နွမ်းရော်ရီဝေနေသော
စာအုပ်ဆိုင်ထဲတွင် သူ ထိုင်နေခဲ့သည်။ သူ့ မျက်နှာက ဖျားနာနေသူတစ်ဦးလို နာကျင်ပင်ပန်းနေ၏…။
သစ်ရွက်ခြောက်တစ်ရွက်လို သစ်ပင်မှ မကြာခင် ကြွေကျတော့မည့်ဟန်ဖြင့် သူ … ညှိုးရီနေသည်။
ကျွန်မသည် … သူ့ကို မကြည့်မိအောင် သတိထားရင်းမှပင် ဝမ်းနည်းနာကျင်လာခဲ့သည်။
"ခင်ဗျားလိုချင်တဲ့
စာအုပ်တွေ … အကုန်ယူသွားပါ"
အက်ရှနာကျင်နေသော
သူ့အသံက ကျွန်မကို လက်သည်းစူးစူးတွေနဲ့ ကုတ်ခြစ်နေသလို နာကျင်စေသည်။
"အမှန်ဆို…
ကျွန်တော် စာအုပ်ကောင်းတွေ ခင်ဗျားကို အကုန်ပေးချင်တာ…"
သူက
ဆက်ပြောနေပြန်သည်။ စာအုပ်ဆိုင်ထဲမှ စာအုပ်တွေကို ဆွဲချထုပ်ပိုးနေတာကို သူထိုင်ကြည့်နေနိုင်တာ
ကျွန်မ အံ့သြချင်သည်။ ကျွန်မတောင်မှ မငိုမိအောင် မနည်းထိန်းထားသည့်ကြားမှပင် မျက်ရည်တို့
စိမ့်ဝဲလာသေးသည်ပဲ။ သူ အတော်ခံစားရမည်မှာ သေချာပါသည်။ ထိုစာအုပ်ဆိုင်မှာ… သူ့ဘဝပါ…
ဟု သူ မကြာခဏ ဆိုခဲ့ဖူးသည်ကို သတိရမိပြန်တော့ ကျွန်မပို၍ ဝမ်းနည်းချင်လာသည်။ သူက စာအုပ်ဆိုင်အပြင်ဘက်ကို
ငေးကာ ဖွဖွရယ်သည်။ သူ့ဆိုင်ရှေ့က တီဗွီဂိမ်းဆိုင်ထဲတွင် အဖြူအစိမ်းဝတ် ကလေးတစ်အုပ်တို့
ဆူညံစွာ အော်ဟစ်ကစားနေသည်။ အနားက ကွမ်းယာဆိုင်တွင်လည်း ကွမ်းသွေးတပျစ်ပျစ်နှင့်…
"စာအုပ်အငှားဆိုင်ဆိုတာ
ဒီခေတ်မှာ မအောင်မြင်တဲ့လုပ်ငန်း ဖြစ်နေပြီဗျ။ ခင်ဗျား ခေါင်းမမာတော့တာ မှန်တယ်"
သူ့စာအုပ်တွေကို
ထုပ်ပိုးနေသူတစ်ယောက်က သူ့ကို လှမ်းပြောသည်။ သူ ဘာပြန်ပြောသည်လဲ… ဆိုတာကို ကျွန်မ မသိလိုက်ပါ။
ပထမဆုံး
သူ့စာအုပ်ဆိုင်စဖွင့်ခဲ့သော နေ့ကိုသာ ကျွန်မ သတိရမိသည်။ အဲဒီတုန်းက… "စာပေသစ္စာဖြင့် သစ္စာစာပေ" ဆိုသော
သူ့ဆိုင်းဘုတ်က ကျွန်မကို သူ့ဆိုင်ထဲသို့ ဝင်ဖြစ်စေရန်အတွက် ဆွဲဆောင်ခဲ့သည်ပဲ။
* * *
သူ၏ဆိုင်းဘုတ်ပေါ်မှ
စာသားသည် စာအုပ်အငှားဆိုင်များ ငါးဆိုင်ထက်မနည်းရှိသော ကျွန်မတို့ရပ်ကွက်ထဲတွင် ထူးခြားထင်ရှားနေခဲ့သည်။
