယူ တပ်ဆင်ချင်ပါသည်။ ထိုအခါ လောကသည် ပို၍သာ ယာလာမည်လား။

လတ်ဆတ် သာယာသော ကောင်းကင်အောက်တွင် သံသယ ကင်းစင်စွာဖြင့် နောက်ကျော လုံလုံသွားဝံ့သော ခြေလှမ်းတို့ဖြင့် ကျွန်မ သာယာချင်ပါသည်။ လူတို့၏ ပြောင်လှောင်ရယ်မော ခြင်း ကင်းစင်သော မျက်လုံး ကြည်စင်စင်များကို ငေးကာ အချင်းချင်း လေးစား ချင်ပါသည်။

ကြောက်ရွံ့ခြင်း ကင်းမဲ့၍ လုံခြုံစွာ ထိုကမ္ဘာကို ကျွန်မ ချစ်ချင်ပါသည်။ အချင်းချင်း ဆုံတွေ့ကြရ ပြုံးရယ် နှုတ်မဆက် ဖြစ်သည့်တိုင် နွေးထွေးသော အကြည့် တစ်ချက်နဲ့တင် ထိုကမ္ဘာသည်   ပြည့်စုံ လုံလောက်နိုင်ပါသည်။ ထိုကမ္ဘာ၌ ဟန်ဆောင်ခြင်းတို့ မရှိ သဖြင့် အရိုင်းကမ္ဘာဟု ဆိုမည်လား။ ယဉ်ကျေးလှသော အရိုင်း ကမ္ဘာထဲတွင် လူသားတို့ နေနိုင်ကြမည် ဆိုလျှင်...။ နယ်ခြားမျဉ်း မလိုသော ယဉ်ကျေးခြင်း များဖြင့် ကျွန်မတို့ အချင်းချင်း လေးစား  နိုင်လိမ့်မည် ထင်သည်။ ထိုသို့သော ယဉ်ကျေးခြင်းကို သာ ကမ္ဘာ့အလံ အဖြစ် ကျွန်မတို့ လွှင့်ထူ စိုက်နိုင်ခဲ့မည် ဆိုလျှင်...။ ထိုအလံကို ကျွန်မ ဦးခေါင်းတို့ သွေးခြင်းခြင်း နီနေသည့်တိုင် ကျွန်မ ဦးညွှတ်ချင်ပါသည်။ အလေးပြု ချင်ပါသည်။         

ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)



Monday, November 12, 2012

လေနှင့်အတူ







ဟိုတစ်နေ့က တယ်လီဖုန်းနှင့် လိပ်စာ မှတ်ထားသော စာအုပ်အဟောင်းလေးကို စာအုပ်အဟောင်းလေးတွေ ရှင်းရင်း ပြန်တွေ့ခဲ့သည်။ စာအုပ်ကလေးက တော်တော်ပင် ဟောင်းနေပြီ။ အဖုံးပင် မရှိတော့။ စာရွက်သားများ ၀ါကျင့်ကာ နွမ်းရော်၍ နေလေပြီ။ ကျွန်မသည် ရုတ်တရက် မထင်မှတ်ဘဲ လမ်းမှာ မိတ်ဆွေဟောင်း တစ်ဦးကို ပြန်တွေ့လိုက် ရသလိုမျိုး ထိုစာအုပ် ကလေးကို တွေ့မိသည့် အချိန်မှာ မှင်သက် သွားတော့၏။ နွမ်းရော် အိုမင်း သွားလိုက်တာ။ ကျွန်မပင် မှတ်မိစရာ မရှိလောက်အောင် ထိုစာအုပ် ကလေးသည် ပြောင်းလဲ ရင့်ရော် နေခဲ့သည်။ ကျွန်မ သူ့ကို မေ့ပင်မေ့နေခဲ့ပြီပဲ။ သူရှိနေမှန်း၊ ရှိနေသေးမှန်းပင် သတိမထားမိ လောက်အောင် ကျွန်မ မေ့လျော့နေခဲ့၏။ အဖုံး မရှိတော့သော ထိုစာအုပ်ကလေးသည် တစ်ချိန်က ကျွန်မ အတွက် သိပ်ကိုမှ အရေးကြီးသော စာအုပ်ကလေးမှန်း သတိရမိသော အခါ ကျွန်မ သူ့ကို အားနာသွား မိသည်။ ကျွန်မသည် ထိုစာအုပ်ကလေးကို ယုယစွာပင် ဖုန်ခါရင်း ၀ါကျင်ကျင် ကျွန်မ လက်ရေးဟောင်းတွေကို ငေးစိုက်ကြည့်နေခဲ့၏။ တကယ်တော့ ထိုစာအုပ် ကလေးသည် ကျွန်မ၏ ပထမဆုံး စာအုပ်ကလေး ဖြစ်သည်။ အဖုံးက အနက်ရောင် ထင်သည်။ ကျွန်မ သိပ်ပင် မမှတ်မိတော့။ ဆယ်တန်းဖြေအပြီး သင်တန်းမျိုးစုံ တက်သည့် အချိန်က စာအုပ်ကလေး။ ထို့ထက် အရင်ကတော့ ကျွန်မဆီမှာ တယ်လီဖုန်း စာအုပ်ရယ်လို့ မည်မည်ရရ မရှိ။ အော်တို စာအုပ်ထဲတွင်သာ သူငယ်ချင်းတို့၏ အမှတ်တရ စကားများနှင့် လိပ်စာများသာ ရှိခဲ့၏။ တယ်လီဖုန်း စာအုပ်ကလေးသည် ထိုစဉ်က ကျွန်မအတွက် သိပ်ကိုမှ အသုံးဝင် ခဲ့ပါသည်။ထိုတယ်လီဖုန်း စာအုပ်ကလေးသည် ကျွန်မ၏ စာပေဘ၀ ပထမ ကာလများ၏ အမှတ်တရလည်း ဖြစ်ခဲ့သည်။

