Wednesday, November 7, 2012

မှောင်သောလမ်း






မြကိုကြည့်ရတာ ရုပ်ဆိုးလာသည်….။မောင်ချစ်ခဲ့ရသည့် ဖြူစင်ကြည်လင်နေသော မျက်လုံးကြည်ကြည်လေးတွေ နေရာမှာ တောက်လောင်နေသော မြရဲ့ ဒေါသ မျက်ဝန်းတွေက မောင့်ကို ကျွမ်းလောင်စေခဲ့၏။ သစ်ရွက်လေးတွေ တဖွဲဖွဲနဲ့ ကြွေကျနေသလိုမျိုး ရယ်မောတတ်သော မြရယ်သံ သဲ့သဲ့ လေး သည် အခုတော့လည်း မောင့်ကို တမြေ့မြေ့နှင့် နာကြင်ခံရခက်စေလောက်အောင် လို့ လှောင်ရယ်တတ် သော ခြောက်ကပ်ကပ်ရယ်သံအဖြစ် ပြောင်းလဲသွားခဲ့ပြီ။  မောင်မှားသည်လား..မြမှားသည်လား လို့ မြမေးတိုင်း မောင့်မှာ ..ပြေးပုန်းစရာ၊ခိုလှုံစရာ နေရာ ရှာမတွေ့သည်မို့ မောဟိုက်တုန်ရီစွာ ဖြင့်ပင် မြမေးခွန်းတို့ကို ကြောက်ရွံ့လာရတော့သည်…။မောင်နှင့်မြ၏ ရန်ပွဲတို့သည် ဘယ်တော့မှအဆုံးမသတ် ဖြစ်ပဲ မြ ၏ နောင်တကြီးစွာ(မောင့်အထင်) ငိုရှိုက်နေသော ငိုသံဖြင့်သာ …ဆက်ရန်တို့ ကျန်ရစ်ရမြဲ….။ မြငိုသံသဲ့သဲ့ သည် မောင်နှင့်မြတို့နှစ်ယောက်ကြားထဲက ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို တသွေ့သွေ့နှင့် နွမ်းခြောက် သွားစေဖို့ မြှိုက်လိုက်သော ရက်စက်သည့်မီးတောက်များသာ….။
          မောင်သည် အံကိုကြိတ်မိသည်။လက်သီးကို ဆုတ်မိသည်။ ခေတ်ကို ဆဲမိသည်။ နောက်ဆုံးတော့ မောင့်မြကို ပင်မောင်မုန်းမိဦးတော့မည်…။မြကို ကြင်နာချင်ရက်နှင့်ပင် မောင်က အထင်သေးချင်သည်။ ထိုအခါတိုင်း မောင်သည်နာကြင်စွာဖြင့်….“မိန်းမတွေအားလုံး အတူတူချည်းပဲ” လို့ အားလုံးကို သိမ်းကျုံးကာ ဆိုချင်လာခဲ့၏။
           “တက္ကသိုလ်က ဆရာကြီးလေ…..ကြည့်ဦး..” ဆိုတဲ့ မြရဲ့ စောင်းရွဲ့သောစကားသံ များကို မကြားရစေဖို့ တံခါးကိုဆောင့်ပိတ်ရင်း လမ်းထိပ်သို့ ထွက်ခဲ့ရသည် က အကြိမ်ကြိမ်ပါပဲ။  မီးမရှိသော လမ်းမီးတိုင်များအောက်မှာ ရပ်ရင်းဖြင့်ပင် တစ်စစီအက်ကွဲသွားသော ယောက်ျားမာနတို့ကို ပုံပျက်ပန်းပျက် ဖြင့် မောင်ပြန်ဆက်ရပြန်သည်။ “သူ့လုပ်စာနှင့်ဆိုရင်လား …ကျွန်မတော့ ဆိုက်ကားဆရာကို ယူမိတာမှ အဆင်ပြေဦးမယ်ထင်ရဲ့….”