သူက ကျွန်မတို့ ရပ်ကွက်ထဲသို့ မကြာသောအချိန်ကမှ ပြောင်းလာခဲ့သူ။ ကျွန်မက သူ့ကို သတိမထားခဲ့မိသလို
သူကလည်း ကျွန်မကို သတိမထားမိခဲ့ဟု ဆိုသည်။ သို့သော်… ပထမဆုံး သူ့စာအုပ်ဆိုင်ထဲသို့
ကျွန်မဝင်မိသောအခါ သူ့စာအုပ်တွေကို မြင်ပြီး ကျွန်မသူ့ကို အံ့သြသတိထားမိရသလို သူကလည်း
ကျွန်မ ငှားသော စာအုပ်ကိုကြည့်ပြီး ကျွန်မကို သတိပြုမိရပါသည်ဟု ဆိုခဲ့၏။
ထို့နောက်တွင်တော့…
သူနှင့်ကျွန်မသည် အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်ခဲ့ရသည်။
စာအုပ်ဆိုင်ကို
"ယုံကြည်မှုဖြင့် ဖွင့်တာပါ" ဟု ဆိုခဲ့သော သူ့ဆိုင်တွင် ရန်ကုန်ဘဆွေနှင့်
ဗန်းမော်တင်အောင်တို့ အတွဲလိုက်ရှိသည်… ဂျာနယ်ကျော်မမလေး ရှိသည်။ စစ်နှင့်ငြိမ်းချမ်းရေး
ရှိသည်။ ပါရီကျဆုံးခန်းရှိသည်။ မြန်မာပြည်မြောက်ပိုင်းရှိသည်။ ရှုမဝစာအုပ်တွေလည်း အတွဲလိုက်ရှိသည်။
သူက စာအုပ်စုတာ ဝါသနာပါသလို စာအုပ်ငှားရတာလည်း ဝါသနာထုံခဲ့သည်။ လူငှားရအနည်းဆုံးဖြစ်သည့်
အတွေးအမြင်စာစဉ်နှင့် ကိုငြိမ်းအေးအိမ်တို့ ထုတ်ခဲ့သော မော်ဒန်သရဖူကို သူ့စာအုပ်ဆိုင်မှာ
တင်ခဲ့သည်။
သူ့ဆိုင်ကနေ
ပင်လယ်ကို ကျွန်မ ဖတ်ဖူးရသည်… စာပေဂျာနယ်ကို တွေ့ထိဖူးရသည်။ တာရာမဂ္ဂဇင်းကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။
ကျွန်မ၏ စာပေတောင်ပံတို့သည် သူ့ဆိုင်ကလေးကြောင့်သာ ပို၍ သန်စွမ်းခက်မာခဲ့ရပါသည်။
သူနှင့်
ကျွန်မထံတွင် ရင်းနှီးလွယ်သော စာပေကြိုးမျှင်တို့ဖြင့် သံယောဇဉ်တို့ ရှိခဲ့ဖူးသည်။
ကျွန်မက … မဂ္ဂဇင်းပေါ်မှာ ကျွန်မရေးသော စာကို မြင်ချင်စိတ်ရှိခဲ့သော်လည်း သူကဖြင့် ရေးချင်စိတ်ရှိ၍
ရေးခဲ့သောစာကို ဒီအတိုင်းသာ ထားလိုသည်။
"ကျွန်တော်က
… ပန်းပွင့်တွေကိုတောင်မှ ပန်းအိုးမှာ ထိုးပစ်ရမှာထက်စာရင် သစ်ပင်ပေါ်မှာ ဒီအတိုင်းထားချင်တာဗျ"
သူ့အတွေးကို
