Saturday, November 3, 2012

တံခါးတစ်ချပ်





            နှင်းရောင်များနှင့် စိုလင်းနေသော ကောင်းကင်ကြီးတွင် တံခါးချပ်များ လိုအပ်ပါသလား။ ကျွန်တော့် ခန္ဓာကိုယ်သည် နံရံဖြူ ဖျော့ဖျော့၏ မျက်နှာပြင်၌ မှီရပ်ရင်း ပင်ပန်းနွမ်းနယ်လာခဲ့သည်။ အာရုံတစ်ခုကို စုစည်းမရတိုင်း လွင့်ပါးချင်သောစိတ်က ဝေဝါးလာခဲ့သည်။ ဒီနေ့ပါနဲ့ဆို ကျွန်တော် ဒီဆိုင်ကလေးထဲသို့ ရောက်သည်မှာ တစ်ပတ်ကျော်မျှပင် ရှိတော့မည်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဆိုင် တစ်ခုလိုမျိုး ဟောင်းနွမ်းညစ်ထေးနေသော ဆိုင်အခင်းအကျင်းများနှင့် ရွေပေါ်ထိုးနေသော လက်သမားဆရာ၏ လက်သည်းကြားထဲမှ ကြေးညော်မည်းမည်းများကို ကျွန်တော် မြင်နေရသည်။ အနံ့အသက်များနှင့် ပိတ်ဆို့လှောင်အိုက်နေအောင် ကျဉ်းမြောင်းသော အခန်းကျဉ်းထဲတွင် အလုပ်သမားများ၏ ကိုယ်နံ့မှထွက်သော ချွေးများ မိုးစိုနံများဖြင့် အုံဖွဲ့လှောင်ပိတ်နေပြီး ပြတင်းပေါက် သံဆန်ခါကြားမှ ပိုးမျှင်ညစ်ထွေးများက တစထက်တစ ပိုများသလို ထင်ရသည်။ ကျွန်တော် ထိုဆိုင်ကလေးကို စိတ်ပျက်မိပါသည်။
            'မိုးလွင် တံခါးဟောင်းများ ရောင်းဝယ်ရေး' ဟူသော ဆိုင်ဝမှ ဆိုင်းဘုတ်သည် သံမှိုတစ်ခု ပြုတ်ထွက်နေသည်။ လေတိုက်တိုင်း ယီးလေးခိုကျနေပုံမှာ တော်တော် စိတ်ပျက်စရာကောင်းသည်ဟု ကျွန်တော် ထင်မိသည်။ ဆိုင်ပိုင်ရှင်၏ မှေးစင်းစင်းမျက်လုံးများထဲတွင် တံခါးတစ်ချပ်ကို ဘယ်လိုဈေးနှုန်းမျိုးနဲ့ ဝယ်ပြီး ဘယ်လောက်ထိ အမြတ်ရနိုင်မည်ဟူသော ဂဏန်းတွက်စက်တစ်လုံးကို ကျွန်တော် မြင်နေရသည်။ အမှန်ဆိုရမည်ဆိုရင် ကျွန်တော်သည် အခုအချိန်၌ တံခါးတစ်ချပ် မဖြစ်ချင်တော့ပါ။ ကျွန်တော် မသိသော အလင်းများက ကျွန်တော့်ကျောပေါ်တွင် ထိုင်ကာ စိတ်ရှိလက်ရှိ ရွေပေါ်အသပ်ခံနေသော အဖြစ်သည် တော်တော်သီးခံနိုင်စရာ မရှိသောအဖြစ် ဖြစ်သည်။ ဖြစ်နိုင်မယ်ဆိုရင် တံခါးဟောင်းတစ်ချပ်ဘဝမှာ ပြန်အပြင်ခံနေရတာထက်စာရင် ထောင့်တစ်ထောင့်၌ ဖုန်အလိပ်လိပ်ဖြင့်သာ နေချင်နေမိသည်။ တံခါးတစ်ချပ်၏ ဘဝဆိုတာကို ပြန်တွေးမိပြန်တော့ ကျွန်တော်ရယ်ချင်လာသည်။