လှသောမြနှုတ်ခမ်းမှ ရက်ရက်စက်စက်ဆိုရက်ခဲ့ သော မြစကားသံတို့က မှန်ကွဲစများလို မောင့်စိတ်ထဲ၌ စူးဝင်နစ်စိုက် ၍ နေကာ ပြန်နှုတ်ယူပစ်လိုက်ဖို့လည်း မလွယ်ကူလှအောင် ရှိလှသည်။
          မောင့်ယုံကြည်ချက်တွေ၊ မောင့်မျှော်လင့်ချက်တွေအကုန်လုံးကို မြ က စကားလုံးဖြင့် တံမျက်လှည်းသလို လှည်းလိုက်နိုင်သည်ရော…..။ မောင့်အခန်းကျဉ်းလေးထဲက…မှိုတတ်နေသော စာအုပ် တို့ကို မြငြူစူချင်သည်။မြ စာမဖတ်တော့တာ၊ မီးဖိုချောင်ကုန်ဈေးနှုန်းစာရင်းကို အသံထွက်ပြီးတော့ ဖတ်တတ် လာတာတွေဟာ မောင့်ကြောင့် တဲ့လား။
“တော်ပါတော့ ..မြရယ်”  ဟုမောင်က တုန်ရီမောလှိုက်စွာ တောင်းပန်ပြန်ရင်တော့  မြသည် ဆိုးဝါးလှသော အဓိပ္ပါယ်မျိုးစုံပါသောမျက်လုံးအကြည့် တို့ဖြင့်မောင့်ကို စိုက်ကြည့်ကာ..ဟက်ဟက်ပက်ပက် ရယ်တော့၏။ မောင့်မျက်နှာသည် လည်းအရောင်အဆင်းမပေါ်တော့သော ဖွာရာထနေသည့် အ၀တ်စတစ်စ လိုမျိုး ဖြစ်လာကာ..မြထံမှ မောင်ပြေးပုန်းချင်လာသည်။
“ရှင့်လောက်ခေါင်မာပြီးတော့ ရက်စက်တဲ့ယောက်ျား ကျွန်မမတွေ့ဖူးဘူး”  ဟု မြက ဆိုသည်။မောင် အဝေးသင်ကျူရှင်မသင်ချင်တာကို ရက်စက်သည်တဲ့လား။
“မောင် မေးခွန်းရောင်းမစားချင်ဘူး” ဟု မြကိုဆိုတော့ မြက ဟက်ဟက်ပက်ပက်ရယ်ပြန်သည်။ ဘာသာရပ်တစ်ခုကို ဆယ်ရက်နဲ့ အပြီးမပြတ်နိုင်တာကို သိရက်နဲ့…ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က ဘာသာရပ်တစ်ခုကို ကျကျနန နားလည်ဖို့ ဆိုတာထက် ဘွဲ့မြန်မြန်ရသွား ဖို့ အဓိက ဆိုတာကို သိရက်နဲ့ မောင်က ရေစီးကြောင်းထဲ မြော မလိုက်နိုင်သူဟု မြကစွတ်စွဲသည်။
          ဆရာချင်းအတူတူလို့ မြ ညွှန်ပြတတ်သော ဆရာတစ်ချို့က မောင့်ကို ငကြောင်လို့ ခေါ်ကာ မြကို သနားကြသည်တဲ့။
“ရှင့်ကို ဘယ်သူကမှ ဂုဏ်ထူးဆောင်ဘွဲ့မပေးဘူး။ ကွယ်ရာမှာကဲ့တောင်ကဲ့ရဲ့သေးတယ်”
