Wednesday, November 7, 2012

မှောင်သောလမ်း






မြကိုကြည့်ရတာ ရုပ်ဆိုးလာသည်….။မောင်ချစ်ခဲ့ရသည့် ဖြူစင်ကြည်လင်နေသော မျက်လုံးကြည်ကြည်လေးတွေ နေရာမှာ တောက်လောင်နေသော မြရဲ့ ဒေါသ မျက်ဝန်းတွေက မောင့်ကို ကျွမ်းလောင်စေခဲ့၏။ သစ်ရွက်လေးတွေ တဖွဲဖွဲနဲ့ ကြွေကျနေသလိုမျိုး ရယ်မောတတ်သော မြရယ်သံ သဲ့သဲ့ လေး သည် အခုတော့လည်း မောင့်ကို တမြေ့မြေ့နှင့် နာကြင်ခံရခက်စေလောက်အောင် လို့ လှောင်ရယ်တတ် သော ခြောက်ကပ်ကပ်ရယ်သံအဖြစ် ပြောင်းလဲသွားခဲ့ပြီ။  မောင်မှားသည်လား..မြမှားသည်လား လို့ မြမေးတိုင်း မောင့်မှာ ..ပြေးပုန်းစရာ၊ခိုလှုံစရာ နေရာ ရှာမတွေ့သည်မို့ မောဟိုက်တုန်ရီစွာ ဖြင့်ပင် မြမေးခွန်းတို့ကို ကြောက်ရွံ့လာရတော့သည်…။မောင်နှင့်မြ၏ ရန်ပွဲတို့သည် ဘယ်တော့မှအဆုံးမသတ် ဖြစ်ပဲ မြ ၏ နောင်တကြီးစွာ(မောင့်အထင်) ငိုရှိုက်နေသော ငိုသံဖြင့်သာ …ဆက်ရန်တို့ ကျန်ရစ်ရမြဲ….။ မြငိုသံသဲ့သဲ့ သည် မောင်နှင့်မြတို့နှစ်ယောက်ကြားထဲက ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို တသွေ့သွေ့နှင့် နွမ်းခြောက် သွားစေဖို့ မြှိုက်လိုက်သော ရက်စက်သည့်မီးတောက်များသာ….။
          မောင်သည် အံကိုကြိတ်မိသည်။လက်သီးကို ဆုတ်မိသည်။ ခေတ်ကို ဆဲမိသည်။ နောက်ဆုံးတော့ မောင့်မြကို ပင်မောင်မုန်းမိဦးတော့မည်…။မြကို ကြင်နာချင်ရက်နှင့်ပင် မောင်က အထင်သေးချင်သည်။ ထိုအခါတိုင်း မောင်သည်နာကြင်စွာဖြင့်….“မိန်းမတွေအားလုံး အတူတူချည်းပဲ” လို့ အားလုံးကို သိမ်းကျုံးကာ ဆိုချင်လာခဲ့၏။
           “တက္ကသိုလ်က ဆရာကြီးလေ…..ကြည့်ဦး..” ဆိုတဲ့ မြရဲ့ စောင်းရွဲ့သောစကားသံ များကို မကြားရစေဖို့ တံခါးကိုဆောင့်ပိတ်ရင်း လမ်းထိပ်သို့ ထွက်ခဲ့ရသည် က အကြိမ်ကြိမ်ပါပဲ။  မီးမရှိသော လမ်းမီးတိုင်များအောက်မှာ ရပ်ရင်းဖြင့်ပင် တစ်စစီအက်ကွဲသွားသော ယောက်ျားမာနတို့ကို ပုံပျက်ပန်းပျက် ဖြင့် မောင်ပြန်ဆက်ရပြန်သည်။ “သူ့လုပ်စာနှင့်ဆိုရင်လား …ကျွန်မတော့ ဆိုက်ကားဆရာကို ယူမိတာမှ အဆင်ပြေဦးမယ်ထင်ရဲ့….”
လှသောမြနှုတ်ခမ်းမှ ရက်ရက်စက်စက်ဆိုရက်ခဲ့ သော မြစကားသံတို့က မှန်ကွဲစများလို မောင့်စိတ်ထဲ၌ စူးဝင်နစ်စိုက် ၍ နေကာ ပြန်နှုတ်ယူပစ်လိုက်ဖို့လည်း မလွယ်ကူလှအောင် ရှိလှသည်။
          မောင့်ယုံကြည်ချက်တွေ၊ မောင့်မျှော်လင့်ချက်တွေအကုန်လုံးကို မြ က စကားလုံးဖြင့် တံမျက်လှည်းသလို လှည်းလိုက်နိုင်သည်ရော…..။ မောင့်အခန်းကျဉ်းလေးထဲက…မှိုတတ်နေသော စာအုပ် တို့ကို မြငြူစူချင်သည်။မြ စာမဖတ်တော့တာ၊ မီးဖိုချောင်ကုန်ဈေးနှုန်းစာရင်းကို အသံထွက်ပြီးတော့ ဖတ်တတ် လာတာတွေဟာ မောင့်ကြောင့် တဲ့လား။
“တော်ပါတော့ ..မြရယ်”  ဟုမောင်က တုန်ရီမောလှိုက်စွာ တောင်းပန်ပြန်ရင်တော့  မြသည် ဆိုးဝါးလှသော အဓိပ္ပါယ်မျိုးစုံပါသောမျက်လုံးအကြည့် တို့ဖြင့်မောင့်ကို စိုက်ကြည့်ကာ..ဟက်ဟက်ပက်ပက် ရယ်တော့၏။ မောင့်မျက်နှာသည် လည်းအရောင်အဆင်းမပေါ်တော့သော ဖွာရာထနေသည့် အ၀တ်စတစ်စ လိုမျိုး ဖြစ်လာကာ..မြထံမှ မောင်ပြေးပုန်းချင်လာသည်။
“ရှင့်လောက်ခေါင်မာပြီးတော့ ရက်စက်တဲ့ယောက်ျား ကျွန်မမတွေ့ဖူးဘူး”  ဟု မြက ဆိုသည်။မောင် အဝေးသင်ကျူရှင်မသင်ချင်တာကို ရက်စက်သည်တဲ့လား။
“မောင် မေးခွန်းရောင်းမစားချင်ဘူး” ဟု မြကိုဆိုတော့ မြက ဟက်ဟက်ပက်ပက်ရယ်ပြန်သည်။ ဘာသာရပ်တစ်ခုကို ဆယ်ရက်နဲ့ အပြီးမပြတ်နိုင်တာကို သိရက်နဲ့…ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က ဘာသာရပ်တစ်ခုကို ကျကျနန နားလည်ဖို့ ဆိုတာထက် ဘွဲ့မြန်မြန်ရသွား ဖို့ အဓိက ဆိုတာကို သိရက်နဲ့ မောင်က ရေစီးကြောင်းထဲ မြော မလိုက်နိုင်သူဟု မြကစွတ်စွဲသည်။
          ဆရာချင်းအတူတူလို့ မြ ညွှန်ပြတတ်သော ဆရာတစ်ချို့က မောင့်ကို ငကြောင်လို့ ခေါ်ကာ မြကို သနားကြသည်တဲ့။
“ရှင့်ကို ဘယ်သူကမှ ဂုဏ်ထူးဆောင်ဘွဲ့မပေးဘူး။ ကွယ်ရာမှာကဲ့တောင်ကဲ့ရဲ့သေးတယ်”
မြက မဲ့ရွဲ့စွာဆိုသည်။ ဂုဏ်ထူးဆောင်ဘွဲ့မပေးမှန်း၊မောင်အဝေးသင်မသင်လို့ မောင့် ထာန မှာ မောင့်ကိုလူမုန်းများမှန်း မောင်သိသည်ပေါ့မြ။ ဒါပေမယ့် အဝေးသင်ကျူရှင်ရယ်လို့ ဆိုပြီးတော့ ကျောင်းသားတစ်ပိုင်း အလုပ်သမားတစ်ပိုင်း ကလေးတွေဆီကနေ ပိုက်ဆံလိမ်ယူရတဲ့ အလုပ်ကို တော့ မောင်လိပ်ပြာမလုံချင်ဘူးမြရေ…။ အဝေးသင်ရာသီမှာ… မောင့်ရဲ့ အနီးကပ် ဆယ်ရက်အတန်းမှာ.. အမြဲတမ်းလူပြည့်နေတတ်တာ ဆယ်ရက်လုံးလုံးကျောင်းမှာ စာသင်သူဆို ၍ မောင်သာ ရှိသည်ကို မြ ဂုဏ်မယူနိုင်တော့ ပြီ။  ကျောင်းဝင်းထဲမှာ အရက်ပုလင်းထောင်နေသော ကျောင်းသားတွေကို တွေ့တိုင်း၊ ဖဲဝိုင်းတွေကို မောင်ဖမ်းမိတိုင်း၊ စာသင်ခန်းအလွတ်တွေထဲမှာ…မောင်ပင်မကြည့်ဝံ့သော သမီးရည်းစား စုံတွဲများ၏ အနေအထိုင် ပွင့်လင်းမှုတို့ကို မြင်ရတိုင်း  မောင်ခံပြင်းနာကြင်ရပြန်သည်။ ထိုအခါတိုင်း မောင်သည် မောင်လျှောက်နေသော လမ်းကို သံသယ ၀င်လာရတော့သည်။
တစ်ခါတလေတော့လည်း မောင်သည်ကိုယ့်ကိုယ်ကို ပြဇတ်မင်းသားတစ်ဦးလိုထင်လာ မိပြန်သည်။ ဆရာအဖြစ်သရုပ်ဆောင်နေရတဲ့ဇာတ်ရုပ် နဲ့ တပည့်အဖြစ်သရုပ်ဆောင်နေရတဲ့ဇာတ်ရုပ်မှာ…ဘွဲ့လက်မှတ် ဆိုတာ ဇာတ်ရုံအ၀င်လက်မှတ်သာသာပါပဲဟု စိတ်နာကြည်းစွာထင်ချင်လာတတ်သည်။ လူလာမကြည့်တဲ့ ဇာတ်ပွဲမှာ..လက်မှတ်တွေကို အလကားဝေနေသလို မျိုး ဘွဲ့ရဖို့လွယ်လွန်းနေတာကိုလည်း မောင်က ခံပြင်း နေပြန်သည်။ စူပါမားကတ်ကြီးရဲ့ ရှေ့က ဧည့်ကြိုကောင်ကလေးက မောင့်တပည့်ဖြစ်နေတတ်သည့်အခါ၊  ၀က်သားတုတ်ထိုးသည်ကောင်မလေးက မောင်သင်ခဲ့ဖူးသည့် အတန်းမှ မိန်းကလေးဖြစ်နေသည့်အခါ ၊ လမ်းဘေးမှာ အကျီင်္ဟောင်းရောင်းသော ကောင်ကလေးက မောင့်ရဲ့တပည့်ဟောင်း ဖြစ်နေတာကို သိရသည့် အခါ မောင့် ယုံကြည်ချက်တစ်ချို့သည် တမြည့်မြည့်ဖြင့် ဆွေးပြတ်၍လာသော ကြိုးတစ်စလို ဖြစ်လာခဲ့၏။ သူ့နေရာနှင့်သူ ထိုက်တန်သော နေရာတစ်ခုကို ရဖို့ အတွက် တပည့်တို့ကို ပညာအမွေ တကယ်မပေးနိုင်သော ဆရာ တစ်ယောက်အဖြစ်  မောင့်ကိုယ်မောင်ထင်မြင်လာသည်။ ထိုအခါမောင်သည် မောင့် ရဲ့ ဆရာ ဆိုသော နေရာကို ပြန်ဆန်းစစ်မိရတော့သည်။
မောင်ရှုံးလေသည်လားမြ….။မောင်စာတွေသင်ခဲ့တာ..ကျောင်းတွေတတ်ခဲ့ရတာ..ရှုံးလေသည်လား ။မောင်တို့အိမ်ထောင်ရဲ့ အခန်းငှားခငွေတောင်မရှိသော မောင့်လခကိုကြည့်ရင်း မြသရော်တော်တော် ပြုံးတတ်တာကို မောင်ခံပြင်းသည်။ မောင်နာကြင်ရသည်။
မြ ပွဲတစ်ပွဲဖြစ်လာတိုင်း ပွဲစားခရတဲ့ ငွေထုတ်ကို စားပွဲပေါ်ကို အသံမြည်အောင်ပစ်တင် တတ်တာ။
“ကျွန်မရှာနေလို့ပေါ့..ကျွန်မသာမရှာနိုင်လို့ကတော့..” ဆိုသည့်စကားကို မောင်ကြားအောင်ပြောတတ်တာ…။
“ရှင်ကတော့ ဂုဏ်ယူစရာတက္ကသိုလ်ကဆရာပေါ့။ကျွန်မကတော့ ဆရာကတော် ပွဲစားမမလေ” ဟု ခနိုးခနဲ့ ဆိုတတ်တာ တွေဟာ မောင့် ရဲ့ အတ္တကို စက္ကူတစ်စလို စုတ်ဖြဲပစ်နေသလိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ သူ့အတ္တကို ဘယ်မှာရှာရမှန်းမသိအောင်ကို တစ်စစီခြေမွခံလိုက် ရတဲ့အခါမှာ ဘာလုပ်တတ်ကြပါသလဲ။ မောင့်အတ္တရယ်လို့တောင် ရုပ်လုံးမပေါ်တော့တဲ့ တစ်စစီ၊တစ်ပိုင်းစီ၊တရွေ့စီ ပျက်လွင့်နေတဲ့ အတ္တကိုပဲ မောင်မောပန်းတကြီးနဲ့ လိုက်ရှာနေမိတော့တာပေါ့။
မောင့်အတ္တကိုမောင်ပြန်မွေးမြူနိုင်ဖို့အတွက် ငွေလိုသည်မြ..။ မောင် ငွေရှာရမည်ပေါ့။ငွေကို မြှားဖို့အတွက် မောင့်မှာရှိသော ပညာကိုသာ ငွေမြှားချိတ်မှာ ထုတ်တတ်ရတော့သည်။ အဝေးသင်ကျူရှင် မသင်ချင်သောမောင်သည်… လူတကာမြှားနေသော ငွေပွက်လွယ်သော တက္ကသိုလ်ဝင်တန်း (အရပ်အခေါ်ဆယ်တန်း) ကန်ထဲသို့ ငွေမြှားချိတ်ကို ချမြှားရတော့သည်။