တယ်လီဖုန်း စာအုပ်ကလေးကို ဟိုဟို ဒီဒီ လျှောက်လှန်ကြည့်တော့ မဂ္ဂဇင်း လိပ်စာများကို တွေ့ရ၏။ ဟန်သစ်၊ သရဖူ၊ ရုပ်ရှင်စတား၊ မဟေသီ၊ ချယ်ရီ၊ ရွှေဝတ်ရည်၊ မြားနတ်မောင် စသဖြင့် မဂ္ဂဇင်း လိပ်စာများက ကျွန်မကို ပြုံးကြည့်နေခဲ့သည်။ သစ်ပင်မှ သစ်ရွက် တို့သည် စိမ်းစို နုသစ်၍ နေကြသော်လည်း လွန်ခဲ့သော နှစ်များဆီမှ သစ်ရွက် တို့မဟုတ်တော့သလို မဂ္ဂဇင်းတို့ သည်လည်း လိပ်စာပြောင်း၊ တင်ဆက်ပုံပြောင်း၊ အယ်ဒီတာတို့လည်း ပြောင်းကုန်ကြပြီ။ ကျွန်မသည် ဆက်သွယ်၍ မရနိုင်တော့သော ဖုန်းနံပါတ် အဟောင်းများနှင့် လိပ်စာ အဟောင်းများကို ငေးကြည့်နေခဲ့သည်။ ထိုဖုန်း စာအုပ်ထဲတွင် စာပေ သူငယ်ချင်းများ၏ ဖုန်းနံပါတ်များ လည်းပါသည်။ သူတို့ လိပ်စာနှင့် ဖုန်းနံပါတ်တို့သည်လည်း ဟောင်းနွမ်းသော လိပ်စာ ဟောင်းများသာ။ ကျွန်မသည် လိပ်စာဟောင်းတွေထဲက မိတ်ဆွေဟောင်း တချို့ကို ပြန်ရှာ နေမိသည်။

တစ်ယောက် တလေများ ကျွန်မ ဆက်သွယ်လို့ ရနိုင်မည့် လိပ်စာ ဟောင်းတွေထဲ နေထိုင်နေမည်လားဟု မျှော်လင့်မိပြန်သည်။
ဘ၀ အမောအကြမ်းများ ကြားမှာ မနစ်အောင် ရုန်းရင်း ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် မေ့လျော့နေခဲ့ ကြ၏။ မေ့လျော့နေသော လိပ်စာများထဲမှ သူငယ်ချင်း တစ်ဦး တလေလောက် ကိုတော့ ကျွန်မ ပြန်၍ ဆက်သွယ်ချင်ပါသည်။ လန့်ထိတ် အံ့သြကာ ၀မ်းသာရင်း ငယ်နုသော ကာလများဆီသို့ ကျွန်မ ပြန်၍ သွားချင်မိသည်။ ဖုန်တက်၍ နေသော ပျော်ရွှင်မှုတို့ကို သန့်စင် ရှင်းလင်းကာ ကျွန်မ ရင်ခုန်ချင်သည်။ ကျွန်မသည် ထိုအတွေးဖြင့် နုသစ် ပျော်ရွှင်လာကာ လိပ်စာနှင့် ဖုန်းနံပါတ် များကို ကသောကမျော ကြည့်မိ၏။