မြက မဲ့ရွဲ့စွာဆိုသည်။ ဂုဏ်ထူးဆောင်ဘွဲ့မပေးမှန်း၊မောင်အဝေးသင်မသင်လို့ မောင့် ထာန မှာ မောင့်ကိုလူမုန်းများမှန်း မောင်သိသည်ပေါ့မြ။ ဒါပေမယ့် အဝေးသင်ကျူရှင်ရယ်လို့ ဆိုပြီးတော့ ကျောင်းသားတစ်ပိုင်း အလုပ်သမားတစ်ပိုင်း ကလေးတွေဆီကနေ ပိုက်ဆံလိမ်ယူရတဲ့ အလုပ်ကို တော့ မောင်လိပ်ပြာမလုံချင်ဘူးမြရေ…။ အဝေးသင်ရာသီမှာ… မောင့်ရဲ့ အနီးကပ် ဆယ်ရက်အတန်းမှာ.. အမြဲတမ်းလူပြည့်နေတတ်တာ ဆယ်ရက်လုံးလုံးကျောင်းမှာ စာသင်သူဆို ၍ မောင်သာ ရှိသည်ကို မြ ဂုဏ်မယူနိုင်တော့ ပြီ။  ကျောင်းဝင်းထဲမှာ အရက်ပုလင်းထောင်နေသော ကျောင်းသားတွေကို တွေ့တိုင်း၊ ဖဲဝိုင်းတွေကို မောင်ဖမ်းမိတိုင်း၊ စာသင်ခန်းအလွတ်တွေထဲမှာ…မောင်ပင်မကြည့်ဝံ့သော သမီးရည်းစား စုံတွဲများ၏ အနေအထိုင် ပွင့်လင်းမှုတို့ကို မြင်ရတိုင်း  မောင်ခံပြင်းနာကြင်ရပြန်သည်။ ထိုအခါတိုင်း မောင်သည် မောင်လျှောက်နေသော လမ်းကို သံသယ ၀င်လာရတော့သည်။
တစ်ခါတလေတော့လည်း မောင်သည်ကိုယ့်ကိုယ်ကို ပြဇတ်မင်းသားတစ်ဦးလိုထင်လာ မိပြန်သည်။ ဆရာအဖြစ်သရုပ်ဆောင်နေရတဲ့ဇာတ်ရုပ် နဲ့ တပည့်အဖြစ်သရုပ်ဆောင်နေရတဲ့ဇာတ်ရုပ်မှာ…ဘွဲ့လက်မှတ် ဆိုတာ ဇာတ်ရုံအ၀င်လက်မှတ်သာသာပါပဲဟု စိတ်နာကြည်းစွာထင်ချင်လာတတ်သည်။ လူလာမကြည့်တဲ့ ဇာတ်ပွဲမှာ..လက်မှတ်တွေကို အလကားဝေနေသလို မျိုး ဘွဲ့ရဖို့လွယ်လွန်းနေတာကိုလည်း မောင်က ခံပြင်း နေပြန်သည်။ စူပါမားကတ်ကြီးရဲ့ ရှေ့က ဧည့်ကြိုကောင်ကလေးက မောင့်တပည့်ဖြစ်နေတတ်သည့်အခါ၊  ၀က်သားတုတ်ထိုးသည်ကောင်မလေးက မောင်သင်ခဲ့ဖူးသည့် အတန်းမှ မိန်းကလေးဖြစ်နေသည့်အခါ ၊ လမ်းဘေးမှာ အကျီင်္ဟောင်းရောင်းသော ကောင်ကလေးက မောင့်ရဲ့တပည့်ဟောင်း ဖြစ်နေတာကို သိရသည့် အခါ မောင့် ယုံကြည်ချက်တစ်ချို့သည် တမြည့်မြည့်ဖြင့် ဆွေးပြတ်၍လာသော ကြိုးတစ်စလို ဖြစ်လာခဲ့၏။ သူ့နေရာနှင့်သူ ထိုက်တန်သော နေရာတစ်ခုကို ရဖို့ အတွက် တပည့်တို့ကို ပညာအမွေ တကယ်မပေးနိုင်သော ဆရာ တစ်ယောက်အဖြစ်  မောင့်ကိုယ်မောင်ထင်မြင်လာသည်။ ထိုအခါမောင်သည် မောင့် ရဲ့ ဆရာ ဆိုသော နေရာကို ပြန်ဆန်းစစ်မိရတော့သည်။
မောင်ရှုံးလေသည်လားမြ….။မောင်စာတွေသင်ခဲ့တာ..ကျောင်းတွေတတ်ခဲ့ရတာ..ရှုံးလေသည်လား ။မောင်တို့အိမ်ထောင်ရဲ့ အခန်းငှားခငွေတောင်မရှိသော မောင့်လခကိုကြည့်ရင်း မြသရော်တော်တော် ပြုံးတတ်တာကို မောင်ခံပြင်းသည်။ မောင်နာကြင်ရသည်။