……………………………………………….

ဆယ်တန်းကန်က ငွေပွက်သောကန်မို့ ငွေမျှားရလွယ်သည်ဟု ဆိုကြသည်။ စာသင်ချင်သော မောင်က ဆယ်တန်းကို ငွေရဖို့ထက် စာသင်ရဖို့ကို ပို၍ မျှော်လင့် ပြန်သည်။ ထိုနေရာမှာလည်း မောင်ကျရှုံး ရပြန်ပါသည်။ ဘယ်အခန်းမှာ ဘယ်နှစ်မှတ်ဖိုးပါ၍ ဘာကို ဘယ်လောက်ပဲကျက်ပါ့မယ် ဆိုသော ဆယ်တန်းကလေးတို့ ရဲ့ ဆုံးဖြတ်မှုနောက်မှာ ဆရာတို့လိုက်ကြရသည်တဲ့….။ ရှေ့အခန်းကိုမသင်ဘဲ နဲ့ ချန်ခဲ့မည် ဆိုရင် နောက်အခန်းကို ဘယ်လိုမှနားမလည်နိုင်မှန်းကို သိပါရက်နှင့် သူတို့ဘယ်လိုတွေသင်နေကြ ပါလိမ့်…။ ဒီအခန်းကအမှတ်နည်း ၍ လွှတ်မည်..အမှတ်များသော ထိုအခန်းကိုတော့ အပိုင်ထုမည်…။ ဂုဏ်ထူးယူလိုသူက ဘယ်အခန်းထိကြည့်။အောင်မှတ်က ဘယ်နှစ်ခန်းဟုဆိုကာ..သင်ရိုးညွှန်းတန်းကို အပိုင်းပိုင်းတစ်၍ ဝေခြမ်းရေး လုပ်ကြသည်။ စာမေးပွဲမှာအမြဲ အမှတ်နှစ်ဆယ်ဖိုးပါတတ်သော နောက်ခန်းကို နားလည်ဖို့အတွက် ဘယ်တော့မှမပါသော စာမေးပွဲမှာ ထည့်မမေးတတ်သော ရှေ့ခန်းကို သိဖို့လိုသည်ဟု ဆိုတတ်သော မောင်သည် ဆယ်တန်းကျူရှင်လောကမှာ မအောင်မြင်ပြန်သော ဆရာဖြစ်ရပြန်ပါသည်။
“ရှင့်ယုံကြည်ချက်တွေ၊စေတနာတွေ၊မာနတွေကို ကျွန်မသိပ်မုန်းနေပြီ။ ဆယ်တန်းတောင်မှ အဖြစ်ရှိအောင်မသင်နိုင်ဘူး။ ကြည့်စမ်း ဟိုဆရာဆို နှစ်တိုင်း သူ့ကလေးတွေ သူ့ဘာသာမှာ ဂုဏ်ထူးတွေထွက်ကြ၊အောာင်ကြလွန်းလို့ နှစ်တိုင်းသူ့ဆီမှာ သင်ချင်တဲ့သူတွေကို တန်းစီနေတာ”
မြ ညွှန်ပြတတ်သော သူများက ကားတစ်ဝီ၀ီစီးနိုင်အောင်ကို ကျူရှင်လောကမှာ အောင်မြင်ကြလေသည်။ မောင်ငွေလိုပါသည်မြ..မောင့်ရဲ့ ပြိုကွဲသွားသော ယောက်ျားမာနကို ပြန်ဆက်ဖို့၊ မြရဲ့  အထင်သေးသရော်ဟန်မျက်လုံးတွေကို ကာကွယ်နိုင်စေဖို့ မောင်ငွေလိုပါသည်။ ငွေသည်..မောင့်ကို မပျော်ရွှင် စေနိုင်ရင်တောင်မှ မောင့်ရဲ့နာကြင်မှုတို့ကို  ခဏတစ်ဖြုတ်တော့ ထုံဆေးထိုးပေးနိုင်ပါသည်။ ဒါပေမယ့် လည်း မောင် ခေါင်းမာသည်လို့ပဲ မြဆိုသလို ဆိုရတော့မည်လား….။ ဒါမှမဟုတ် မောင် ညံ့ဖျင်းလွန်းသည် ဟု ပဲ ဆိုရတော့မည်လား တော့မသိ။ စာမေးပွဲမှာ အမှတ်များများရအောင် လုပ်နည်း သည် မောင်မကျွမ်းဝင်သော ဘာသာရပ်ဖြစ်နေပြန်သည်။  အဖြေလွှာစာရွက်ထဲမှာ မေးသမျှအားလုံးကို အမှန်ဖြေနိုင်အောင်လို့ စာသင်နေရ တာ ပညာရေးတဲ့လား။ ဘယ်အခန်းတော့ သမီးတို့လွှတ်မယ်ဆရာ၊ ဆရာမသင်ပါနဲ့ ဆိုတဲ့ ကလေးတို့ ဆုံးဖြတ်ရာနောက်ကို လိုက်နေရတာကို မောင်ရှက်သည်လေ…။
အတန်းစဉ်မှာ..အောင်ချင်သလို အောင်လာကြသော..ဆယ်တန်းကလေး အများစုတို့ရဲ့ အခြေခံမခိုင် ခဲ့မှုများက မောင့်ကို အံသြလန့်ထိတ်စေခဲ့သည်။ မောင် ရှုံးခဲ့ပါသည် မြ…။  မောင့် ကိုယ်မောင် မရှက်ရွံ့ချင်တော့သော မောင် သည် မအောင်မြင်သော ကျူရှင်လောကမှ စွန့်ခွာလာခဲ့ရပါသည် ။ မြမျက်နှာ ပေါ်က မာကြောခက်ထက်မှုတို့ ပျော့ပြောင်းလုဆဲကာလမှာပဲ..မောင် သည် ကိုးတန်း၊ဆယ်တန်း ကျူရှင်လောက ကို စွန့်ခွာခဲ့ရတော့၏။ မောင်ကျူရှင်မသင်နိုင်တော့ ဘူးလို့ ဆိုတော့ မြသည် အံသြစွာ မောင့်ကို စိုက်ကြည့်၏။ ထို့နောက် ငိုရှိုက်သည်…။ ထို့နောက်  ဒေါသတကြီးဖြင့် မောင့်ကို ထုရိုက်သည်။ ထို့နောက် တစ်ခါ ငိုပြန်သည်။ ပြီးတော့ မရယ်ချင်ပါဘဲနှင့် တဟားဟားအော်ရယ်ပြန်သည်။ မြရဲ့ ရန်တွေ့သံ ထဲတွင် မိန်းမတစ်ယောက်ရဲ့ နောင်တနှင့် နာကြဉ်းမှုတွေ စီးဝင်နေသည်ကော။ မောင် နှင့်အတူတူ လျှောက် ရသော ဘ၀ခရီးလမ်းသည် မြအတွက် ပင်ပန်းလွန်းလှပြီ ထင်သည်။
“ယောက်ျားငပျင်းကိုမှ ယူမိရက်သားဖြစ်နေတယ်။ ရှင်က အချိန်တန်ကျောင်းလေးသွားလိုက်၊ အိမ်ပြန်လာလိုက် နဲ့ လုပ်နေရတာကို ပျော်မှာပေါ့။ အိမ်မှာက ထမင်းနဲ့ဟင်းက အဆင်သင့်ကိုး။ ဘယ်အပြင်ထွက်ပြီးတော့ စာသင် ချင်ပါ့မလဲ ။ မိန်းမလုပ်စာကိုများ ရှင်မို့လို့ မြိုကျရက်တယ်”
မြ ရဲ့ စွပ်စွဲသံ ၊ရန်တွေ့သံ တို့ထဲတွင်..မောင်သည်…ဘာမှသုံးစား ၍ မရသောယောက်ျား တစ်ယောက် ဖြစ်နေခဲ့သည်ကော။
“ အိမ်လခတောင်မရှိတဲ့ လခလေးထိုးအပ်ယုံနဲ့ တာဝန်ကြေပြီလို့ ထင်နေသလား”  ဆိုတဲ့ မြမေးခွန်း ကို ဖြေစရာ မောင့်ထံတွင် အဖြေမရှိပြန်။ မောင့်မှာ အလုပ်လည်း ရှိပါ့ရက်နဲ့၊ ပညာလည်း တတ်ပါရက်နဲ့ ၊ အလုပ်လည်း လုပ်နေပါ့ရက်နဲ့ မြရှေ့မှာ မောင်ဟာ ကျဆုံးမြဲ ကျဆုံးနေရလေသည်။မောင်မချမ်းသာ ချင်သလို၊ မြလည်းချမ်းသာချင်လွန်းသော သူ မဟုတ်တာမောင်သိသည်ပေါ့မြ..။ မောင်လခနှင့် မိသားစု တစ်စု ၀၀လင်လင်စားသောက်ဖူလုံရုံလောက် ရရင် ကိုပဲ မြရောင့်ရဲနိုင်မည်ကို မောင်သိသည်လေ။ လခလေးတိုးလာမည် ဆိုရင်ပျော်လိုက်၊ ကုန်ဈေးနှုန်းတို့တတ်လာမည်ကို ကြောက်လိုက်နဲ့ နေနေရတဲ့ ဘ၀ ကို မောင်စက်ဆုတ်သည်နာကြဉ်းသည်။ ရွံ့မုန်းသည်.။ ပြီးတော့..စိတ်ပျက် စိတ်ကုန်လာသည် လေ။ မောင် ဘာလုပ်ရမည်တဲ့လဲ မြ..။  မောင်ယုံကြည်တဲ့ အလုပ်တွေကို ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ရွှင်ရွှင် မလုပ်နိုင် အောင်လို့ ဘယ်အရာတွေကများ တားဆီးထားပါလိမ့်။မောင် လျှောက်နေသော တောအုပ်သည် တကယ်တော့ ပျော်ရွှင်ဖွယ် ငှက်သံလေး များ ဖြင့်သာယာ နားဆင်နိုင်သော တောအုပ်မဟုတ်မှန်း မောင်ရိပ်စားမိခဲ့ရပြီ။ ဘ၀ရဲ့ မပြည့်စုံခြင်း မပျော်ရွှင်ရခြင်း တို့ အောက်မှာ နာသုံးနာ သည် တဖြည်ဖြည်း ညှိုးရော်၍ လာကာ မောင့်ကိုယ်မှ ရုန်းခွာဖို့ မောင့်ကို စေစားလေပြီ။ မောင်လျှောက်သောလမ်းသည် တဖြည်းဖြည်းနှင့် ကျဉ်မြောင်း၍ လာပြီး  မောင့်တစ်ကိုယ်စာ ကိုပင် မရုန်းနိုင်ကန် နိုင်လောက်အောင် မောင့်ကို နာကြင်မောဟိုက်လာစေခဲ့သည်။ မောင့်ကိုယ်မှာ၊ စိတ်မှာ၊ ယုံကြည်ခြင်းမှာ၊ မျှော်လင့်ခြင်းမှာ ရသော ဒဏ်ရာတို့က အက်ရာတို့ဖြင့် သွေးအလိမ်း လိမ်းပေကျံစွန်းထင်းလျှက်….။  မောင်ဘာလုပ်ရမည်တဲ့လဲမြ…။ စာပဲသင်တတ်သော၊ စာပဲသင်လိုသူမောင့်မှာ… ပြေးစရာမြေမရှိတော့ပြီလား။ အလုပ်မှထွက်ပြီးတော့ သံရုံးတစ်ရုံးမှာ  လုံခြုံရေးဝင်လုပ်နေသော မောင်တို့ ဌာနမှ ဆရာမတစ်ယောက်ကတော့ သူ့ဘ၀ကို သူကျေနပ်ပါတယ် လို့ မောင်နှင့်လမ်းမှာ တစ်ခါဆုံတုံးက ပြောခဲ့သေးသည်ပဲ။ သို့ပေမယ့် ထိုဆရာမရဲ့ မျက်လုံးထဲမှာ စွန်းပေကျိုးကြေနေတဲ့ တစ်စုံတစ်ရာ ကိုမောင် မြင် နေရသည်လေ.။ ဒါကျိန်စာလား မြရေ…။ မောင်တို့အားလုံးရဲ့ကျိန်စာလား။ ပုံပြင်တွေထဲကို လို မျိုး မောင်တို့တစ်တွေ တစ်နေ့မှာ မှော်ဆရာကြီးရဲ့ ကျိန်စာက လွတ်ဖို့ ရော ရှိနိုင်သေးသည် တဲ့လား။ မောင်ယုံကြည်ချင်သည်။မျှော်လင့်ချင်သည်လေ..။မောင့်လစာ ငွေစက္ကူတစ်အုပ်ကို မောင့်မြကို မောင်ရဲရဲဝံ့ဝံ့ ကြည့်၍ ပစ်ပေးနိုင်မည့်နေ့ကို..မျှော်လင့်ချင်သည်။ မောင်ရောက်ချင်သည်..။အဲဒါဟာ မနက်ဖြန်လား…။ ဘယ်တော့မှ မဆုံးတော့မယ့် မနက်ဖြန်ပေါင်းများစွာလား။ ဘယ်တော့ရောက်မှန်းမသိနိုင်တော့တဲ့ မနက်ဖြန်ပေါင်း များစွာအတွက် ပစ္စုပန်အပုတ်အသိုးတွေကို မလွှင့်ပစ်ရက်ပဲနှင့် ပွေ့ပိုက်ကာ မောင်စောင့်နေရဦးမှာတဲ့လား။ တဖြေးဖြေးနဲ့ နွမ်းလျှော်လာသော မောင်နဲ့မြတို့ရဲ့ ချစ်ခြင်းတရားအတွက် တော့ ဘယ်သူ့ကိုမောင် အလျှော်တောင်း ရမည်လဲ မသိပါချေ။ မောင့်နှလုံးသားက ပျောက်သွားသော မြကို ပြန်ရှာဖို့ ၊ မြနှလုံးသားကပျောက်သွားသော မောင့်ကို ပြန်ရှာဖို့ မောင်တတ်နိုင်ဦးမည်တဲ့လား။
မောင်ဘာလုပ်ရမတဲ့လဲမြရေ…။ အထင်တသေးနဲ့ စိုက်ကြည့်တတ်တဲ့ မြမျက်ဝန်းတွေ အောက်မှာ မောင် ဒီ့ထက် ရှုံးနိမ့်ပြီးတော့ ကျွမ်းလောင်ပြာမကျဖို့၊ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တိုင်း မရှက်ရွံ့ ၊မရွံရှာရဘဲ ကိုယ်လုပ်နေတဲ့အလုပ်လေးကို သိက္ခာရှိရှိ နဲ့ လုပ်နိုင်ဖို့….မောင်ဘာလုပ်ရမတဲ့လဲ…။
ပိန်းပိတ်အောင်မှောင်နေတဲ့ အဲဒီ့လမ်းမှာ မောင်ခြေစုံရပ်လို့ စောင့်နေဆဲ….။ ဟိုးဝေးဝေးမှာ တလက်လက်မြင်နေရတာ ရေလား၊ တံလျှပ်တွေလား။  မောင်မသိဘူးမြ။ ဒါပေမယ့် ကိုယ့်လမ်းကိုယ်တောင် မမြင်ရဘဲ စမ်းတ၀ါးဝါးနဲ့ လျှောက်နေရတဲ့ မောင့်တို့ အဖို့ကတော့  လှမ်းမြင်နေရတဲ့ တလက်လက်တွေကိုပဲ ငြင်းနိုင်ဖို့ အင်အား မရှိစွာ မငြင်းစတမ်း လိုက်နေရဦးမှာတဲ့လား….။ အနာဂါတ်ကို ဖမ်းယူဖို့ ပစ္စုပန်တွေကို တစ်စစီချိုးဖဲ့ပြီးတော့ လဲလှယ်ယူရမယ်တဲ့လား…။ ဒါဟာ မောင်တို့ရဲ့ ဘ၀တွေတဲ့လား။ မောင့်မြရှေ့မှာ မောင်လဲပြိုလို့၊ မောင့်ရဲ့ ရှေ့မှာ မောင်လဲပြိုလို့….၊ တစ်စစီ ကျိုးပဲ့ ပျက်စီးနေတဲ့ မောင့်အတ္တ ရှေ့မှာ မောင်လဲ ပြိုလို့……။ မောင့်ရဲ့မျှော်လင့်ခြင်း လမ်းမကြီးပေါ်မှာ မောင် တစ်ယောက် ထဲ  လမ်းပျောက်နေစဲ…..။  မောင့်ဆီကနေ လျှောကျပြုတ်ကျသွားတဲ့ အရာတွေထဲမှာ. .မောင့်မြအပြင် မောင့်ရဲ့စာရိတ္တနဲ့ယုံကြည်မှုတွေ ပါ မပါသွားဖို့ မောင်ကြိုးစားရုန်းကန်နေစဲ……….။  ဘယ်အချိန်ထိ မောင်ရပ်နေရဦးမှာလဲ…။ ဘယ်အချိန်ထိ မောင်တောင့်ခံနိုင်ဦးမှာတဲ့လဲ .။ လက်အံသေလုဆဲဆဲ ခံနိုင်ရည်တို့နဲ့ အနာဂါတ်ကို မောင် မျှော်လင့်ချင်သေးတယ်။ ပိုကောင်းတဲ့ ဘ၀ ဆိုတာလေးကို မောင်ရောက်ဖူးချင်သေးတယ်။ ဒါပေမယ့် မောင်မော လှပါပြီ..။တကယ့်ကိုပဲ မောင်…နာ ..ကြင်…မော..လှ ပါပြီ။ ကျိုးကြေနေတဲ့ စက္ကူတစ်ရွက်ကို ပြန်ဖြန့်နေသလိုမျိုး မောင့်ရဲ့ ယုံကြည်မှုတွေကို မောင်ပြန်ဖြန့်လို့…..ဟောဒီ့လမ်းမမှာ မအောင်မြင်သူမောင်က အနာဂါတ်ကို မျှော်ငေးလို့..။ မောလှပါပြီ။

ပန်းရိပ်ဖြူ
Chic Magazine, November 2012

Saturday, November 3, 2012

တံခါးတစ်ချပ်





            နှင်းရောင်များနှင့် စိုလင်းနေသော ကောင်းကင်ကြီးတွင် တံခါးချပ်များ လိုအပ်ပါသလား။ ကျွန်တော့် ခန္ဓာကိုယ်သည် နံရံဖြူ ဖျော့ဖျော့၏ မျက်နှာပြင်၌ မှီရပ်ရင်း ပင်ပန်းနွမ်းနယ်လာခဲ့သည်။ အာရုံတစ်ခုကို စုစည်းမရတိုင်း လွင့်ပါးချင်သောစိတ်က ဝေဝါးလာခဲ့သည်။ ဒီနေ့ပါနဲ့ဆို ကျွန်တော် ဒီဆိုင်ကလေးထဲသို့ ရောက်သည်မှာ တစ်ပတ်ကျော်မျှပင် ရှိတော့မည်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဆိုင် တစ်ခုလိုမျိုး ဟောင်းနွမ်းညစ်ထေးနေသော ဆိုင်အခင်းအကျင်းများနှင့် ရွေပေါ်ထိုးနေသော လက်သမားဆရာ၏ လက်သည်းကြားထဲမှ ကြေးညော်မည်းမည်းများကို ကျွန်တော် မြင်နေရသည်။ အနံ့အသက်များနှင့် ပိတ်ဆို့လှောင်အိုက်နေအောင် ကျဉ်းမြောင်းသော အခန်းကျဉ်းထဲတွင် အလုပ်သမားများ၏ ကိုယ်နံ့မှထွက်သော ချွေးများ မိုးစိုနံများဖြင့် အုံဖွဲ့လှောင်ပိတ်နေပြီး ပြတင်းပေါက် သံဆန်ခါကြားမှ ပိုးမျှင်ညစ်ထွေးများက တစထက်တစ ပိုများသလို ထင်ရသည်။ ကျွန်တော် ထိုဆိုင်ကလေးကို စိတ်ပျက်မိပါသည်။
            'မိုးလွင် တံခါးဟောင်းများ ရောင်းဝယ်ရေး' ဟူသော ဆိုင်ဝမှ ဆိုင်းဘုတ်သည် သံမှိုတစ်ခု ပြုတ်ထွက်နေသည်။ လေတိုက်တိုင်း ယီးလေးခိုကျနေပုံမှာ တော်တော် စိတ်ပျက်စရာကောင်းသည်ဟု ကျွန်တော် ထင်မိသည်။ ဆိုင်ပိုင်ရှင်၏ မှေးစင်းစင်းမျက်လုံးများထဲတွင် တံခါးတစ်ချပ်ကို ဘယ်လိုဈေးနှုန်းမျိုးနဲ့ ဝယ်ပြီး ဘယ်လောက်ထိ အမြတ်ရနိုင်မည်ဟူသော ဂဏန်းတွက်စက်တစ်လုံးကို ကျွန်တော် မြင်နေရသည်။ အမှန်ဆိုရမည်ဆိုရင် ကျွန်တော်သည် အခုအချိန်၌ တံခါးတစ်ချပ် မဖြစ်ချင်တော့ပါ။ ကျွန်တော် မသိသော အလင်းများက ကျွန်တော့်ကျောပေါ်တွင် ထိုင်ကာ စိတ်ရှိလက်ရှိ ရွေပေါ်အသပ်ခံနေသော အဖြစ်သည် တော်တော်သီးခံနိုင်စရာ မရှိသောအဖြစ် ဖြစ်သည်။ ဖြစ်နိုင်မယ်ဆိုရင် တံခါးဟောင်းတစ်ချပ်ဘဝမှာ ပြန်အပြင်ခံနေရတာထက်စာရင် ထောင့်တစ်ထောင့်၌ ဖုန်အလိပ်လိပ်ဖြင့်သာ နေချင်နေမိသည်။ တံခါးတစ်ချပ်၏ ဘဝဆိုတာကို ပြန်တွေးမိပြန်တော့ ကျွန်တော်ရယ်ချင်လာသည်။
            လူများသည် ရူးသွပ်ခြင်းနှင့် သံသယများ၏ လောင်မြိုက်ခြင်းများကို တငွေ့ငွေ့ခံကာ တံခါးများကို တပ်ဆင်နေကြသလား။ တံခါးတစ်ချပ်၏ လုံခြုံခြင်း ဆိုသော အရာကို ကျွန်တော် သံသယရှိပါသည်။ တံခါးဆိုသည်မှာ ဘယ်လိုအရာလဲ။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ။ တံခါးဆိုတာ အရာဝတ္ထုတစ်စုံတစ်ခုကို ထည့်လှောင် ပိတ်သွင်းထားသော အလုံပိတ်သေတ္တာတစ်မျိုးလား။ တံခါးနောက်ကွယ်မှ ဖြစ်စဉ်ပြ ပြကွက်များကို သိလာကြသောအခါ လူမြင်မခံဝံ့သော အရာများကို ပြုလုပ်ရန်အတွက် သုံးထားသော ပစ္စည်းတစ်ခုအဖြစ် ကျွန်တော် ထင်လာမိသည်။
            ကျွန်တော် ပထမဆုံး တပ်ဆင်ခံလိုက်ရသော နေရာသည် ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှ အခန်းတစ်ခန်း ဖြစ်သည်။ ကျွန်တော့်အတွက် သိပ်မလိုအပ်လှဟု ထင်ရသော်လည်း ပန်းခြူးပန်းနွယ်များဖြင့် တန်ဆာဆင်ထားသော ကျွန်တော်သည် တန်ဖိုးကြီးမားသော တံခါးတစ်ချပ် ဖြစ်ခဲ့သည်။ ကျွန်တော့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကိုင်တွယ် ကြည့်ရှုသော အမျိုးသမီး၏ လက်ဖြူဖြူဖောင်းဖောင်းများပေါ်၌ ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့ဖူး၏။
            သို့သော် ည ဆယ့်နှစ်နာရီ သံချောင်းခေါက်သံ။ အမျိုးသမီး၏ တိုးတိုးဖွဖွ သက်ပြင်းရှိုက်သံ၊ ကနွဲ့ကလျ ရယ်သံများနှင့်အတူ ကျွန်တော့်ဆီလာသော ခြေသံများသည် တစ်ညနှင့်တစ်ည မတူညီမှု အကြောင်းများကို မေ့ထား၍ မရခဲ့ပါ။ ဘီယာခိုးများနှင့် မူးယစ်ရီဝေနေသော ရာသီများသာ များနေသည့် ထိုအမျိုးသမီး၏ ယောက်ျားကို မြင်တိုင်း ကျွန်တော် လိပ်ပြာမသန့် ဖြစ်နေခဲ့ရသည်။ ကျွန်တော့် ရင်ဘတ်ကို ဖွဖွခေါက်သော လက်များသာ ပြောင်းလဲသွားသော်လည်း 'ဟင်းဟင်း' ဟု ရယ်တတ်သော မပြောင်းလဲသည့် အမျိုးသမီး၏ အသံကို အော်ကလီဆန်စွာ ကျွန်တော်ကြားနေရသည်။ ဘာတွေလဲ။ လူတွေထဲမှာ ဒီလောက် စက်ဆုပ်စရာကောင်းသော ဖြစ်ရပ်မျိုးတွေကို လျှို့လျှို့ဝှက်ဝှက် ပြုလုပ်တာမျိုးတွေ ရှိနေခဲ့သလား။ ကျွန်တော် ဟာ မကောင်းမှုတစ်ခုကို ပြုလုပ်ဖို့ ကာကွယ်သည့် အကောင်းဆုံးပစ္စည်း ဖြစ်နေခဲ့သလား။ ထိုရက်များသည် မကြာခဏ အိပ်ချင်ယောင် ဆောင်နေခဲ့ရသော အသက်ရှူရန် မဝံ့မရဲဖြစ်ရသော မွန်းရှိနင့်သီးနေသည့် ရမ္မက်ဆိုးနေ့များသာ ဖြစ်ခဲ့၏။ ရုပ်ဝတ္ထုပစ္စည်းများပေါ်၌ စိတ်ခံစားမှုကို လိုက်ကာ ပြောင်းလဲတတ်သော ထိုအမျိုးသမီးထံ၌ ကျွန်တော် တာရှည်မခံခဲ့ပါ။ ဆန်းသစ်သော တံခါးတစ်ချပ်ကို သူမ ထပ်မံတွေ့ရှိလာသော အချိန်မှာပင် အိမ်ကြီး၏ ညာဘက်ထောင့်စွန်းခပ်ကျကျ၌ ရှိသော အခန်းတစ်ခုထဲသို့ ကျွန်တော် ရောက်ခဲ့ရ၏။

*          *          *

 
 

            စိမ်းညို့သော မျက်ခုံးထူမည်းမည်းများနှင့် ကိုယ်လုံး ခပ်တောင့်တောင့် ကောင်မလေး၏ ညို၍ ကြမ်းတမ်းသော လက်ကလေးကို ကျွန်တော် သဘောကျပါသည်။ ဟင်းနံ့၊ ဆပ်ပြာမှုန့်နံ့များနှင့် စွဲနေသော လက်ညိုညိုမည်းမည်းများနှင့် ကျွန်တော့်ကို ဖွင့်လှစ်သော အချိန်များ၌မူ ကျွန်တော့်စိတ်များသည် လေဟာနယ်တစ်ခုထဲ၌ ဝဲလွင့်သွားသလိုမျိုး လွတ်လပ် ပျော်ရွှင်သွားတတ်သည်။
            ကျွန်တော်၏ ပျော်ရွှင်မှုများက ကြာရှည်မခံခဲ့ပါ။ ထိုညကို ပြန်စဉ်းစားတိုင်း မသိနားမလည်တတ်သည့် ကောင်မလေး၏ မျက်လုံးဝိုင်းစက်စက်များကို ကရုဏာ သက်တာထက်ပိုသော စိတ်ခံစားမှုတစ်မျိုးဖြင့် ကျွန်တော် နင့်သီး ဝမ်းနည်းသွားရသည်။ ဟစ်အော်နေသော ကောင်မလေး၏ အသံစူးစူး၊ ပိုက်ကွန်ထဲမှ ရုန်းနေသော ငါးကိုကြည့်နေသော လူတစ်ယောက်၏ အသာစီးရနေသည့် ပီတိ၊ မိုးမရွာသောညနှင့် ဘီယာမမူးဘဲ သွေးအေးရက်စက်သော အေးစက်စက်မျက်လုံးများ၊ ကျွန်တော်သည် ထိုညလောက် ကိုယ့်ကိုယ်ကို မုန်းတီး ရွံရှာမိတာမျိုး တစ်ကြိမ်မျှ မပေါ်ပေါက်ခဲ့သေးပါ။ ကျွန်တော့်ရင်ဘတ်ကို တဒုန်းဒုန်း ထုနေသော ကောင်မလေး၏လက်များ နာကျင်ပင်ပန်းနေသည့် အချိန်၌ ကျွန်တော်သည် တံခါးတစ်ချပ်၏ တန်ဖိုးဆိုတာကို မစဉ်းစားချင်မိအောင်ထိ ကိုယ့်ကိုယ်ကို တစ်မျှင်ချင်း လွင့်ပါးသွားချင်နေမိသည်။
            နောက်တစ်နေ့ နံနက်ခင်း၌ ရွံရှာထိတ်လန့်စွာ ငိုနေသော ကောင်မလေး၏ ပခုံးသားပေါ်သို့ လက်ဖြူဖြူ ဖောင်းဖောင်းများသည် ပင့်ကူ တစ်ကောင်လို ကျရောက်လာခဲ့ပါသည်။
            'အင်း… ဒီကိစ္စတွေဟာ သိပ်ပြီးတော့လည်း ထူးဆန်းလှတာ မဟုတ်ပါဘူး အေးမရယ်၊ လူတွေကသာ အထူးအဆန်း လုပ်နေကြတာ၊ မောင်က မင်းကို လိုလိုလားလား ရှိနေတာတောင် မင်းက ဂုဏ်ယူရဦးမှာ၊ မောင့်မှာဆို…'
            ကျွန်တော် ဆက်မကြားချင်တော့ပါ။ နှုတ်ခမ်းထူထူ စိုရဲရဲနှင့် မိတ်ကပ်များသော ထိုမိန်းမသည် စကားများနှင့် ကောင်မလေး၏စိတ်ကို ပန်းပုရုပ်ထုသလို တစ်ဆင့်ပြီးတစ်ဆင့် ထုဆစ်နေ၏။ မအူမလည် ကောင်မလေးကို ကျွန်တော် တစ်စုံတစ်ခု ပြောချင်နေမိသည်။ အဆိပ်များနှင့် ပြည့်နေသော မျက်လုံးများနှင့် ဟန်ချက်ညီစွာ အချိုးကျပြောင်းလဲနိုင်သော ကကွက်မျိုးစုံ ကတတ်သည့် အသိုင်းအဝိုင်းတစ်ခုအား ကျွန်တော် ရွံရှာလာမိသည်။ ကောင်မလေးရဲ့ လန်းဆတ်သစ်လွင်နေသော အပျိုစင် နံနက်ခင်းတွေ မုန်တိုင်း အတိုက်ခံလိုက်ရတာဟာ မထူးဆန်းဘူးလား။ ဒါ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ဝေသော စာစောင်များတွင် မပါဝင်သော AIDS ကာကွယ်နည်းသစ်တစ်မျိုး ဖြစ်မှန်း ကျွန်တော်သိ၏။ ကလစ်ဟူသော တံခါးလှည့်ဖွင့်သံနှင့်အတူ မှိန်ဖျော့ ရီဝေနေသော မျက်လုံးဝိုင်းဝိုင်းများ၏ အားကိုးမဲ့ဟန်။ တကယ်တော့ ကျွန်တော်သည် ဘာဆို ဘာမှ မတတ်နိုင်သော တံခါးတစ်ချပ်သာ ဖြစ်သည်။

*          *          *

            ကျွန်တော်တပ်ဆင်ခြင်း အခန်း၌ ကောင်မလေးများ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားပြီးချိန်၊ အိမ်ရှင် အမျိုးသားနှင့် အမျိုးသမီးတို့ ရာသက်ပန် လမ်းခွဲပြီးချိန်၌ ကျွန်တော့်ကို လူတစ်ယောက် လာဖြုတ်ယူသွားခဲ့သည်။ ဖုန်များဖြင့် လိမ်းကျံခြင်းခံထားရသော ဘဝလောက် ငြိမ်သက်အေးဆေးမှု မရှိနိုင်ပါ။ မိုးစက်များက ကျွန်တော့်မျက်နှာပြင်ကို အကြိမ်ပေါင်းများစွာ လာရောက် ပက်ဖျန်းကြသည်။ ထိုကာလများသည် ကျွန်တော် စိတ်မချမ်းမြေ့ဆုံးသော ကာလများဖြစ်ခဲ့၏။ ကျွန်တော့်ကိုယ် ကျွန်တော် အများသုံး အိမ်သာတစ်ခု၏ တံခါးအဖြစ် တပ်ဆင်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် မတွေးဖူးတာ သေချာပါသည်။ ရုပ်ဆင်းသိပ်မပေါ်တော့ပေမဲ့ ကျွန်တော့်အသား ကျွန်းသားစစ်စစ်သာ ဖြစ်မှန်း ထိုလူတွေ မသိကြတော့ဘူးတဲ့လား။ ဘဝမှာ နေရာလွှဲမှားစွာ အတပ်ဆင်ခံနေရသော အရာဝတ္ထုများသည် နေရာတိုင်း၌ ရှိနေမှန်း ကျွန်တော်သိနေရပြီ။
            ကျွန်တော့်ကို ဖြုတ်ယူတပ်ဆင်သွားသော ဒရိုင်ဘာကောင်လေး၏ ပရဟိတစိတ်ကူးကို ကျွန်တော် ချဉ်တူးမုန်းတီးမိသည်။ နံစော်နေသော အနံ့အသက်များနှင့် မှုန်ကုပ်ကုပ်အိမ်သာသည် ထိုရပ်ကွက်ကလေး၏ တစ်ခုတည်းသော ဈေးအိမ်သာလား။ တကယ်ဆို မိန်းမအိမ်သာ၊ ယောက်ျားအိမ်သာဆိုတာလောက်တော့ ခွဲခြားသင့်သည့်ဟု ကျွန်တော်ထင်သည်။ မလွယ်မပိုးနိုင်သော ဒုက္ခများကို သယ်ဆောင်ဖြေရှင်းလာသော လူများသည် အလုံပိတ် အခန်းတစ်ခုထဲသို့ ရောက်ရှိလာသောအခါ…
            သစ်လွင်သော အဝတ်အစားများ၏အောက်၌ အတွင်းခံဘောင်းဘီ၊ စကတ်များသည် တော်တော်များများ နံစော်နေတတ်၏။ အပေါ်ယံ ကြည့်ကောင်းရုံသဘာဝသည် လူများ၏ မွေးရာပါ ဟန်ဆောင်မှု အတတ်ပညာဟု ကျွန်တော် ထင်လာသည်။ လူကြီးလူကောင်းဆန်ဆန် မျက်နှာပေးနှင့် အိပ်ထဲမှ ဘောပင်တစ်ချောင်းကို ထုတ်ကာ အတွင်းစိတ်ဆန္ဒများကို မဖုံးနိုင်၊ မဖိနိုင် ရေးသားကြသည့် အချိန်မှာတော့ ကျွန်တော်သည် ဘာဆိုဘာမှ နားမလည်နိုင်ခဲ့ပါ။ မိန်းကလေးရုပ်ပုံများကို လက်စွမ်းပြရေးဆွဲကာ မဟုတ်သော အကြောင်းအရာများနှင့် လမ်းညွှန်ပြီး 'မှတ်ကွ' ဟု ကြိမ်းဝါးလိုက်သော ရုပ်များသည် တော်တော်ပျို့အန်စရာ ကောင်းနေပါသည်။
            လူတွေ၏ စိတ်ထဲမှာ အဲဒီလောက် ညစ်ပဲ့ပဲ့နိုင်သော ညစ်စုတ်သော အပြုအမူမျိုး၊ ခံစားချက်မျိုးကို တံခါးတစ်ချပ်ကွယ်ရုံနှင့် အလွယ်တကူ ပြုမူတတ်ပါသလား။ လူရှေ့မှာ ထားခဲ့သော မျက်နှာဖုံးများ အလွှာလိုက် ပြုတ်ကျသွားသည့်အခါ လူများဆီမှ သိပ်မထူးဆန်းလှသော မျက်နှာများသည် တစ်ညီတည်း တူစွာ ပေါ်လာကြ၏။ တံခါးအဝမှာ ထားခဲ့သော မျက်နှာဖုံးများကို တံခါးထဲမှ ပြန်ထွက်ချိန်၌ အဆင်သင့် ကောက်စွပ်ရင်း သူတို့မဟုတ်သည့်အတိုင်း ထွက်ခွာဝံ့သော ထိုလူများ၏ နောက်ကျောလုံမှုကို ကျွန်တော် တော်တော်အံ့အားသင့်ပါသည်။ ဘာကိုမှ ကျွန်တော် ဆက်မတွေးချင်တော့ပါ။
            အိမ်သာ တံခါးဘဝမှ 'မိုးလွင် တံခါးများ ရောင်းဝယ်ရေး' ဆီသို့ ရောက်လာရသည်မှာ ကျွန်တော့်အသား ကျွန်းးသားဖြစ်ခြင်းကြောင့် ဖြစ်သည်။ ပတ္တမြားမှန်ပေမယ့် ကျွန်တော်ကတော့ နစ်ချင်ရာမှာ နစ်ဟူ၍သာ သဘောထားချင်တော့သည်။ အိမ်သာမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် တံခါးတစ်ချပ်ဘဝဟာ သိပ်မထူးဆန်းလှတော့ပါ။ ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ ဆိုင်ပိုင်ရှင်၏ မှေးစင်းစင်းမျက်လုံးများသည် ကျွန်တော်မြင်နေကျ မျက်လုံးများနှင့် ကွာခြားမှု သိပ်မရှိလှပါ။
            ကလစ်ဟူသော တံခါးဖွင့်သံ၊ ပိတ်သံ၊ ကျွန်တော်သည် နံရံတွင်ထောင်ထားသော တံခါးတစ်ချပ် ဖြစ်နေရသည့်အတွက် အခုအချိန်မှာ အနည်းငယ် စိတ်ချမ်းသာမှု ရနေပါသည်။ လမ်းတစ်ဘက်ခြားရှိ ခြံဝင်းများနှင့် အိမ်ကြီးတွင် တံခါးများကို မြင်နေရ၏။ ပလတ်စတစ်ကောက်သော သားအဖကို ထိုးဟောင်နေသော ခြံတံခါးထဲမှ ခွေးတစ်ကောင်ကို မြင်လိုက်ရသည့်အခါမှာတော့ ဘာရယ်မဟုတ် ကျွန်တော် ပြုံးလိုက်မိပါသည်။


ပန်းရိပ်ဖြူ
အမှတ် ၁၂၃၊ ဖေဖော်ဝါရီလ၊ ၂ဝဝဝ ခုနှစ်
ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း

ခဲဖျက်ရာ


စာရေး ကိရိယာ ဆိုင်များသို့ ရောက်တိုင်း ခဲဖျက်ကလေးများကို ကျွန်မ မမေ့မလျော့ ကိုင်ကြည့်လေ့ ရှိသည်။
ခဲဖျက် အတုံးကြီးကြီးတွေ၊ ရောင်စုံရေမွှေး ခဲဖျက်လေးတွေ၊ အသီးပုံနှင့် အရုပ်ပုံ၊ အကောင် ပုံလေးတွေနှင့် ခဲဖျက်လေးတွေမှ စ၍ အို နောက်ဆုံး ကုန်ကုန် ပြောရလျှင် ခဲတံ နောက်မှာ ခနော်နီခနော်နဲ့ တွဲလျက် ပါတတ်သော ခဲဖျက်များအဆုံး ခဲဖျက် မှန်သမျှကို ကျွန်မ စိတ်ဝင် စားတတ်ခဲ့၏။ ကျွန်မမှာ ရှိသော ခဲဖျက်နှင့် ပုံစံ မတူသော ခဲဖျက် အသစ်ကလေး တစ်ခုကို တွေ့တိုင်း တွေ့တိုင်းမှာပင် ထိုခဲဖျက်ကလေးများကို ကျွန်မ ၀ယ်သိမ်း မိခဲ့သည်။

ကျွန်မထံတွင် စိတ်ခံစားချက် အမျိုးမျိုးတို့ဖြင့် စုဆောင်း ထားခဲ့သော ခဲဖျက် ကလေးများ တော်တော် များပါသည်။ နာကျင်မှုဖြင့် ခဲဖျက်ကလေးများကို ကျွန်မ စုဆောင်းဖူးသည်။ ပျော်ရွှင်မှုဖြင့် စုဆောင်းဖူးသည်။ အောင်မြင်မှု တစ်ခုဖြင့်လည်း စုဆောင်းဖူးသလို၊ လူမသိ သူမသိ မှားယွင်း ခဲ့ဖူးသော ဆုံးဖြတ်ချက်များ အတွက်လည်း ထိုခဲဖျက်လေးများကို ကျွန်မ စုဆောင်းခဲ့မိ၏။ ဘ၀မှာ မထင် မှတ်ပါဘဲနှင့်  ခလုတ်တိုက် ချော်လဲ ခဲ့ရသည့် အခါမှာလည်း ကျွန်မသည် ခဲဖျက် ကလေးများကိုသာ သတိရ စုဆောင်းမိမြဲ။ ကျွန်မ၏ ခဲဖျက်ကလေး များသည် စက္ကူဘူးလေးထဲမှာ ခံစား ချက်မျိုးစုံကို သိုသိုသိပ်သိပ် ထိန်းသိမ်း ရင်းဖြင့် တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့ပါသည်။

ခဲဖျက်ကလေးများကို  မကြာခဏ ဆိုသလိုပင် မျိုးမည် မသိသော ခံစားချက် တစ်မျိုးဖြင့် ကျွန်မ ထုတ် ထုတ်ကြည့်ဖြစ်၏။ ကျွန်မ သွေးတို့ မနီရဲနိုင်တော့သည့် အခါ၊ ကျွန်မ ကိုယ့်ထံပါးမှာ ကိုယ့်ဘာသာ လဲပြို ရှုံး နိမ့်လုနီးနီး ဖြစ်သည့် အခါ ခဲဖျက်လေး များကို ဆုပ်ကိုင် ကြည့်ရှုရင်းဖြင့် ကျွန်မ အားယူ ခဲ့ရသည်။ ထိုအခါတိုင်း ခဲဖျက်တို့သည်  ရဲရင့်သော ခံစားချက် တစ်မျိုးဖြင့်  ကျွန်မ ကိုယ်ထဲသို့ အရှိန်ပြင်းပြင်း စီးဝင်လာကာ ကျွန်မ၏ မာနနှင့် အတ္တတို့ကို တရွေ့ချင်း ပွတ်တိုက်တွန်း ဖြတ်တော့သည်။ ဘ၀၏များပြားလှ သော အလျင်တောထဲက စီးမျောလာသော ကျွန်မ၏ ဆုံးဖြတ်ချက်အမှား၊ အတွေ့အကြုံအမှား၊ ဆန္ဒအမှား၊ အတ္တ အမှား၊ သိက္ခာအမှား၊ လောဘအမှား၊ ဒေါသအမှား၊ စေတနာ အမှားတို့ကို ရဲတင်းတည်ငြိမ်စွာ တာဝန်ယူရဲဖို့ ခဲဖျက်ကလေးများထံမှ တိတ်တဆိတ် ကျွန်မ သင်ယူခဲ့ရပါသည်။

တကယ်တော့ ခဲဖျက်ကလေး များနှင့် ကျွန်မ တစ်သားတည်း ကျွမ်းဝင် ရင်းနှီးသွားဖို့ ဆိုသောကိစ္စသည် ကျွန်မအတွက်တော့ တော်တော်ခက်ခဲ ခဲ့ပါသည်။ ခဲဖျက်ဆိုသော အရာနှင့် စသိသော အချိန်က-တခြား အက္ခရာ များကို ဘာဆိုဘာမှ မရေးတတ်သေးသော ၀လုံးရေးစ အရွယ်။ လေးကြောင်း မျဉ်းထဲမှာ ၀လုံးကလေးကို ၀င်အောင် ရေးဖို့နှင့် ၀ိုင်းအောင်ရေးဖို့ ဆိုသောကိစ္စ သည် ကျွန်မအတွက်တော့ သိပ်ကိုမှ ခက်ခဲပင်ပန်းလွန်းခဲ့သည်။ ကျောင်း မနေခင်က စာရွက်လွတ်ပေါ်မှာထင် သလို ရေးခဲ့သော ၀လုံးများကို လွမ်းရင်း ခဲဖျက်များနှင့် ကျွန်မ ဆုံတွေ့ ခဲ့ရသည်။ ထိုအခါ ခဲတံနောက်က တွဲလျက် ပါလာသော ခဲဖျက်မည်းမည်း လေးကို ကျွန်မ မုန်းမိတော့သည်။  သူက ကျွန်မ ရေးသမျှကို လိုက်ဖျက် နေသည်ပဲ။  ကျွန်မ ကြိုးစားပမ်းစား ရေးထားသော ၀လုံးလေးများကို မ၀ိုင်းသေး ဘူးဆိုကာ ရက်စက်စွာဖြင့် အဖျက် ခံလိုက်ရတိုင်း ကျွန်မသည် မ၀ိုင်းသော ၀လုံးများကို အတ္တအမှားဖြင့် ၀ိုင်းသည် ထင်ကာ မျက်ရည်အ၀ိုင်းသားဖြင့် အံကြိတ်ရင်း  ခဲတံနောက်မှ ခဲဖျက်တို့ကို မုန်းမိရပြန်သည်။ ပိန်ရှုံ့ရှုံ့၊ သေးကျစ်ကျစ် ၀လုံးလေးတွေက ကျွန်မရေးသည်မို့ ကျွန်မ မျက်လုံးထဲ တွင်တော့ သိပ်လှ နေခဲ့သည်ပေါ့။

သို့သော် ရက်စက်စွာ ဖျက်ပစ်လိုက် သော ခဲဖျက်တို့၏ ဖျက်ရာ နောက်မှာ ကျွန်မ ၀လုံးတို့ ပိုပိုဝိုင်းလာသည့်အခါ ကျွန်မသည် ၀လုံးတို့ ထင်သလောက် မ၀ိုင်းတိုင်း ခဲဖျက်လေးဖြင့် ရဲရင့်စွာ ဖျက်ရဲ လာခဲ့ပါသည်။ မှားယွင်းသွား သည့် နေရာလေးမှာ ခဲဖျက်ရာတို့ စွန်းထင်း ကျန်ရစ် ခဲ့သော်လည်း ပိုဝိုင်း သော ပိုလှသော ၀လုံးလေးများကို ပြန်ရေးဖို့အတွက် ခဲဖျက်လေးများကို ကျွန်မ ရဲဝံ့စွာ သုံးရဲလာခဲ့သည်။ ခဲဖျက် လေးများသည် ကျွန်မပုံဆွဲသည့်အခါ.. တောအုပ်ကလေးများကို ပိုမိုစိမ်းမြ စေဖို့အတွက် ကူညီပေးနိုင်သလို၊ သချာင်္ တွက်သည့်အခါမှာလည်း မသိကိန်း များကို အချိုးညီညီ ပေါင်းစပ်စေ နိုင်ဖို့အတွက် ရဲရင့်ဖော်ဖြစ်ခဲ့သည်။

သို့သော် ကျောင်းစာအုပ်ထဲမှာ မဟုတ်သည့် တကယ့်ဘ၀ကို ကျွန်မ ဖြတ်သန်းလာရချိန်မှာတော့ ကျွန်မ သည် ခဲဖျက်လေးများကို ဖျက်ဖို့ အတွက် မရဲရင့်ချင်တော့ပြန်ပေ။ ကျွန်မ ထင်သလိုရေးသော ၀လုံးအရွဲ့အစောင်း များကို  ၀ိုင်းသည်ဟု ခေါင်းမာစွာ ငြင်းဆန်ချင်လာခဲ့သည်။ စာရွက်ထဲက ၀လုံးတို့ကို ဖျက်ဖို့လွယ်သော်လည်း တကယ့် ဘ၀ထဲမှ ၀လုံးတို့ကိုခဲဖျက်နှင့် ဖျက်ပစ်လိုက်ဖို့၊ အဖျက်ခံရဖို့ ဆိုသော ကိစ္စသည် သိပ်ကို စွန့်စား လွန်းရာကျ လွန်းသည်ဟု ကျွန်မထင်ခဲ့မိသည်။ ထိုအခါ ခဲဖျက်တုံးလေးများကို မြင် တိုင်းမျက်နှာတို့ နွေးပူကာ ကျွန်မသည် ခဲဖျက်များကို မမြင်ချင်ယောင်ဆောင် မိမြဲ။ ခဲဖျက်တုံးလေးများကို ကိုင်ဆောင် လာသော သူများကို တွေ့တိုင်း ဝေးဝေး မှ ပြေးပုန်းချင်လာမြဲ။ ထိုသို့ဖြင့် ကျွန်မ၏ အတ္တမျှော်စင်ထဲသို့ ကျွန်မ၏ အမှားတချို့ကို သိုသိုဝှက်ဝှက်ဖြင့် လူမမြင်အောင် သိမ်းဆည်းကာ ကျွန်မ ၏ ၀ိညာဉ်တို့သည်လည်း လေးလံ ညစ်ထေး လာခဲ့ရတော့သည်။

တကယ်တော့ မာနနှင့် အတ္တတို့ကို အထိပါး ခံကာ ကျွန်မ၏ ညစ်ထေးထေး အမှား များကို ရဲဝံ့စွာ ဖျက်ပစ်လိုက်ဖို့ ခဲဖျက် တုံးလေးများသည် သစ္စာရှိစွာဖြင့်ပင် ကျွန်မ လက်တစ်ကမ်းမှာ ရှိနေကြပါ သည်။ ကျွန်မ လှမ်းယူလိုက်ရုံပင်။ သို့သော် ထိုခဲဖျက်တုံးလေးများကို လှမ်း ယူလိုက်ဖို့အတွက် ကျွန်မသည် ကျွန်မ ကိုယ်မှ နာကျင်စွာ ရုန်းထရပါမည်။ ထိုအခါ ခဲဖျက်တို့သည် ကျွန်မ၏ တည်ရှိခြင်းကိုပါ တစ်စစီ ပျောက်ပျက် သွားအောင်လို့ ဖျက်ပစ်လိုက်ကြမည် လား။  ခဲဖျက်တို့နှင့် တရွေ့ချင်း အဖျက် ခံလိုက်မည်ကို ကျွန်မစိုးရွံ့သည်။ ကျွန်မ နာကျင်သည်။ ကျွန်မ ၀မ်းနည်းရပါ သည်။ ခဲဖျက်တို့သည် ကျွန်မ၏ အမှားများကို လူတကာ ရယ်ပွဲဖွဲ့လှောင်ပြောင် စေဖို့အတွက် တန်ဖိုးကြီးသောသက်သေ တစ်ခုဖြစ်မည်ကို စိုးရိမ်မိပြန်သည်။

သို့သော် ကမ္ဘာ့သမိုင်း မှတ်တိုင် တချို့မှ ခဲဖျက်တို့ကို မထီမဲ့မြင် လုပ်ခဲ့ သော အမှားရာ ဗရာပွနှင့် ကိုယ်တိုင် ရေး စာမျက်နှာ တချို့တို့ကို မြင်ရသည့် အခါမှာတော့ ကျွန်မသည် ခဲဖျက်တို့ကို ကြောက်လန့်တကြားဖြင့် ကောက်ကိုင် မိရတော့သည်။ မှားသွားသည်ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက်တည်း တစ်ချက်နောက်မတွန့်ပါဘဲ ရဲရင့်စွာဖြင့် ဆိုးခနဲ ဆတ်ခနဲ ဖျက်ရဲသော သမိုင်း ဖြူစင်သူ သူရဲကောင်းများ၏ ခဲဖျက် ဖျက်ပုံဖျက်နည်းများကို ကျွန်မသည် တိတ်တဆိတ် အားကျကြည်ညိုမိရ သလို သမိုင်း မှတ်တိုင်ထဲမှ ကဒါဖီနှင့် ဟစ်တလာတို့နှင့် ခဲဖျက်တုံးများကို တစ်စစီ ခြေမွှပစ်ပုံများက ကျွန်မကို လန့်ထိတ်စရာ ကောင်းအောင် ခြောက်လှန့် နေခဲ့ပြန်သည်။ ခဲဖျက်တို့ကို ငြင်း ဆန်ခဲ့သော ကဒါဖီ၏ နောက်ဆုံးနေ့ များသည် ကျွန်မကို ကြောက်လန့်စေ နိုင်ခဲ့သည်။ တန်ခိုးနှင့် အာဏာတို့သည် ခဲဖျက်တို့၏ စွမ်းရည်ကို သေးကျုံ့သိမ် ငယ်သွားစေဖို့ မစွမ်းဆောင်နိုင်သည်က သေချာပါသည်။ ခဲဖျက်တုံးများကို မထီမဲ့မြင် ပြုဝံ့သူများ၏ သွားရာလမ်း တို့က မည်းညစ်လွန်းလှသည်ကော။ သမိုင်းထဲမှာ တရားခံအဖြစ် ရာဇ၀င် တွင်ရစ်စေဖို့ အမှားခြေရာတို့ကို အထင်း သားကျန်ရစ်ရအောင် ချန်ရစ်ခဲ့သူတော့ ကျွန်မ မဖြစ်လိုပါ။

သို့သော် လောက၌ လူမိုက်တို့ ပေါလွန်းလှသည်ဟု ဗုဒ္ဓခေတ်က ဗုဒ္ဓနှင့် ခေတ်ပြိုင် ပရိဗိုဇ်ကြီးတစ်ဦးက ဆိုခဲ့ သည်။ နိဗ္ဗာန်ကို ငြင်းဆန်အာခံဝံ့သော၊ ပရိသတ် အခြံအရံနှင့် အောင်မြင် ကျော်ကြားမှုတို့ကို မက်မောသော၊ ထို ပရိဗိုဇ်ကြီးကတော့ လောကမှာ ပေါလှ သော လူမိုက်တို့ သူ့ဆီလာလိမ့်မည်ဟု ခနိုးခနဲ့ဆိုရင်း ခဲဖျက်တို့အား လှောင် ပြောင်ခဲ့သည်။ ဆရာအဖြစ် ကိုးကွယ် ခံရမှု နေရာကလေးမှ တစ်ချက်လေး ဆင်းမပေးချင်သူပေမို့ အမှားရာကို အမှားရာ အတိုင်းထားကာ ခဲဖျက်ဖျက်ဖို့ ဗုဒ္ဓကိုရဲဝံ့စွာ ငြင်းဆန်ခဲ့၏။

မှားနေသည် ကို သိလျက်နှင့်ပင် အမှားကို သံသရာ အထိ မျောယူခေါ်ဆောင်သွားဦးမည်ဟု သူဆိုခဲ့သည်ပဲ။ မိုက်မဲသူတို့ ပေါသော လောကမှာ လူကြိုက်များဖို့အတွက် ကျွန်မတို့တွေလည်း ထိုပရိဗိုဇ်ကြီး ကဲ့သို့ပင်  ခဲဖျက်တွေကို မလွဲမရှောင် သာ ငြင်းဆန်နေကြရလေသလား။ ဘ၀ လမ်းခရီး၌ ကျွန်မတို့သည် များလှသော ပရိဗိုဇ်ကြီး၊ ပရိဗိုဇ်လတ်၊ ပရိဗိုဇ်ငယ်၊ ပရိဗိုဇ်အလောင်းအလျာတွေကို အများ ကြီး တွေ့နေရသလို ကျွန်မ ကိုယ်တိုင်ပင် တစ်ခါတစ်ရံ ကိုယ်တိုင်မသိလိုက် ရပါဘဲနှင့် ပရိဗိုဇ်ကြီး ဖြစ်ရပြန်ပါသည်။

သို့သော် ခဲဖျက်တုံးများကို ကိုင်ခဲ့ သော၊ ဖျက်ရဲသော သတ္တိရှိသူ သူရဲ ကောင်းတို့ကဖြင့် ခဲဖျက်ရာမှုန်များဖြင့် ခင်းသော သစ္စာလမ်းမထက်၌သူတို့၏ ခြေရာများကို ထင်ရှားစေခဲ့သည်။ ဒုက္ကရစရိယာတရားကို တပည့်ငါးဦး၏ အခြံအရံဖြင့် ခြောက်နှစ်တိုင်တိုင် ကျင့်ပြီးကာမှ ထိုလမ်းသည် မှားယွင်း သော လမ်းမှန်း သိကာ ချက်ချင်း ပြင် ဆင်ဖို့ဆုံးဖြတ်ခဲ့သော၊ ပဉ္စ၀ဂ်္ဂီ ငါးဦး၏ စွန့်ခွာခြင်းကို မတုန်မလှုပ် ခံယူခဲ့သော သိဒ္ဓတ္ထ မင်းသား၏ ဂန္ထ၀င်ခဲဖျက်ရာ။  မှန်သော လမ်းပေမို့ လက်ခုပ်သံတစ်စုံ တစ်ရာ မကြားမနာ ရလောက်အောင် ခြောက်သွေ့ တိတ်ဆိတ် လွန်းလှသည်။ မှန်သောလမ်းသည် ဆူးခက်တို့ပေါ သည်မို့ လူကြိုက် နည်းလွန်းသည်လား။ 

သို့သော် တပည့်ငယ်သားလေး ပေးသော  ခဲဖျက်အား ရဲရဲဝံ့ဝံ့ယူလျက် မိမိထုတ်သော အမိန့်ပေါ်တွင် တည်  ကြည် ရိုးသားစွာ လိုက်နာခဲ့သူ ကျွန်မ တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခဲဖျက် ဖျက်ဝံ့ သော စိတ်ဓာတ်ကား အံ့သြ လေးစားစရာ ကောင်းလှပါသည်။ ခဲဖျက်ပေးသူ နှင့် ယူသူတို့၏ ဟန်ချက်ညီညီ ခတ်လိုက်သော သစ္စာ မီးခတ်ပွင့်သည် ခေတ် သမိုင်းအဆက်ဆက်၌ မငြိမ်းသော အလင်းဖြင့် တောက်ပနေခဲ့သည်။  မိသားစုနှင့် အိမ်မှအထွက် မိမိကားမှာ တပ်ဆင်ထားသော နိုင်ငံတော်အလံကို ဖြုတ်ပစ်ဖို့ မေ့လျော့ခဲ့သော ဗိုလ်ချုပ် အား ကားကို တားကာ အလံဖြုတ်ခိုင်း ၀ံ့သော စစ်အမူထမ်းတစ်ဦး၏ ခဲဖျက် ရာက လေးစားစရာကောင်းလှသလို၊ ထိုတာဝန်ကျေမှုကို တစ်ချက် အမျက် မသိုပါဘဲနှင့် ကြည်ဖြူ နှစ်ခြိုက်စွာ ဖြင့်ပင် ကားမှအလံကို ဖြုတ်ချခွင့်ပြု ခဲ့သော ဗိုလ်ချုပ်၏ ခဲဖျက်ကို မြတ်နိုး သော စိတ်သည် ခဲဖျက်ရာတို့ကို တန်ဖိုး ထားမိတတ်စေဖို့ ကျွန်မအတွက် စိတ်သင်ရိုး တစ်ခုဖြစ်ခဲ့၏။ ဗိုလ်ချုပ်ကို လူတွေချစ်ခြင်း၊ သမိုင်း တစ်လျှောက် လုံး ကျွန်မတို့ အားလုံး၏ ရင်ထဲမှာ ဗိုလ်ချုပ် ခမ်းနားကြီးကျယ် စေခဲ့ခြင်းသည် ဗိုလ်ချုပ်၏ သမိုင်းတစ်လျှောက်မှ ခဲဖျက်ရာတွေကြောင့်သာဟု ကျွန်မဆိုချင် သည်။

အမှားကို ၀န်ခံဖို့နှင့် မှားနေသော အမှားကို မှားမှန်း သိသည်နှင့် ချက်ချင်း ရပ်ကာ အမှန်ကို ပြင်လိုက်ဖို့ ဆိုသော အရာသည် နည်းနည်းကလေးတော့ဖြင့် နာကျင်ပင်ပန်းပါလိမ့်မည်။  မှားယွင်းမှု ပေါ်မှာ ခေါင်းမာမာဖြင့် ခြေစုံရပ်ရင်း၊ ပုံပြင်ထဲက မျက်လှည့် တုတ်တံလိုမျိုး၊ တန်ခိုးတုတ်တံ အမျိုးမျိုးတို့ကို ကိုင် ဆောင်သူ၊ အမှားအယွင်းတို့ကို တန်ခိုး တုတ်တံလေး တစ်ချက် သုံးလိုက်ရုံနှင့် ပုံဖျောက် အရောင်သွင်းနိုင်သူ ပရိဗိုဇ် ကြီးများက ပေါများ လွန်းလှသည်။  ဘ၀တစ်လျှောက်လုံး ခဲဖျက်ကိုတစ်ခါ မှ မသုံးခဲ့ဖူးသူများက ပေါများလွန်း နေခဲ့ပြီ။ ထို့ကြောင့်လည်း စာသင်ခန်း တို့တွင် ခဲဖျက်တုံးများ ကျပျောက် ခဲ့ရသလို၊ ဆေးရုံဆေးခန်းတို့တွင် လည်း ခဲဖျက်တုံးတို့ လွင့်စဉ်ခဲ့ရပါ သည်။ တရားရုံးမှာ...၊ အိမ်မှာ...၊ ချစ်သူချင်းမှာ..၊ မိတ်ဆွေချင်းမှာ... ခဲဖျက်တုံးများ ပုံပျက်ကျပျောက်ခဲ့ကြ သလို ပရိဗိုဇ်ကြီးများနှင့်လည်း ကျွန်မ တို့ မကြာခဏဆိုသလို ခလုတ်တိုက်မိ ကြရသည်။
ထိုသို့ဖြင့် ရေးချင်သလို ရေးနေကြ၍ ၀လုံး မမည်သော ၀လုံးများက လောကစာမျက်နှာများမှာ ပိန်လိမ်ရွဲ့ စောင်းကာ၊ လေးကြောင်းမျဉ်းတို့သည် လည်း ၀လုံးလေးများကို ၀ိုင်းအောင်လို့ အနား မသတ်နိုင်တော့ပြန်ချေ။ အသက် မ၀င်တော့သော လေးကြောင်းမျဉ်း ဥပဒေထဲ၌ ၀လုံးတို့သည် ၀လုံး ပုံပျက်ကာ လောကကို သရော်လှောင်ပြောင် တော့သည်။ ရွဲ့စောင်းပုံပျက်နေသော ၀လုံးတွေကြားထဲမှာ လေးကြောင်း မျဉ်းထဲဝင်အောင် ရေးထားသော ၀လုံးဝိုင်းဝိုင်းလေး တစ်လုံးတလေ လောက်များ တွေ့မလားရယ်လို့ ကျွန်မ အမောတကောဖြင့်လိုက်ရှာမိသည်။ အတ္တဖြင့် စောင်းရွဲ့နေသောဝလုံး၊ မာန ကြောင့် စောင်းရွဲ့နေသော ၀လုံးများ၊ မိုက်မဲသူတို့ အကြိုက်ညီစေဖို့ ရွဲ့လိုက် ရသော ၀လုံးများ၊ ၀လုံးအပိန် အလိမ်၊ အရွဲ့အစောင်းတွေ ကြားထဲမှာမှ မခံနိုင် တော့၍ ရွဲ့သွားရသော ၀လုံးများ။ ထိုအပဲ့အရွဲ့ ၀လုံးများကို ၀လုံးရယ်ပါ ဟု တစ်ညီတည်း ဆိုကြလေသော အခါ ကျွန်မကိုယ်တိုင် လေးကြောင်းမျဉ်းများ ကို သံသယ၀င်လာရတော့သည်။

တစ်ခါက ဗုဒ္ဓ၏ မှားယွင်းခဲ့ဖူး သော ဒုက္ကရစရိယာ ကျင့်စဉ်၊ ဗိုလ်ချုပ် ကားမှ ဖြုတ်ချခံခဲ့ရသော အလံ၊ ကျွန်မ ၏ လေးကြောင်းမျဉ်း စာအုပ်များထဲမှ ၀လုံးပိန်ရွဲ့ရွဲ့စောင်းစောင်းများက  ကျွန်မဆီသို့ တိုးဝင်ရောက်ရှိ လာတော့ သည်။ ဘယ်တော့မှ၊ တစ်ခါမှ မမှား ဖူးပါဘူး ဆိုသောသူတို့က သူတို့ ကိုယ် သူတို့ သေချာနိုင်လေသည်လား။ တကယ်တော့ဖြင့် စိတ်နေရင့်ကျက် သော ရဲဝံ့သူတို့သည်သာလျှင် ခဲဖျက် ကို လှမ်းယူရဲ၏။ ခဲဖျက်တို့ဖြင့် ကိုယ့် အမှားကိုယ် ရဲဝံ့စွာ တာဝန်ယူဖျက်ရဲ ပြင်ရဲပါသည်။ ထိုခဲဖျက်ရာတို့ဖြင့် လူတို့၏ သမိုင်းကို ဖြူစင်စေခဲ့သည်။ လောကကို ခမ်းနားစေခဲ့သည်။ ပိန်လိမ် ရွဲ့စောင်းသော မညီမညာ ၀လုံးများအား ၀ိုင်းစက်စေခဲ့သည်။ အတိတ်သမိုင်းမှ ၀လုံးပိန်၊ ၀လုံးစောင်း၊ ၀လုံးရွဲ့များဖြင့် ၀လုံးမမည်သော ၀လုံးများကို ခဲဖျက် ရာတို့ဖြင့် ၀လုံးဝိုင်းဝိုင်းစက်စက်လေး များ ဖြစ်လာသည်အထိ ပုံဖော်နိုင်မည် လား။ ကျွန်မမျှော်လင့်ချင်ပါသေး သည်။ ဟစ်တလာလို၊ ကဒါဖီလို၊ ပရိဗိုဇ်ကြီးလို..ခဲဖျက်ရာကို ငြင်းဆန် သော သူများဖြင့်တော့ နိုင်ငံကို၊ လူ့ရွာ ကို၊ ကမ္ဘာကို မရွဲ့စောင်းစေချင်တော့ပါ။ ကျွန်မထံတွင် ခဲဖျက်ရောင်စုံတို့ ရှိနေပါ သေးသည်။ ကျွန်မတို့၏ အတ္တ၀လုံး လေးတို့ ၀ိုင်းစက်လာစေဖို့ ကျွန်မတို့သိ သည် ဖြစ်စေ၊ မသိသည်ဖြစ်စေ လက် တစ်ကမ်းအကွာမှာ တည်ရှိနေသော ရောင်စုံခဲဖျက်တို့ဖြင့် ကျွန်မတို့ရဲ့ စိတ် နှလုံးများကို အနာကျင်ခံကာ ပွတ်တိုက် ရပါဦးမည်။
ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)