ဝင်းဝင်းဆွေ၊ လင်းလင်းသန့်၊ နုနုအေး၊ ဆွေဇင်ညွန့်၊ မြမြခင်၊ နှင်းနှင်း အေး၊ အို ကျွန်မ၏ များလှစွာသော သူငယ်ချင်းများ။ လူ့ဘ၀၏ မတည်မြဲ ခြင်းများတွင် နေရာဌာန၏ မတည်မြဲခြင်းက ပို၍ မြဲမြံသည်လား။ ကျွန်မ၏ သူငယ်ချင်း တော်တော် များများသည် လိပ်စာဟောင်းများတွင် မရှိကြတော့ဘဲ လိပ်စာသစ်များ နှစ်ခုသုံးခုမက ပြောင်း ၍နေကြကုန်ပြီ။ ဂျစ်ပစီတွေလိုမျိုး ဘ၀တွေက ရေကြည်ရာမြက်နုရာဆီ တရွတ်တိုက် မျောပါရင်း ဆယ်စုနှစ်တာ ကာလကို အမှတ် မထင် ကျော်ဖြတ်ခဲ့ရ၏။ အမှတ်မထင် ကျော်ဖြတ်ရင်းကပင် သူငယ်ချင်း မိတ်ဆွေ အဆင့်က လျှောကျ ပျောက်ဆုံးခဲ့ရ သူတွေကိုလည်း တွေ့ရ ပြန်သည်။ ရေပွက် တစ်ပွက်စာပင် မရှိသော ခင်မင်မှု သက်တမ်းများ အကြောင်း ကျွန်မ ပြန်၍ မစဉ်းစားချင်တော့။ အချိန်ကာလ တစ်ခုပင် မခံအောင် ပါးလျ ကျုံ့ဝင်နေသော သစ္စာတရားတို့၏ သက်တမ်း တိုတောင်းမှုကို ကျွန်မ အံ့သြ ရပြန်သည်။

အဟောင်း၊ အဟောင်းသော လိပ်စာဟောင်းတို့နှင့် အတူ မိတ်ဆွေ ဟောင်းတို့သည် ကျွန်မ၏ လက်ရှိဘ၀ ထဲမှ လွင့်စင်ကာ အသစ်၊ အသစ်သော လိပ်စာသစ်များနှင့် မိတ်ဆွေသစ်တို့သာ တိုးပွားလာခဲ့၏။ အံ့သြစရာပါပဲ။ ထို လိပ်စာဟောင်းများကြားမှ ကျွန်မဘယ် လိုမှ စဉ်းစား၍မရတော့သော နာမည် နှစ်ခု၊ သုံးခုကို တွေ့မိပြန်သည်။

ထိုနာမည်မျိုးနှင့် လူကို ဘယ်လိုမှ ကျွန်မပြန်၍ ပုံဖော်မရတော့။ ကျွန်မ မှတ်ဥာဏ်တွေ ဒီလောက်တောင် ချွတ်ယွင်း သွားပြီတဲ့လား။ သုံးဆယ်ဆိုသော အသက်သည် မှတ်ဥာဏ် ချွတ်ယွင်းရ လောက်အောင် အထိ မကြီးရင့်သေးဘူးဟု ကျွန်မ ထင်ပါသည်။ ကွန်ပျူတာ တက်တုန်းက ဒါမှမဟုတ် အင်္ဂလိပ်စာ သင်တန်း တက်စဉ်က ကျွန်မ ခင်ခဲ့သော တစ်ယောက်ယောက်များလား။ ခဏပင် ခင်လိုက်ကာ သင်တန်း ပြီးဆုံးပြီးနောက် ခင်ခင်မှုပါ ပြီးဆုံးကာ ဘ၀၏ မှတ်ဥာဏ်ထဲကနေ မေ့လျော့ ပျောက်ဆုံး သွားခဲ့ဟန် တူပါသည်။ ကျွန်မသည် ထိုလိပ်စာများကို ကြည့်ရင်းမှပင် မျက်နှာများ နွေးပူလာအောင် အားနာ လာကာ ကျွန်မကိုယ် ကျွန်မ ပြစ်တင်မိ၏။ ကျွန်မ ဘယ်တော့မှ ဆက်သွယ်မှာ မဟုတ်သော လိပ်စာများကို ကျွန်မ ဘာကြောင့်များ မှတ်ခဲ့မိပါလိမ့်။ ကျွန်မ၏ လိပ်စာများရော ကျွန်မထံ ဘယ်တော့မှ မဆက်သွယ်မည့် သူတွေဆီမှာ ဘယ်လောက်တောင်များ ရှိနေမှာပါလိမ့်။ ကိုယ့်ဆီ ဆက်သွယ်မည်၊ မဆက် သွယ်မည် မသေချာသော သူတွေဆီသို့ မသေချာသော လိပ်စာတွေကို ပေးရင်း၊ ယူရင်းဖြင့်ပင် ကုန်လွန်ကာ ဒါသည်ပင် ကျွန်မတို့၏ ဘ၀ ဖြစ်ခဲ့၏။