မြ ပွဲတစ်ပွဲဖြစ်လာတိုင်း ပွဲစားခရတဲ့ ငွေထုတ်ကို စားပွဲပေါ်ကို အသံမြည်အောင်ပစ်တင် တတ်တာ။
“ကျွန်မရှာနေလို့ပေါ့..ကျွန်မသာမရှာနိုင်လို့ကတော့..” ဆိုသည့်စကားကို မောင်ကြားအောင်ပြောတတ်တာ…။
“ရှင်ကတော့ ဂုဏ်ယူစရာတက္ကသိုလ်ကဆရာပေါ့။ကျွန်မကတော့ ဆရာကတော် ပွဲစားမမလေ” ဟု ခနိုးခနဲ့ ဆိုတတ်တာ တွေဟာ မောင့် ရဲ့ အတ္တကို စက္ကူတစ်စလို စုတ်ဖြဲပစ်နေသလိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ သူ့အတ္တကို ဘယ်မှာရှာရမှန်းမသိအောင်ကို တစ်စစီခြေမွခံလိုက် ရတဲ့အခါမှာ ဘာလုပ်တတ်ကြပါသလဲ။ မောင့်အတ္တရယ်လို့တောင် ရုပ်လုံးမပေါ်တော့တဲ့ တစ်စစီ၊တစ်ပိုင်းစီ၊တရွေ့စီ ပျက်လွင့်နေတဲ့ အတ္တကိုပဲ မောင်မောပန်းတကြီးနဲ့ လိုက်ရှာနေမိတော့တာပေါ့။
မောင့်အတ္တကိုမောင်ပြန်မွေးမြူနိုင်ဖို့အတွက် ငွေလိုသည်မြ..။ မောင် ငွေရှာရမည်ပေါ့။ငွေကို မြှားဖို့အတွက် မောင့်မှာရှိသော ပညာကိုသာ ငွေမြှားချိတ်မှာ ထုတ်တတ်ရတော့သည်။ အဝေးသင်ကျူရှင် မသင်ချင်သောမောင်သည်… လူတကာမြှားနေသော ငွေပွက်လွယ်သော တက္ကသိုလ်ဝင်တန်း (အရပ်အခေါ်ဆယ်တန်း) ကန်ထဲသို့ ငွေမြှားချိတ်ကို ချမြှားရတော့သည်။

……………………………………………….

ဆယ်တန်းကန်က ငွေပွက်သောကန်မို့ ငွေမျှားရလွယ်သည်ဟု ဆိုကြသည်။ စာသင်ချင်သော မောင်က ဆယ်တန်းကို ငွေရဖို့ထက် စာသင်ရဖို့ကို ပို၍ မျှော်လင့် ပြန်သည်။ ထိုနေရာမှာလည်း မောင်ကျရှုံး ရပြန်ပါသည်။ ဘယ်အခန်းမှာ ဘယ်နှစ်မှတ်ဖိုးပါ၍ ဘာကို ဘယ်လောက်ပဲကျက်ပါ့မယ် ဆိုသော ဆယ်တန်းကလေးတို့ ရဲ့ ဆုံးဖြတ်မှုနောက်မှာ ဆရာတို့လိုက်ကြရသည်တဲ့….။ ရှေ့အခန်းကိုမသင်ဘဲ နဲ့ ချန်ခဲ့မည် ဆိုရင် နောက်အခန်းကို ဘယ်လိုမှနားမလည်နိုင်မှန်းကို သိပါရက်နှင့် သူတို့ဘယ်လိုတွေသင်နေကြ ပါလိမ့်…။ ဒီအခန်းကအမှတ်နည်း ၍ လွှတ်မည်..အမှတ်များသော ထိုအခန်းကိုတော့ အပိုင်ထုမည်…။ ဂုဏ်ထူးယူလိုသူက ဘယ်အခန်းထိကြည့်။အောင်မှတ်က ဘယ်နှစ်ခန်းဟုဆိုကာ..သင်ရိုးညွှန်းတန်းကို အပိုင်းပိုင်းတစ်၍ ဝေခြမ်းရေး လုပ်ကြသည်။ စာမေးပွဲမှာအမြဲ အမှတ်နှစ်ဆယ်ဖိုးပါတတ်သော နောက်ခန်းကို နားလည်ဖို့အတွက် ဘယ်တော့မှမပါသော စာမေးပွဲမှာ ထည့်မမေးတတ်သော ရှေ့ခန်းကို သိဖို့လိုသည်ဟု ဆိုတတ်သော မောင်သည် ဆယ်တန်းကျူရှင်လောကမှာ မအောင်မြင်ပြန်သော ဆရာဖြစ်ရပြန်ပါသည်။