ဆန်းသည်ဟု ကျွန်မထင်ခဲ့ဖူးသည်။ မဂ္ဂဇင်းမပို့သော သူ့ဝတ္ထုထဲမှ ဇာတ်ကောင်များသည်ရော…။
တသီးတခြားဆန်လွန်းလှသည်။ သူက သဲအိမ်မောင်နေဝါကို ကြိုက်သလို…၊ နိုင်ဝင်းဆွေရဲ့ အရေးအသားကိုလည်း
နှစ်ခြိုက်လွန်းသည် ဆိုပြန်သည်။
"အင်မတန်
ဘဝကြမ်းတမ်းတဲ့ အခြေခံလူတန်းစားအကြောင်း ရေးပေမယ့် အရေးအသားက အနုပညာ အဆင့်အတန်း သိပ်မြင့်တယ်…"
ဟု…
ဆိုကာ… နိုင်ဝင်းဆွေရဲ့ အရေးအသားများကို ခွဲခြမ်းစိတ်ဖြာပြပြန်သည်။
အဲဒီတုန်းက
ညနေခင်းတစ်ခင်းမှာသာ အေးအေးလူလူ ဖွင့်ခဲ့သော သူ့စာအုပ်အငှားဆိုင်ကလေးသည် သူ့ကို လွတ်လပ်လုံခြုံစွာ
အနုပညာစီးမျောခွင့် ပေးခဲ့သည်။ သူ့ဘဝသူ ရောင့်ရဲကျေနပ်ကာ လင်းပသော သူ့ပီတိရောင်ဖြင့်
သူ့ကိုယ်ကို ထွန်းလက်စေသည်။
အနှစ်
နှစ်ဆယ်ဆိုတာ… လူတစ်ယောက်ကို … အတွေးအခေါ်ကို ဘဝတစ်ဘဝကို…၊ ခေတ်တစ်ခေတ်ကို ပြောင်းပြန်လှန်လိုက်သလို
ပြောင်းလဲစေခဲ့သည်လား။ ကျွန်မသည် လမ်းမအလယ်တွင် ကြောင်ကြောင်ကြီးရပ်ကာ… ကျွန်မကို ဖြတ်ကျော်သွားသော
လူတို့၊ ယာဉ်တို့ကို အံ့သြတကြီး ထူးဆန်း၍ နေခဲ့ပြီထင်သည်။
ညနေခင်းမှဖွင့်သော
သူ့စာအုပ်ဆိုင်ထဲတွင် တစ်ခါက သူသည် လက်မလည်အောင် အလုပ်ရှုပ်နေခဲ့ဖူးသည်။ မဂ္ဂဇင်းစာအုပ်အသစ်တို့
မရသဖြင့် ငြူစူချင်သော ထဘီတိုတိုဝတ်ကောင်မလေးများ…
"ဟင့်…
သမီးက စိုးသူ အင်တာဗျူး ဒီလပါလို့ ဖတ်ချင်တဲ့ဟာ"
"ဟေမာနေဝင်း
မျက်နှာဖုံးနဲ့ စာအုပ်ရှိလား… " စသဖြင့် လူတို့အကြားဝယ်… သူ ခေါင်းမဖော်နိုင်ခဲ့။
အဲဒီတုန်းကဖြင့်
ညနေခင်းဆို သနပ်ခါး မှုန်မှုန်လူးကာ စာအုပ်အငှားထွက်ကြသော ယဉ်ကျေးမှု ရှိခဲ့ကြသည်။
ကျွန်မသည်ပင်
စာအုပ်နောက်ကျောဖုံးက ငှားစာရင်းမှာ နှစ်ဖက်လုံးပြည့်၍နေပြီး မှတ်စရာ မကျန်လောက်အောင်များသော
မဂ္ဂဇင်းစာအုပ်များကို ကြည့်ကာ သူ့ကို မုဒိတာစိတ်ဖြင့် နောက်ပြောင်ကျီစယ်ခဲ့ဖူးသည်။