            လူများသည် ရူးသွပ်ခြင်းနှင့် သံသယများ၏ လောင်မြိုက်ခြင်းများကို တငွေ့ငွေ့ခံကာ တံခါးများကို တပ်ဆင်နေကြသလား။ တံခါးတစ်ချပ်၏ လုံခြုံခြင်း ဆိုသော အရာကို ကျွန်တော် သံသယရှိပါသည်။ တံခါးဆိုသည်မှာ ဘယ်လိုအရာလဲ။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ။ တံခါးဆိုတာ အရာဝတ္ထုတစ်စုံတစ်ခုကို ထည့်လှောင် ပိတ်သွင်းထားသော အလုံပိတ်သေတ္တာတစ်မျိုးလား။ တံခါးနောက်ကွယ်မှ ဖြစ်စဉ်ပြ ပြကွက်များကို သိလာကြသောအခါ လူမြင်မခံဝံ့သော အရာများကို ပြုလုပ်ရန်အတွက် သုံးထားသော ပစ္စည်းတစ်ခုအဖြစ် ကျွန်တော် ထင်လာမိသည်။
            ကျွန်တော် ပထမဆုံး တပ်ဆင်ခံလိုက်ရသော နေရာသည် ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှ အခန်းတစ်ခန်း ဖြစ်သည်။ ကျွန်တော့်အတွက် သိပ်မလိုအပ်လှဟု ထင်ရသော်လည်း ပန်းခြူးပန်းနွယ်များဖြင့် တန်ဆာဆင်ထားသော ကျွန်တော်သည် တန်ဖိုးကြီးမားသော တံခါးတစ်ချပ် ဖြစ်ခဲ့သည်။ ကျွန်တော့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကိုင်တွယ် ကြည့်ရှုသော အမျိုးသမီး၏ လက်ဖြူဖြူဖောင်းဖောင်းများပေါ်၌ ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့ဖူး၏။
            သို့သော် ည ဆယ့်နှစ်နာရီ သံချောင်းခေါက်သံ။ အမျိုးသမီး၏ တိုးတိုးဖွဖွ သက်ပြင်းရှိုက်သံ၊ ကနွဲ့ကလျ ရယ်သံများနှင့်အတူ ကျွန်တော့်ဆီလာသော ခြေသံများသည် တစ်ညနှင့်တစ်ည မတူညီမှု အကြောင်းများကို မေ့ထား၍ မရခဲ့ပါ။ ဘီယာခိုးများနှင့် မူးယစ်ရီဝေနေသော ရာသီများသာ များနေသည့် ထိုအမျိုးသမီး၏ ယောက်ျားကို မြင်တိုင်း ကျွန်တော် လိပ်ပြာမသန့် ဖြစ်နေခဲ့ရသည်။ ကျွန်တော့် ရင်ဘတ်ကို ဖွဖွခေါက်သော လက်များသာ ပြောင်းလဲသွားသော်လည်း 'ဟင်းဟင်း' ဟု ရယ်တတ်သော မပြောင်းလဲသည့် အမျိုးသမီး၏ အသံကို အော်ကလီဆန်စွာ ကျွန်တော်ကြားနေရသည်။ ဘာတွေလဲ။ လူတွေထဲမှာ ဒီလောက် စက်ဆုပ်စရာကောင်းသော ဖြစ်ရပ်မျိုးတွေကို လျှို့လျှို့ဝှက်ဝှက် ပြုလုပ်တာမျိုးတွေ ရှိနေခဲ့သလား။ ကျွန်တော် ဟာ မကောင်းမှုတစ်ခုကို ပြုလုပ်ဖို့ ကာကွယ်သည့် အကောင်းဆုံးပစ္စည်း ဖြစ်နေခဲ့သလား။ ထိုရက်များသည် မကြာခဏ အိပ်ချင်ယောင် ဆောင်နေခဲ့ရသော အသက်ရှူရန် မဝံ့မရဲဖြစ်ရသော မွန်းရှိနင့်သီးနေသည့် ရမ္မက်ဆိုးနေ့များသာ ဖြစ်ခဲ့၏။ ရုပ်ဝတ္ထုပစ္စည်းများပေါ်၌ စိတ်ခံစားမှုကို လိုက်ကာ ပြောင်းလဲတတ်သော ထိုအမျိုးသမီးထံ၌ ကျွန်တော် တာရှည်မခံခဲ့ပါ။ ဆန်းသစ်သော တံခါးတစ်ချပ်ကို သူမ ထပ်မံတွေ့ရှိလာသော အချိန်မှာပင် အိမ်ကြီး၏ ညာဘက်ထောင့်စွန်းခပ်ကျကျ၌ ရှိသော အခန်းတစ်ခုထဲသို့ ကျွန်တော် ရောက်ခဲ့ရ၏။