“ရှင့်ယုံကြည်ချက်တွေ၊စေတနာတွေ၊မာနတွေကို ကျွန်မသိပ်မုန်းနေပြီ။ ဆယ်တန်းတောင်မှ အဖြစ်ရှိအောင်မသင်နိုင်ဘူး။ ကြည့်စမ်း ဟိုဆရာဆို နှစ်တိုင်း သူ့ကလေးတွေ သူ့ဘာသာမှာ ဂုဏ်ထူးတွေထွက်ကြ၊အောာင်ကြလွန်းလို့ နှစ်တိုင်းသူ့ဆီမှာ သင်ချင်တဲ့သူတွေကို တန်းစီနေတာ”
မြ ညွှန်ပြတတ်သော သူများက ကားတစ်ဝီ၀ီစီးနိုင်အောင်ကို ကျူရှင်လောကမှာ အောင်မြင်ကြလေသည်။ မောင်ငွေလိုပါသည်မြ..မောင့်ရဲ့ ပြိုကွဲသွားသော ယောက်ျားမာနကို ပြန်ဆက်ဖို့၊ မြရဲ့  အထင်သေးသရော်ဟန်မျက်လုံးတွေကို ကာကွယ်နိုင်စေဖို့ မောင်ငွေလိုပါသည်။ ငွေသည်..မောင့်ကို မပျော်ရွှင် စေနိုင်ရင်တောင်မှ မောင့်ရဲ့နာကြင်မှုတို့ကို  ခဏတစ်ဖြုတ်တော့ ထုံဆေးထိုးပေးနိုင်ပါသည်။ ဒါပေမယ့် လည်း မောင် ခေါင်းမာသည်လို့ပဲ မြဆိုသလို ဆိုရတော့မည်လား….။ ဒါမှမဟုတ် မောင် ညံ့ဖျင်းလွန်းသည် ဟု ပဲ ဆိုရတော့မည်လား တော့မသိ။ စာမေးပွဲမှာ အမှတ်များများရအောင် လုပ်နည်း သည် မောင်မကျွမ်းဝင်သော ဘာသာရပ်ဖြစ်နေပြန်သည်။  အဖြေလွှာစာရွက်ထဲမှာ မေးသမျှအားလုံးကို အမှန်ဖြေနိုင်အောင်လို့ စာသင်နေရ တာ ပညာရေးတဲ့လား။ ဘယ်အခန်းတော့ သမီးတို့လွှတ်မယ်ဆရာ၊ ဆရာမသင်ပါနဲ့ ဆိုတဲ့ ကလေးတို့ ဆုံးဖြတ်ရာနောက်ကို လိုက်နေရတာကို မောင်ရှက်သည်လေ…။
အတန်းစဉ်မှာ..အောင်ချင်သလို အောင်လာကြသော..ဆယ်တန်းကလေး အများစုတို့ရဲ့ အခြေခံမခိုင် ခဲ့မှုများက မောင့်ကို အံသြလန့်ထိတ်စေခဲ့သည်။ မောင် ရှုံးခဲ့ပါသည် မြ…။  မောင့် ကိုယ်မောင် မရှက်ရွံ့ချင်တော့သော မောင် သည် မအောင်မြင်သော ကျူရှင်လောကမှ စွန့်ခွာလာခဲ့ရပါသည် ။ မြမျက်နှာ ပေါ်က မာကြောခက်ထက်မှုတို့ ပျော့ပြောင်းလုဆဲကာလမှာပဲ..