ကျွန်မသည် တယ်လီဖုန်း စာအုပ် အဟောင်းလေးကို ကိုင်ကာ လွန်ခဲ့သော ဆယ်စုနှစ်များ ဆီသို့ ခရီးထွက်မိ ပြန်သည်။
ထိုစဉ်က ပျိုရွယ်မှုတို့ဖြင့် လန်းဆတ်ကာ ဘ၀၏ မျှော်လင့်စရာတို့သည် ပင်လုံးကျွတ် ပွင့်သောပန်းလို များပြား လှလေသည်။ အရာအားလုံးသည် လက်တစ်ကမ်းစာ ကလေးတွင် အသင့် ရှိနေခဲ့၏။ သစ်ပင်မှ ပန်းပွင့်တို့သည် ကျွန်မ မသိလိုက်ခင်၊ သတိမပြုမိလိုက် ခင်မှာပင် နွမ်းရော်လွင့်ပြယ်ကာ ကျ ပျောက်ကုန်လေပြီ။ တွယ်တာမှု အသစ်၊ တွေးခေါ်မှု အသစ်များနှင့် မိတ်ဆွေသစ် တို့ တိုးပွားကာ သစ်လွင်ယောင်ဆောင် သော အဟောင်းထဲမှာပင် ကျွန်မသည် နေသား ကျချင်ယောင် ဆောင်ခဲ့၏။ ကျွန်မ၏ အတိတ်ဆီ ပြန်သွားချင်ပါသည်။

ဟိုအရင်က သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ကျွန်မပြန်ပြီး ဆက်သွယ်၍ ရနိုင်သော တစ်ယောက်တလေတောင် မရှိတော့ဘူးတဲ့လား။
ကျွန်မသည် ဖုန်းစာအုပ်ဟောင်း ကလေးကို ကြည့်ရင်း အံ့သြမိ၏။ ကျွန်မသည် မျက်စိရှေ့၌ ပေါ်လာသော ဖုန်းနံပါတ် နှစ်ခု၊ သုံးခုလောက်ကို ဆက်ဖို့ ကြိုးစားကြည့်၏။

အေးအေးဆွေ၊ ၀င်းဝင်းသန်း၊ နုနုမာ။
ကျွန်မ၏ သူငယ်ချင်းများ။ သူတို့ ကျွန်မကို မှတ်မိပါ့မလား။ ဘယ် သင်တန်းမှာ ဘယ်လို ခင်ခဲ့တာပါဟု ကျွန်မ စိတ်ရှည် လက်ရှည်ဖြင့် သူတို့ကို ပြန်ရှင်းပြ နေရဦးမှာလား။ အင်း အဲ အင်း ဆိုသော အသံများဖြင့် မမှတ်မိသလို လုပ်ကာ “အလုပ်ရှုပ်နေလို့ နောက်မှပြန် ဆက်နော်” ဟုများ ပြောလိုက်ရင်။
ကျွန်မသည် ဖုန်းခွက်ကို ကယောင်ကတမ်း လွှတ်ချလိုက်မိ၏။

တယ်လီဖုန်း စာအုပ်ကလေး အသစ်အတိုင်း ရှိနေသေးစဉ် ကာလတုန်းကတော့ ကျွန်မသည် ဘယ်ကိုပဲ ဖုန်းဆက်ရသည်ဖြစ်စေ ရဲဝံ့ခဲ့၏။ တယ်လီဖုန်း စာအုပ်အဟောင်းကလေး လိုမျိုးပင် ကျွန်မ၏ ရဲဝံ့ခြင်းတို့သည် ဟောင်းနွမ်း အရောင်မှိန်ကာ ဖျော့တော့ လာခဲ့ပြီ။ ကျွန်မသည် ဘယ်လိုမှ အသုံး မ၀င်တော့သော၊ ဘယ်ကိုမှလည်း ဆက်သွယ်၍ မရတော့သော တယ်လီဖုန်း စာအုပ် အဟောင်းကလေးကို တယုတယ ဖြင့်ပင် မှန်ဗီရိုထဲသို့ ထည့်သွင်းလိုက်၏။

ထိုစာအုပ်ထဲတွင် အတိတ်၏ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း၊ ၀မ်းနည်းခြင်း၊ လွမ်းဆွတ်ခြင်းများဆီသို့ ပို့ဆောင်ပေး မည့် နာမည်နှင့် လိပ်စာတို့ရှိလေသည်။ ပျောက်ရှခဲ့သော အကြောင်းအရာများနှင့် မေ့လျော့ခဲ့ရသော အဖြစ်အပျက်တို့ကို ပူနွေး အသက်ဝင် လာစေမည့် ဖုန်းနံပါတ် တို့လည်း ရှိလေသည်။ လိပ်စာ ဟောင်းများသည် ချန်ရစ်ခဲ့ရသော ကျွန်မတို့၏ ဘ၀ တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အသက်ဝင် လှုပ်ရှားနေခဲ့၏။ ကျွန်မသည် ထိုစာအုပ် ကလေးကို ဘယ်တော့လောက်များမှ ပြန်ကြည့်ဖြစ် မည်ဆိုတာ မသေချာ။ ကျွန်မထံတွင် လက်ရှိ အသုံးဝင်နေသေးသော ဖုန်းစာအုပ် အသစ်ကလေး ရှိနေခဲ့၏။ ကျွန်မ က ဆက်သွယ်နေသော၊ ကျွန်မထံ ဆက်သွယ်နေသော မိတ်ဆွေများလည်း ရှိသည်။

ကျွန်မသည် တစ်ချိန်ချိန်မှာ ဖုန်းစာအုပ် အဟောင်းများ တစ်ပုံ တစ်ပင်နှင့် တုန်ချည့်ရီဝေစွာ ရှိနေနိုင်ပါသည်။ ထိုစာအုပ် အဟောင်းများထဲမှ ကျွန်မ ခေါ်စရာ၊ ကျွန်မထံ ခေါ်စရာ တယ်လီဖုန်း နံပါတ်လေး တစ်ခု၊ နှစ်ခု လောက် ရှိနေနိုင်မည်လား။ ကျွန်မ မသေချာပါ။ ဘ၀၏အမှတ်ရစရာများကို ပြန်၍ ဖုန်ခါရင်း ကျွန်မ ကြည်နူးရပါဦးမည်။ နာကျင်ရပါဦးမည်။ ၀မ်းနည်း ရပါဦး မည်။
နုပျိုမှုတို့သည် လေနှင့် အတူ လွင့်ဝဲ မျောပါသွားသော သစ်ရွက်တို့လို ပင်စည်ထံမှ ကင်းကွာ သွားကြသော အခါ အမှတ် ရစရာတို့သည်သာ ဘ၀၏ ကြွင်း ကျန်ရစ်သော ဘ၀၏ ဆုလာဘ်တို့ ပဲလား။

ကျွန်မသည် သိမ်းထားသော တယ်လီဖုန်း စာအုပ် အဟောင်းကလေးကို မကြာခဏ ထုတ်ယူ ဖုန်ခါမိလိမ့်မည် ထင်ပါသည်။
ထိုသောအခါ...။





ပန်းရိပ်ဖြူ
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ဇွန် ၂ဝ၁ဝ


အတွေးစ ကလေးအား အစပြု ဆွဲထုတ်ပေးခဲ့သူ ကျွန်မ၏ ခင်ပွန်းဖြစ်သူ ကိုညွန့်ဟန်အား ကျေးဇူးတင်ပါသည်။