*          *          *

 
 

            စိမ်းညို့သော မျက်ခုံးထူမည်းမည်းများနှင့် ကိုယ်လုံး ခပ်တောင့်တောင့် ကောင်မလေး၏ ညို၍ ကြမ်းတမ်းသော လက်ကလေးကို ကျွန်တော် သဘောကျပါသည်။ ဟင်းနံ့၊ ဆပ်ပြာမှုန့်နံ့များနှင့် စွဲနေသော လက်ညိုညိုမည်းမည်းများနှင့် ကျွန်တော့်ကို ဖွင့်လှစ်သော အချိန်များ၌မူ ကျွန်တော့်စိတ်များသည် လေဟာနယ်တစ်ခုထဲ၌ ဝဲလွင့်သွားသလိုမျိုး လွတ်လပ် ပျော်ရွှင်သွားတတ်သည်။
            ကျွန်တော်၏ ပျော်ရွှင်မှုများက ကြာရှည်မခံခဲ့ပါ။ ထိုညကို ပြန်စဉ်းစားတိုင်း မသိနားမလည်တတ်သည့် ကောင်မလေး၏ မျက်လုံးဝိုင်းစက်စက်များကို ကရုဏာ သက်တာထက်ပိုသော စိတ်ခံစားမှုတစ်မျိုးဖြင့် ကျွန်တော် နင့်သီး ဝမ်းနည်းသွားရသည်။ ဟစ်အော်နေသော ကောင်မလေး၏ အသံစူးစူး၊ ပိုက်ကွန်ထဲမှ ရုန်းနေသော ငါးကိုကြည့်နေသော လူတစ်ယောက်၏ အသာစီးရနေသည့် ပီတိ၊ မိုးမရွာသောညနှင့် ဘီယာမမူးဘဲ သွေးအေးရက်စက်သော အေးစက်စက်မျက်လုံးများ၊ ကျွန်တော်သည် ထိုညလောက် ကိုယ့်ကိုယ်ကို မုန်းတီး ရွံရှာမိတာမျိုး တစ်ကြိမ်မျှ မပေါ်ပေါက်ခဲ့သေးပါ။ ကျွန်တော့်ရင်ဘတ်ကို တဒုန်းဒုန်း ထုနေသော ကောင်မလေး၏လက်များ နာကျင်ပင်ပန်းနေသည့် အချိန်၌ ကျွန်တော်သည် တံခါးတစ်ချပ်၏ တန်ဖိုးဆိုတာကို မစဉ်းစားချင်မိအောင်ထိ ကိုယ့်ကိုယ်ကို တစ်မျှင်ချင်း လွင့်ပါးသွားချင်နေမိသည်။
            နောက်တစ်နေ့ နံနက်ခင်း၌ ရွံရှာထိတ်လန့်စွာ ငိုနေသော ကောင်မလေး၏ ပခုံးသားပေါ်သို့ လက်ဖြူဖြူ ဖောင်းဖောင်းများသည် ပင့်ကူ တစ်ကောင်လို ကျရောက်လာခဲ့ပါသည်။
            'အင်း… ဒီကိစ္စတွေဟာ သိပ်ပြီးတော့လည်း ထူးဆန်းလှတာ မဟုတ်ပါဘူး အေးမရယ်၊ လူတွေကသာ အထူးအဆန်း လုပ်နေကြတာ၊ မောင်က မင်းကို လိုလိုလားလား ရှိနေတာတောင် မင်းက ဂုဏ်ယူရဦးမှာ၊ မောင့်မှာဆို…'
            ကျွန်တော် ဆက်မကြားချင်တော့ပါ။ နှုတ်ခမ်းထူထူ စိုရဲရဲနှင့် မိတ်ကပ်များသော ထိုမိန်းမသည် စကားများနှင့် ကောင်မလေး၏စိတ်ကို ပန်းပုရုပ်ထုသလို တစ်ဆင့်ပြီးတစ်ဆင့် ထုဆစ်နေ၏။ မအူမလည် ကောင်မလေးကို ကျွန်တော် တစ်စုံတစ်ခု ပြောချင်နေမိသည်။ အဆိပ်များနှင့် ပြည့်နေသော မျက်လုံးများနှင့် ဟန်ချက်ညီစွာ အချိုးကျပြောင်းလဲနိုင်သော ကကွက်မျိုးစုံ ကတတ်သည့် အသိုင်းအဝိုင်းတစ်ခုအား ကျွန်တော် ရွံရှာလာမိသည်။ ကောင်မလေးရဲ့ လန်းဆတ်သစ်လွင်နေသော အပျိုစင် နံနက်ခင်းတွေ မုန်တိုင်း အတိုက်ခံလိုက်ရတာဟာ မထူးဆန်းဘူးလား။ ဒါ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ဝေသော စာစောင်များတွင် မပါဝင်သော AIDS ကာကွယ်နည်းသစ်တစ်မျိုး ဖြစ်မှန်း ကျွန်တော်သိ၏။ ကလစ်ဟူသော တံခါးလှည့်ဖွင့်သံနှင့်အတူ မှိန်ဖျော့ ရီဝေနေသော မျက်လုံးဝိုင်းဝိုင်းများ၏ အားကိုးမဲ့ဟန်။ တကယ်တော့ ကျွန်တော်သည် ဘာဆို ဘာမှ မတတ်နိုင်သော တံခါးတစ်ချပ်သာ ဖြစ်သည်။