မောင် သည် ကိုးတန်း၊ဆယ်တန်း ကျူရှင်လောက ကို စွန့်ခွာခဲ့ရတော့၏။ မောင်ကျူရှင်မသင်နိုင်တော့ ဘူးလို့ ဆိုတော့ မြသည် အံသြစွာ မောင့်ကို စိုက်ကြည့်၏။ ထို့နောက် ငိုရှိုက်သည်…။ ထို့နောက်  ဒေါသတကြီးဖြင့် မောင့်ကို ထုရိုက်သည်။ ထို့နောက် တစ်ခါ ငိုပြန်သည်။ ပြီးတော့ မရယ်ချင်ပါဘဲနှင့် တဟားဟားအော်ရယ်ပြန်သည်။ မြရဲ့ ရန်တွေ့သံ ထဲတွင် မိန်းမတစ်ယောက်ရဲ့ နောင်တနှင့် နာကြဉ်းမှုတွေ စီးဝင်နေသည်ကော။ မောင် နှင့်အတူတူ လျှောက် ရသော ဘ၀ခရီးလမ်းသည် မြအတွက် ပင်ပန်းလွန်းလှပြီ ထင်သည်။
“ယောက်ျားငပျင်းကိုမှ ယူမိရက်သားဖြစ်နေတယ်။ ရှင်က အချိန်တန်ကျောင်းလေးသွားလိုက်၊ အိမ်ပြန်လာလိုက် နဲ့ လုပ်နေရတာကို ပျော်မှာပေါ့။ အိမ်မှာက ထမင်းနဲ့ဟင်းက အဆင်သင့်ကိုး။ ဘယ်အပြင်ထွက်ပြီးတော့ စာသင် ချင်ပါ့မလဲ ။ မိန်းမလုပ်စာကိုများ ရှင်မို့လို့ မြိုကျရက်တယ်”
မြ ရဲ့ စွပ်စွဲသံ ၊ရန်တွေ့သံ တို့ထဲတွင်..မောင်သည်…ဘာမှသုံးစား ၍ မရသောယောက်ျား တစ်ယောက် ဖြစ်နေခဲ့သည်ကော။
“ အိမ်လခတောင်မရှိတဲ့ လခလေးထိုးအပ်ယုံနဲ့ တာဝန်ကြေပြီလို့ ထင်နေသလား”  ဆိုတဲ့ မြမေးခွန်း ကို ဖြေစရာ မောင့်ထံတွင် အဖြေမရှိပြန်။ မောင့်မှာ အလုပ်လည်း ရှိပါ့ရက်နဲ့၊ ပညာလည်း တတ်ပါရက်နဲ့ ၊ အလုပ်လည်း လုပ်နေပါ့ရက်နဲ့ မြရှေ့မှာ မောင်ဟာ ကျဆုံးမြဲ ကျဆုံးနေရလေသည်။မောင်မချမ်းသာ ချင်သလို၊ မြလည်းချမ်းသာချင်လွန်းသော သူ မဟုတ်တာမောင်သိသည်ပေါ့မြ..။ မောင်လခနှင့် မိသားစု တစ်စု ၀၀လင်လင်စားသောက်ဖူလုံရုံလောက် ရရင် ကိုပဲ မြရောင့်ရဲနိုင်မည်ကို မောင်သိသည်လေ။ လခလေးတိုးလာမည် ဆိုရင်ပျော်လိုက်၊ ကုန်ဈေးနှုန်းတို့တတ်လာမည်ကို ကြောက်လိုက်နဲ့ နေနေရတဲ့ ဘ၀ ကို မောင်စက်ဆုတ်သည်နာကြဉ်းသည်။ ရွံ့မုန်းသည်.။ ပြီးတော့..စိတ်ပျက် စိတ်ကုန်လာသည် လေ။ မောင် ဘာလုပ်ရမည်တဲ့လဲ မြ..။  မောင်ယုံကြည်တဲ့ အလုပ်တွေကို ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ရွှင်ရွှင် မလုပ်နိုင် အောင်လို့ ဘယ်အရာတွေကများ တားဆီးထားပါလိမ့်။မောင် လျှောက်နေသော တောအုပ်သည် တကယ်တော့ ပျော်ရွှင်ဖွယ် ငှက်သံလေး များ ဖြင့်သာယာ နားဆင်နိုင်သော တောအုပ်မဟုတ်မှန်း မောင်ရိပ်စားမိခဲ့ရပြီ။ ဘ၀ရဲ့ မပြည့်စုံခြင်း မပျော်ရွှင်ရခြင်း တို့ အောက်မှာ နာသုံးနာ သည် တဖြည်ဖြည်း ညှိုးရော်၍ လာကာ မောင့်ကိုယ်မှ ရုန်းခွာဖို့ မောင့်ကို စေစားလေပြီ။ မောင်လျှောက်သောလမ်းသည် တဖြည်းဖြည်းနှင့် ကျဉ်မြောင်း၍ လာပြီး  မောင့်တစ်ကိုယ်စာ ကိုပင် မရုန်းနိုင်ကန် နိုင်လောက်အောင် မောင့်ကို နာကြင်မောဟိုက်လာစေခဲ့သည်။ မောင့်ကိုယ်မှာ၊ စိတ်မှာ၊ ယုံကြည်ခြင်းမှာ၊ မျှော်လင့်ခြင်းမှာ ရသော ဒဏ်ရာတို့က အက်ရာတို့ဖြင့် သွေးအလိမ်း လိမ်းပေကျံစွန်းထင်းလျှက်….။  မောင်ဘာလုပ်ရမည်တဲ့လဲမြ…။ စာပဲသင်တတ်သော၊ စာပဲသင်လိုသူမောင့်မှာ… ပြေးစရာမြေမရှိတော့ပြီလား။ အလုပ်မှထွက်ပြီးတော့ သံရုံးတစ်ရုံးမှာ  လုံခြုံရေးဝင်လုပ်နေသော မောင်တို့ ဌာနမှ ဆရာမတစ်ယောက်ကတော့ သူ့ဘ၀ကို သူကျေနပ်ပါတယ် လို့ မောင်နှင့်လမ်းမှာ တစ်ခါဆုံတုံးက ပြောခဲ့သေးသည်ပဲ။ သို့ပေမယ့် ထိုဆရာမရဲ့ မျက်လုံးထဲမှာ စွန်းပေကျိုးကြေနေတဲ့ တစ်စုံတစ်ရာ ကိုမောင် မြင် နေရသည်လေ.။ ဒါကျိန်စာလား မြရေ…။ မောင်တို့အားလုံးရဲ့ကျိန်စာလား။ ပုံပြင်တွေထဲကို လို မျိုး မောင်တို့တစ်တွေ တစ်နေ့မှာ မှော်ဆရာကြီးရဲ့ ကျိန်စာက လွတ်ဖို့ ရော ရှိနိုင်သေးသည် တဲ့လား။ မောင်ယုံကြည်ချင်သည်။မျှော်လင့်ချင်သည်လေ..။မောင့်လစာ ငွေစက္ကူတစ်အုပ်ကို မောင့်မြကို မောင်ရဲရဲဝံ့ဝံ့ ကြည့်၍ ပစ်ပေးနိုင်မည့်နေ့ကို..မျှော်လင့်ချင်သည်။ မောင်ရောက်ချင်သည်..။အဲဒါဟာ မနက်ဖြန်လား…။ ဘယ်တော့မှ မဆုံးတော့မယ့် မနက်ဖြန်ပေါင်းများစွာလား။ ဘယ်တော့ရောက်မှန်းမသိနိုင်တော့တဲ့ မနက်ဖြန်ပေါင်း များစွာအတွက် ပစ္စုပန်အပုတ်အသိုးတွေကို မလွှင့်ပစ်ရက်ပဲနှင့် ပွေ့ပိုက်ကာ မောင်စောင့်နေရဦးမှာတဲ့လား။ တဖြေးဖြေးနဲ့ နွမ်းလျှော်လာသော မောင်နဲ့မြတို့ရဲ့ ချစ်ခြင်းတရားအတွက် တော့ ဘယ်သူ့ကိုမောင် အလျှော်တောင်း ရမည်လဲ မသိပါချေ။ မောင့်နှလုံးသားက ပျောက်သွားသော မြကို ပြန်ရှာဖို့ ၊ မြနှလုံးသားကပျောက်သွားသော မောင့်ကို ပြန်ရှာဖို့ မောင်တတ်နိုင်ဦးမည်တဲ့လား။
မောင်ဘာလုပ်ရမတဲ့လဲမြရေ…။ အထင်တသေးနဲ့ စိုက်ကြည့်တတ်တဲ့ မြမျက်ဝန်းတွေ အောက်မှာ မောင် ဒီ့ထက် ရှုံးနိမ့်ပြီးတော့ ကျွမ်းလောင်ပြာမကျဖို့၊ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တိုင်း မရှက်ရွံ့ ၊မရွံရှာရဘဲ ကိုယ်လုပ်နေတဲ့အလုပ်လေးကို သိက္ခာရှိရှိ နဲ့ လုပ်နိုင်ဖို့….မောင်ဘာလုပ်ရမတဲ့လဲ…။
ပိန်းပိတ်အောင်မှောင်နေတဲ့ အဲဒီ့လမ်းမှာ မောင်ခြေစုံရပ်လို့ စောင့်နေဆဲ….။ ဟိုးဝေးဝေးမှာ တလက်လက်မြင်နေရတာ ရေလား၊ တံလျှပ်တွေလား။  မောင်မသိဘူးမြ။ ဒါပေမယ့် ကိုယ့်လမ်းကိုယ်တောင် မမြင်ရဘဲ စမ်းတ၀ါးဝါးနဲ့ လျှောက်နေရတဲ့ မောင့်တို့ အဖို့ကတော့  လှမ်းမြင်နေရတဲ့ တလက်လက်တွေကိုပဲ ငြင်းနိုင်ဖို့ အင်အား မရှိစွာ မငြင်းစတမ်း လိုက်နေရဦးမှာတဲ့လား….။ အနာဂါတ်ကို ဖမ်းယူဖို့ ပစ္စုပန်တွေကို တစ်စစီချိုးဖဲ့ပြီးတော့ လဲလှယ်ယူရမယ်တဲ့လား…။ ဒါဟာ မောင်တို့ရဲ့ ဘ၀တွေတဲ့လား။ မောင့်မြရှေ့မှာ မောင်လဲပြိုလို့၊ မောင့်ရဲ့ ရှေ့မှာ မောင်လဲပြိုလို့….၊ တစ်စစီ ကျိုးပဲ့ ပျက်စီးနေတဲ့ မောင့်အတ္တ ရှေ့မှာ မောင်လဲ ပြိုလို့……။ မောင့်ရဲ့မျှော်လင့်ခြင်း လမ်းမကြီးပေါ်မှာ မောင် တစ်ယောက် ထဲ  လမ်းပျောက်နေစဲ…..။  မောင့်ဆီကနေ လျှောကျပြုတ်ကျသွားတဲ့ အရာတွေထဲမှာ. .မောင့်မြအပြင် မောင့်ရဲ့စာရိတ္တနဲ့ယုံကြည်မှုတွေ ပါ မပါသွားဖို့ မောင်ကြိုးစားရုန်းကန်နေစဲ……….။  ဘယ်အချိန်ထိ မောင်ရပ်နေရဦးမှာလဲ…။ ဘယ်အချိန်ထိ မောင်တောင့်ခံနိုင်ဦးမှာတဲ့လဲ .။ လက်အံသေလုဆဲဆဲ ခံနိုင်ရည်တို့နဲ့ အနာဂါတ်ကို မောင် မျှော်လင့်ချင်သေးတယ်။ ပိုကောင်းတဲ့ ဘ၀ ဆိုတာလေးကို မောင်ရောက်ဖူးချင်သေးတယ်။ ဒါပေမယ့် မောင်မော လှပါပြီ..။တကယ့်ကိုပဲ မောင်…နာ ..ကြင်…မော..လှ ပါပြီ။ ကျိုးကြေနေတဲ့ စက္ကူတစ်ရွက်ကို ပြန်ဖြန့်နေသလိုမျိုး မောင့်ရဲ့ ယုံကြည်မှုတွေကို မောင်ပြန်ဖြန့်လို့…..ဟောဒီ့လမ်းမမှာ မအောင်မြင်သူမောင်က အနာဂါတ်ကို မျှော်ငေးလို့..။ မောလှပါပြီ။

ပန်းရိပ်ဖြူ
Chic Magazine, November 2012

1 comment:

Unknown said...

မှောင်သောလမ်းမှာ မြနဲ့မောင် အတူယှဉ်တွဲလျှောက်နိုင်ပါစေလို့...
ဖတ်ရင်းနဲ့ကို တမြည့်မြည့် ခံစားရတဲ့ ဝတ္ထုလေးပါ အမ...

ချစ်ခင်တဲ့
Junemoe