အခုများမှာတော့ စာအုပ်ဆိုင်သို့ ရောက်တိုင်း မဂ္ဂဇင်းစာအုပ်တို့သည်… စာအုပ်စင်ပေါ်၌ မျက်နှာငယ်နေခဲ့သည်။
ဖတ်စရာပါသော မဂ္ဂဇင်းတို့က… အငှားဆယ်ဦးပင် မပြည့်ချင်တာကို သိရသောအခါ စာအုပ်ဝယ်ခဖြင့်
ယှဉ်ထိုးရင်း "သစ္စာ" ကျန်းမာရေးကို စိတ်ပူချင်လာခဲ့သည်။ ကြော်ငြာစာရွက်များစွာပါသော
စာအုပ်လေးလေးလံလံတို့ကလည်း ငှားရသည် ဆိုပေမယ့်… သစ္စာကျန်းမာရေးကို လုံလောက်အောင် မထောက်ကန်နိုင်ခဲ့ပါ…။
သူ့စာအုပ်ဆိုင်ထဲမှာ
တစ်ခါက ဆူညံဝေစည်နေတတ်သော ကလေးတို့သည် သူ့ဆိုင်အနားရှိ ဂိမ်းဆိုင်များဆီသို့ စီးဝင်မျောပါကုန်ကြသည်။
"လူတွေက
စာအုပ်အငှားခ သုံးရာအစား ကိုရီးယားခွေ ဝယ်ကြည့်ရတာကို ပိုတန်တယ်လို့ ထင်လာပြီဗျ…"
သူသည်
စာအုပ်ဆိုင်ကလေးထဲတွင် ညနေခင်းများစွာကို ပျင်းရိစွာ ဖြတ်သန်းရင်း ခေတ်ကို မသက်မသာ
ထိုင်ကြည့်နေခဲ့ရသည်။
"လူတွေ
စာဖတ်နေတာမြင်ရင် ကျွန်တော် စိတ်ချမ်းသာတယ်ဗျာ"
ဟု တစ်ခါက
ဆိုခဲ့ဖူးသော သူ။
ဆိုင်ထဲမှာ
ကာတွန်းစာအုပ်များကို အလုအယက်ရွေးတတ်သော ပိုက်ဆံမပေးဘဲနှင့် ဆိုင်ထဲမှာတင် ကာတွန်းထိုင်ဖတ်တတ်သော
ကလေးတို့ကို သည်းခံနိုင်လွန်းသောသူသည် ကလေးများကို ကြည့်ကာ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။
"ကလေးတွေ
စာဖတ်နေတာ ကြည့်ရတာ စိတ်ချမ်းသာတယ်ဗျာ…။ ဒီကလေးတွေထဲကနေ စာရေးဆရာတွေ၊ နိုင်ငံခေါင်းဆောင်တွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ… ကဲ"
သူ့မျက်နှာသည်
ယုံကြည်မှုဖြင့် ထွန်းလင်းနေခဲ့သည်။ သူသည် အနာဂတ်ကို သူ့နည်းနှင့်သူ ပေါင်းသင်မြေဆွ
လုပ်ချင်သူသာ…။
ထို့နောက်ပိုင်း…
နောက်ပိုင်းနှစ်တို့တွင်တော့ သစ္စာသည် တဖြည်းဖြည်း သွေ့ခြောက်လာခဲ့သည်။ အများတကာက သစ္စာကို
ပိတ်ပစ်ဖို့ အကြံပေးခဲ့ကြသော်လည်း သူ ခေါင်းမာနိုင်သလောက် ခေါင်းမာခဲ့သေးသည်။ ကျွန်မသည်
သစ္စာစာပေ၏ နောက်ဆုံးနေ့တို့ကိုကြည့်ကာ ဝမ်းနည်းနာကျင်ဆဲ…
သူ့ထံမှ
… "ကျွန်တော် ဒီလကုန် စင်ကာပူ သွားတော့မယ်…" ဆိုသောအခါ အံ့သြမှင်တက်ရတော့သည်။
ကျွန်မ
ဆွံ့အစွာဖြင့် သူ့ကို ငေးဆဲ… သူက ခေါင်းတစ်ချက်ရမ်းကာ ဟက်ဟက်ရယ်သည်။ အက်ကွဲနာကျင်သော
သူ့ရယ်သံကို ကြားရတာ ကျွန်မစိတ်ကို တစစ်စစ် နာကျင်စေခဲ့ပြီ…၊ ဆို့နင့်စေလာသည်။
သူ မရှိရင်ဖြင့်…
သစ္စာ…သည်ရော…။ ဒီလိုနှင့်ပင် စာအုပ်အငှားဆိုင်လေးများ ပျောက်ကွယ်သွားရတော့မည်လား။
ကျွန်မတို့ထံမှ
လွတ်ကျသွားရသလို လွှတ်ချလိုက်ရသော အရာများတို့အတွက် ကျွန်မ ငိုချင်လာခဲ့သည်။ သို့သော်
ငို၍လည်း မရနိုင်ပြန်ပါ။ သစ္စာ နောက်ဆုံးရက်အထိ ကျွန်မသည် သူ့ စာအုပ်အငှားဆိုင်၏ ဖောက်သည်ဖြစ်ခဲ့ရသည်။
ခဏနေရင်ဖြင့် တစ်ချိန်က ကျွန်မ ထူးဆန်းအံ့သြစွာ ဆိုင်ထဲသို့ ဝင်ခဲ့ရသော သစ္စာဆိုင်းဘုတ်ကို
ဖြုတ်ချပစ်တော့မည်…။
နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်အထိ
စာပေသစ္စာဖြင့် လေးလံခိုင်မာစွာ ထမ်းဆောင်လာခဲ့သော သစ္စာစာပေသည် တိတ်ဆိတ်စွာ ပြိုကျပျောက်ဆုံးရတော့မည်…။
ဒါ လမ်းတစ်ခု၏
အဆုံးလား၊ အစလား… မသိသော လမ်းပေါ်မှာ နာကျင်စွာဖြင့် လျှောက်ရဦးတော့မည်…။ ကျွန်မသည်
တွေးရင်းပင် နာကျင်လာသည်။ ခဏနေရင်ဖြင့် လမ်းထဲမှ လူအများသည် သစ္စာစာပေကို မေ့သွားပါလိမ့်မည်…
ဒီနေရာမှာ သစ္စာရှိခဲ့ဖူးသည်… ဆိုသည်ရော သိသူတို့ ရှိနိုင်ပါဦးမည်လား… ထိုလမ်းထဲမှ
ကျွန်မဖြတ်မိတိုင်း စေ့ပိတ်ထားသော တံခါးတို့နောက်မှာ ကျွန်မ ချစ်သော စာအုပ်တို့အစား
ပိန်းပိတ်သော အမှောင်ထုတို့သာ ကျွန်မကို ငေးကြည့်နေခဲ့မည် ထင်သည်။
ထိုအခါ
ကျွန်မသည် သစ္စာကို မမြင်အောင် ကျောခိုင်းကာ မမြင်ချင်ယောင် ဆောင်ရတော့မည်လား…။
ထိုခဏ…
ဂိမ်းဆိုင်မှ ကလေးတို့၏ "ဟေး…" ခနဲ အော်လိုက်သံကို ကျွန်မ ကြားရခိုက်… သစ္စာဆိုင်းဘုတ်သည်
ဝုန်းခနဲ ပြုတ်ကျသွားခဲ့သည်။
* * *
ပန်းရိပ်ဖြူ
ကလျာ မဂ္ဂဇင်း၊
June 2011
No comments:
Post a Comment