*          *          *

            ကျွန်တော်တပ်ဆင်ခြင်း အခန်း၌ ကောင်မလေးများ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားပြီးချိန်၊ အိမ်ရှင် အမျိုးသားနှင့် အမျိုးသမီးတို့ ရာသက်ပန် လမ်းခွဲပြီးချိန်၌ ကျွန်တော့်ကို လူတစ်ယောက် လာဖြုတ်ယူသွားခဲ့သည်။ ဖုန်များဖြင့် လိမ်းကျံခြင်းခံထားရသော ဘဝလောက် ငြိမ်သက်အေးဆေးမှု မရှိနိုင်ပါ။ မိုးစက်များက ကျွန်တော့်မျက်နှာပြင်ကို အကြိမ်ပေါင်းများစွာ လာရောက် ပက်ဖျန်းကြသည်။ ထိုကာလများသည် ကျွန်တော် စိတ်မချမ်းမြေ့ဆုံးသော ကာလများဖြစ်ခဲ့၏။ ကျွန်တော့်ကိုယ် ကျွန်တော် အများသုံး အိမ်သာတစ်ခု၏ တံခါးအဖြစ် တပ်ဆင်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် မတွေးဖူးတာ သေချာပါသည်။ ရုပ်ဆင်းသိပ်မပေါ်တော့ပေမဲ့ ကျွန်တော့်အသား ကျွန်းသားစစ်စစ်သာ ဖြစ်မှန်း ထိုလူတွေ မသိကြတော့ဘူးတဲ့လား။ ဘဝမှာ နေရာလွှဲမှားစွာ အတပ်ဆင်ခံနေရသော အရာဝတ္ထုများသည် နေရာတိုင်း၌ ရှိနေမှန်း ကျွန်တော်သိနေရပြီ။
            ကျွန်တော့်ကို ဖြုတ်ယူတပ်ဆင်သွားသော ဒရိုင်ဘာကောင်လေး၏ ပရဟိတစိတ်ကူးကို ကျွန်တော် ချဉ်တူးမုန်းတီးမိသည်။ နံစော်နေသော အနံ့အသက်များနှင့် မှုန်ကုပ်ကုပ်အိမ်သာသည် ထိုရပ်ကွက်ကလေး၏ တစ်ခုတည်းသော ဈေးအိမ်သာလား။ တကယ်ဆို မိန်းမအိမ်သာ၊ ယောက်ျားအိမ်သာဆိုတာလောက်တော့ ခွဲခြားသင့်သည့်ဟု ကျွန်တော်ထင်သည်။ မလွယ်မပိုးနိုင်သော ဒုက္ခများကို သယ်ဆောင်ဖြေရှင်းလာသော လူများသည် အလုံပိတ် အခန်းတစ်ခုထဲသို့ ရောက်ရှိလာသောအခါ…
            သစ်လွင်သော အဝတ်အစားများ၏အောက်၌ အတွင်းခံဘောင်းဘီ၊ စကတ်များသည် တော်တော်များများ နံစော်နေတတ်၏။ အပေါ်ယံ ကြည့်ကောင်းရုံသဘာဝသည် လူများ၏ မွေးရာပါ ဟန်ဆောင်မှု အတတ်ပညာဟု ကျွန်တော် ထင်လာသည်။ လူကြီးလူကောင်းဆန်ဆန် မျက်နှာပေးနှင့် အိပ်ထဲမှ ဘောပင်တစ်ချောင်းကို ထုတ်ကာ အတွင်းစိတ်ဆန္ဒများကို မဖုံးနိုင်၊ မဖိနိုင် ရေးသားကြသည့် အချိန်မှာတော့ ကျွန်တော်သည် ဘာဆိုဘာမှ နားမလည်နိုင်ခဲ့ပါ။ မိန်းကလေးရုပ်ပုံများကို လက်စွမ်းပြရေးဆွဲကာ မဟုတ်သော အကြောင်းအရာများနှင့် လမ်းညွှန်ပြီး 'မှတ်ကွ' ဟု ကြိမ်းဝါးလိုက်သော ရုပ်များသည် တော်တော်ပျို့အန်စရာ ကောင်းနေပါသည်။
            လူတွေ၏ စိတ်ထဲမှာ အဲဒီလောက် ညစ်ပဲ့ပဲ့နိုင်သော ညစ်စုတ်သော အပြုအမူမျိုး၊ ခံစားချက်မျိုးကို တံခါးတစ်ချပ်ကွယ်ရုံနှင့် အလွယ်တကူ ပြုမူတတ်ပါသလား။ လူရှေ့မှာ ထားခဲ့သော မျက်နှာဖုံးများ အလွှာလိုက် ပြုတ်ကျသွားသည့်အခါ လူများဆီမှ သိပ်မထူးဆန်းလှသော မျက်နှာများသည် တစ်ညီတည်း တူစွာ ပေါ်လာကြ၏။ တံခါးအဝမှာ ထားခဲ့သော မျက်နှာဖုံးများကို တံခါးထဲမှ ပြန်ထွက်ချိန်၌ အဆင်သင့် ကောက်စွပ်ရင်း သူတို့မဟုတ်သည့်အတိုင်း ထွက်ခွာဝံ့သော ထိုလူများ၏ နောက်ကျောလုံမှုကို ကျွန်တော် တော်တော်အံ့အားသင့်ပါသည်။ ဘာကိုမှ ကျွန်တော် ဆက်မတွေးချင်တော့ပါ။
            အိမ်သာ တံခါးဘဝမှ 'မိုးလွင် တံခါးများ ရောင်းဝယ်ရေး' ဆီသို့ ရောက်လာရသည်မှာ ကျွန်တော့်အသား ကျွန်းးသားဖြစ်ခြင်းကြောင့် ဖြစ်သည်။ ပတ္တမြားမှန်ပေမယ့် ကျွန်တော်ကတော့ နစ်ချင်ရာမှာ နစ်ဟူ၍သာ သဘောထားချင်တော့သည်။ အိမ်သာမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တံခါးတစ်ချပ်ဘဝဟာ သိပ်မထူးဆန်းလှတော့ပါ။ ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ ဆိုင်ပိုင်ရှင်၏ မှေးစင်းစင်းမျက်လုံးများသည် ကျွန်တော်မြင်နေကျ မျက်လုံးများနှင့် ကွာခြားမှု သိပ်မရှိလှပါ။
            ကလစ်ဟူသော တံခါးဖွင့်သံ၊ ပိတ်သံ၊ ကျွန်တော်သည် နံရံတွင်ထောင်ထားသော တံခါးတစ်ချပ် ဖြစ်နေရသည့်အတွက် အခုအချိန်မှာ အနည်းငယ် စိတ်ချမ်းသာမှု ရနေပါသည်။ လမ်းတစ်ဘက်ခြားရှိ ခြံဝင်းများနှင့် အိမ်ကြီးတွင် တံခါးများကို မြင်နေရ၏။ ပလတ်စတစ်ကောက်သော သားအဖကို ထိုးဟောင်နေသော ခြံတံခါးထဲမှ ခွေးတစ်ကောင်ကို မြင်လိုက်ရသည့်အခါမှာတော့ ဘာရယ်မဟုတ် ကျွန်တော် ပြုံးလိုက်မိပါသည်။


ပန်းရိပ်ဖြူ
အမှတ် ၁၂၃၊ ဖေဖော်ဝါရီလ၊ ၂ဝဝဝ ခုနှစ်
ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း

No comments: