စားပွဲပေါ်မှာ လက်ဖက်ရည်အေးစက်စက် တစ်ခွက် ရှိနေခဲ့သည်။ ဖုန်မှုန့်များဖြင့် ပေကြံနေသော စားပွဲကို ကျွန်မကတစ်ရှုးစ ဖြင့် ဖိသုတ်နေမိ ၏။ နွမ်းလျော်နေသော ခုံအိုကလေး ပေါ်မှာ နွမ်းနယ်စွာ ထိုင်ရင်း သစ်ပင်ပေါ်မှာ ရှဥ့်ကလေးများကို ကျွန်မငေးနေခဲ့မိသည်။ မုန့်တစ်ခုခုမှာစားဖို့ စဉ်းစားမိသေးသော်လည်း ပျင်းရိလေးလံစွာ ငိုက်မျဉ်းနေသော စားပွဲထိုးကလေးများကို ကြည့်ကာ လက်ဖက်ရည် ကိုသာ တစ်ငုံကြိုက်ချလိုက်မိ၏။ လက်ဖက်ရည် အရသာ က ပေါ့ပျက်ပျက်နှင့်။ ကောင်တာ ပေါ်မှာထိုင်နေသည့် ဆယ်စုနှစ်ထက်မက အိုစာသွားသော ဗလာ မျက်နှာတစ်ခုကို ကျွန်မ မှတ်မိနေသေးသော်လည်း နှုတ်ဆက်ဖို့ရန် နှုတ်တွန့်လေးလံ နေဆဲ။ ကျွန်မ၏ စိမ်းစိုချင်သော စိတ်တို့ကို သွေ့ခြောက် ဟောင်းနွမ်းနေသော ကျောင်းကန်တင်းလေးသည် တစ်စခြင်း စီ စုတ်ယူလိုက်လေပြီ။
ဟိုဘက်ခပ်လှမ်းလှမ်းနားက စားပွဲမှာတော့ ကျောင်းသားလား ဆရာလား မကွဲနိုင်သော ကျွန်မမသိသော လူတစ်ယောက် နှစ်ယောက်တို့ ထိုင်နေကြသည်။ ဖုန်စများ၊သစ်ရွက်ခြောက်များ ဖြင့် ပေလူးနေသော စားပွဲတစ်ချို့က ထိုင်သူကင်းမဲ့လျှက်။ တစ်ခါက ဆူညံစွာ ဖြင့်ကျွန်မ တို့လုထိုင်ခဲ့ဖူးသော ခုံတစ်ချို့သည် နွမ်းလျှော်စွာ ဖြင့် ကျွန်မ ကိုမျှော်လင့်တကြီး ငေးကြည့်နေကြသည်။ အို..သူတို့ ကျွန်မကို တစ်ခုခု လှမ်းပြောလိုက်လေသလား။ ဟင့်အင်း..။ ကျွန်မယောင်ယမ်းစွာဖြင့် ခေါင်းကို သွက်သွက် ခါလိုက်မိသည်။ ထိုခုံတို့၏နောက်မှီများပေါ်မှာ တင်ကျန်ခဲ့ဖူးသော အသံတစ်ချို့က ပဲ့တင်ထပ်ကာကျွန်မဆီသို့ ပြန်လာနေခဲ့ပြီ။ သူတို့ကျွန်မကို အပြစ်ဆိုလေသလား။ ကျွန်မသည် အပြစ်ရှိသော အပြစ်သားတစ်ဦးလိုမျိုး စိတ်ပင် ပန်းနာကြင်စွာလျှောက်သူမဲ့ စင်္ကြန်လမ်း ဘက်သို့ထွက်လာခဲ့မိ၏။ စင်္ကြန်လမ်းနံဘေးမှာ တိတ်ဆိတ်နေသော စာသင်ခန်းကျယ်ကြီးများ။ သော့ခလောက်ကြီးများသည် ကျွန်မကို နာကြင်စွာ ငေးကြည့်နေ ခဲ့သည်။ ဟင့်အင်း လှည့်မကြည့်နဲ့။ စာသင်ခန်းတွေကို လှည့်မကြည့်လိုက်ပါနဲ့။ ကျွန်မသည် ကိုယ့်ကိုကိုယ်သတိပေးကာ တစ်ယောက်ထဲ ရှိသော စင်္ကြန် လမ်းပေါ်ကနေ နာနာကြဉ်းကြဉ်း ပြေးထွက် လာခဲ့မိသည်။ အရူးလိုပါပဲ။ ကျွန် မသည် အသံမထွက် ဘဲ ရှိုက်ငိုကာ ၀င်္ကဘာထဲပိတ်မိနေသူတစ်ယောက်လို ထွက်ပေါက် ကို အမော တကောရှာမိပြန်သည်။ ဘာလို့များ ကျွန်မသည် ဒီမြေပေါ်ကို လာမိပါလိမ့်ဟု ကိုယ့်ဖာသာကိုယ် ပြန်တွေး မိကာ နောင်တရ ၀မ်းနည်းလာခဲ့သည်။ အမှန်တော့ ကျွန်မ ကျောင်းကို မရောက်သည်မှာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ ကျွန်မ၏ မကျက်နိုင်တော့သော အနာသည် ကျွန်မကို တစ်စစ်စစ်ကိုက်ခဲကာ နှိပ်စက်နေခဲ့ပြီ။ ဖြောင့်စင်းလွန်း သော အဓိပတိလမ်းမကြီး ပေါ်မှာ ရှက်စိတ်တို့ဖြင့် ယိုင်နဲ့လဲပြိုရင်း ကျွန်မ ကျောင်းကိုအားနာ လာမိသည်။ ကျောင်း၏ဖျောက်မရသော အတိတ် သမိုင်း တို့သည် ကျွန်မကို သူ့ရဲ့ကြိုးမျှင်များဖြင့် ရုန်းမထွက်နိုင်အောင် တစ်စခြင်းစီ တုတ်နှောင်နေခဲ့ပါပြီ။ ။
တကယ်တော့ဖြင့် အိုမင်းမသွားသေးသော ထိုလမ်းပေါ်မှာ ကျွန်မတို့ရဲ့ အတိတ်သမိုင်းတွေ ဖျက်၍မရအောင် စွန်းထင်းနေခဲ့ဖူးသည်။ ကျွန်မတို့ အဓိပတိလမ်းပေါ်မှာ ပျော်ခဲ့ကြဖူးသည်။ ငိုခဲ့ကြဖူးသည်။ လွမ်းခဲ့ရဖူးသည်။ နာကြင်ခဲ့ရဖူးသည်။ မျှော်လင့်ခဲ့ရဖူးသည်။ ရဲရင့်ခဲ့ရဖူးသည်။ ငယ်ဘ၀၏ နာကြင်ဖွယ် အိပ်မက်တို့ထဲတွင် မူးရီကာ ကျွန်မတို့ တစ်ယောက်လက်တွေကို တစ်ယောက်မြဲမြံစွာ ဆုတ်ကိုင်ခဲ့ကြဖူးသည်။
ထိုကျောင်းတွင် သမိုင်းဒဏ်ရာများဖြင့် ညှိုးရီခန့်ညားနေသော ကျွန်မတို့ရဲ့ ဘွဲ့နှင်းသဘင် ကြီးရှိသည်။ ထိုကျောင်းတွင် နှစ်ပေါင်းများစွာ မွေးယူထားရ သောသက်ရင့်ပင်တို့ ရှိသည်။ နာမည်ကျော် သစ်ပုတ်ပင် ကြီးရှိသည်။ ဦးချစ်ဆိုင်ရှိသည်။ မြကျွန်းသာလက်ဖက်ရည် ဆိုင်ရှိသည်။ ဗိုလ်ချုပ်နေခဲ့ဖူးသော ပဲခူးဆောင် ရှိသည်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုသော ကိုဗဟိန်း ရှိသည်။ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ကြီးရှိရာ မမေ့နိုင်စရာ မြေကွက်လပ်ကြီးရှိနေခဲ့သည်။ မိုးမိုး အင်းလျား ရဲ့ အင်းလျားဆောင်ရှိသည်။ ထိုကျောင်းကနေ ငရဲခွေးများကို ခြိမ်းချောက်ခဲ့ဖူးသည်။ ထိုကျောင်းကနေတစ်ဆင့် နိုင်ငံ၏အရေးကြီးသော အပြောင်းအလဲများကို ပြောင်းလဲစေဖို့ ကျောင်းသားတို့ နိဒါန်းပျိုးကာ စတေးခဲ့ကြဖူးသည်။ ထိုကျောင်းတွင် သွေးနဲ့အလဲထပ်ခဲ့ရသော တန်ဖိုးကြီး လျှော်ကြေး တစ်ချို့ရှိခဲ့ဖူးသည်။ အယ်ဒီတာ တစ်ယောက်ရဲ့ တာဝန်ယူမှု ကို သမိုင်းဝင်အောင် ထိုကျောင်းမှတစ်ဆင့် ပြခဲ့ဖူးသည်။ ထိုကျောင်းမှ တစ်ဆင့် ကိုယ်ကျိုးမဖက်စွာ စွန့်လွှတ်ဝံ့သော ပရဟိတ လူသားတို့ ပေါ်ထွန်း လာခဲ့သည်။ ကျောင်းသည် တကယ်တော့ ဖျောက်မရသော သမိုင်းတို့ဖြင့် ရဲရင့်စွာ ခမ်းနားခဲ့ဖူးပါသည်.။ ထိုကျောင်းမှ တဆင့် ကျွန်မ တို့ နိုင်ငံ၏ အရေးကြီးသော သမိုင်းရုပ်ထု တို့ကို ထုဆစ်ခဲ့ ဖူးသည်။ နိုင်ငံခေါင်းဆောင်လောင်းများနှင့် အာဇာနည်လောင်း ကြီးများ သွေးလောင်းကာ စိုက်ခဲ့ပျိုးခဲ့သော နှောင်ကြိုးမဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၏ ဖားဖားဝေေ၀ အရိပ်တစ်ချို့ကို ကျွန်မတို့သက်သာလွယ်ကူစွာဖြင့် ခိုနားခဲ့ရဖူး သည်။ အနယ်နယ် အရပ်ရပ်မှ လူတော်တို့စုဝေးခဲ့ဖူးရာ ကျောင်း။ ထိုကျောင်းတွင် ရဲရင့်လွတ်လပ်သော လူငယ်ဘ၀ ရဲ့ ပုံရိပ်တို့ စွန်းထင်းနေခဲ့သည်။ ကျွန်မ သည်ကျောင်း၏သမိုင်း ကို သပိတ်မှောက်ကျောင်းသား၊ အရှေ့မှနေ၀န်းထွက်သည့်ပမာ နှင့်ကောလိပ်ကျောင်းသား တို့ကို ဖတ်ရင်းမှ ခြေရာခံမိကာ ထိုကျောင်းကို ချစ်ခင်စွဲမက်ရတော့သည်။ ကျွန်မ၏ ငယ်ဘ၀ အိပ်မက် တစ်လျှောက်လုံး၌ ကျောင်းသည် ခမ်းနားစွာ စိုးမိုးနေခဲ့ပါသည်။
သို့သော် ကျွန်မသည် ကံမကောင်းလှစွာပင် ကျောင်း၏ ဆည်းဆာချိန်မှာ မှ ကျောင်းကို ရောက် ခဲ့ရသည်။ ဆည်းဆာပေမယ့် မိုးတိမ်မှိုင်းတို့ဖြင့် အုံ့ဆိုင်းနေသည်မို့ လားမသိ ကျောင်းသည် တိမ်မတောက် နိုင်လောက်အောင် နွမ်းရီနေခဲ့ပြီ.။ ကျွန်မ ခပ်ငယ်ငယ် ငါးတန်းကျောင်းသူဘ၀လောက် က အကိုတွေ နေခဲ့ဖူးသော ပဲခူးဆောင်ကို လာလည်ရင်း၊ ကလေးပီပီ ၀င်ကြည့်ခဲ့ ဖူးသော သစ်ပုတ်ပင် ခေါင်း သည် လည်းကျွန်မကျောင်းကို ရောက်သည့်အချိန်မှာတော့ မြဲမြံစွာ ကာရံထား ပိတ်ထားခဲ့ပြီ။ ရေတမာ အရိပ်အောက်မှာလည်း ထိုင်စရာခုံတို့ ကင်းမဲ့လျှက်။ ကျွန်မကို ကျောင်းလိုက်ပို့တိုင်း မသိသားဆိုးရွားစွာဖြင့် ဖေဖေပြောတတ် သော သူတို့ခေတ် က တက္ကသိုလ် အကြောင်းကို လူသွားလူလာ ကင်းရှင်းသော အဓိပတိ လမ်းမကြီးငေးမောကြည့်ရင်း မောပန်းစွာ နားထောင်ခဲ့ရသည်။ တစ်နှစ် အတန်း တက်လာတိုင်း ကိုယ့်အောက်မှာ အတန်းမရှိသည်မို့ လျှော့နည်းလာသော လူတွေကို ကြည့်ကာ ပိတ်ထားသောစာသင်ခန်းများ ကို အလန့်တကြား ရေတွက်မိပြန်သည်။ ထိုအခါတိုင်း ကျောင်းသို့မလာခင်က ဖတ်ထားမိသော စာအုပ် တစ်ချို့မှ တက္ကသိုလ်သည် ကျွန်မကိုကိုယ်ထင်ပြကာ ခြောက်လှန့်မြဲ။ လူသွားလူလာရှင်းသော ကော်ရစ်ဒါမှာ အေးအေးလူလူလျှောက်ရတိုင်း နောက်ပြောင်တတ်သည် ဆိုသော ကောလိပ်ဂျင်တို့ကို သတိရလွမ်းဆွတ် မိပြန်သည်။
ကန္တရထွန်းစပြုလာသော ထိုကျောင်းထဲ ၌ ကျွန်မသည် စာသင်နှစ်တို့ကို ပျင်းရိလေးကန်စွာ ဖြတ်သန်းရင်း ဖြင့် အိုအေစစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တက္ကသိုလ်စာကြည့်တိုက်သည် ကျွန်မရဲ့ ပျင်းရိငြီးငွေ့မှုများကို ခမ်းခြောက် စေနိုင်ခဲ့ပါသည်။ စာကြည့်တိုက်ထဲ၌ ကျွန်မသည် မှိုနံ့စွဲနေသော စာအုပ်ဟောင်းများကို တမက်မက် တပွေ့ပွေ့ လုပ်ရင်းဖြင့် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ထိန်းကျောင်း ခဲ့ရသည်။ ကျောင်းသို့မလာခင် က စာအုပ်တွေ ထဲကတစ်ဆင့် ကျွန်မမြည်းစမ်း ခဲ့ရဖူးသော တက္ကသိုလ် ကို ချင်ခြင်း တပ်လာတိုင်း စာကြည့်တိုက်ဥခွံထဲ၌ ကြောက်လန့်တကြား ပုန်းအောင်းခိုဝင်လာ မေ့ပျောက်နိုင်ဖို့ ကြိုးစားရပြန်သည်။
သို့သော် အဓိပတိလမ်းသည် ကျွန်မ ကို ခွန်အားတစ်ချို့ နှင့်အတူ လွယ်လင့်တကူ ကျမပျောက်သွား နိုင်သော မျှော်လင့်ချက်တစ်ချို့ကိုလည်း ကျိန်စာတစ်ခုသဖွယ် ကမ်းလင့် ပေးခဲ့ပါသည်။ ကျွန်မ ဘ၀၏ တစ်ချို့သော နာကြင်မှု၊ ပျော်ရွှင်မှု၊ မျှော်လင့်မှု အစိတ်အပိုင်း တို့ကို လည်း အဓိပတိလမ်းပေါ်မှ ပင် ကျွန်မ ကောက်ယူကာ တစ်စချင်းစီ တွဲစပ် တပ်ဆင် ခဲ့ရဖူးသည်။ တဖြောင့်ထဲ သော ထိုလမ်းပေါ်မှာ ကျွန်မတို့ လျှောက်ခဲ့ကြဖူးသည်။ မိတ်ဆွေ တစ်ချို့ ပျောက်ရှခဲ့ဖူးသည်။ ထူးအိမ်သင်၏ မီးမထွန်း သော အခန်းကျဉ်း လေး ထဲက လိပ်ပြာငယ်လေးများရဲ့ ၀ိညဉ်ကို ထိုကျောင်းထဲတွင် အမောတကောဖြင့် ကျွန်မတို့လိုက်ရှာ ခဲ့ဖူးသည်။ငယ်သေးသည်မို့ ကျွန်မတို့သည် သစ္စာတရားတို့ကို မိုက်မိုက်မဲမဲ ယုံကြည်ခဲ့ကြဖူးပါသည်။ ယုံကြည်ရာလမ်းမပေါ်မှာ နောက်ကျောလုံလုံဖြင့် ရပ်တည်ရင်း ရှေ့ကိုစူးရဲစွာ မျှော်ကြည့်ခဲ့ကြဖူးသည်။ တကယ်တော့ဖြင့် ကျွန်မ၏ တက္ကသိုလ် ကာလနှစ်အနည်းငယ် သည် တက္ကသိုလ် ၏ အရသာ ကို ဖိတ်တစ်ဝက်စင်တစ်ဝက် ဖြင့် သာ ရခဲ့ ရသည်မို့ ဖေဖေ တို့ခေတ် က တက္ကသိုလ် လို ပျော်စရာ ကောင်းလှချည် ရဲ့ လို့ တော့ ဖြင့် ဆို၍ မရနိုင်ခဲ့ပါ။ သို့သော် ထိုကျောင်းကာလလေးသည် ကျွန်မ၏ အတိတ်ထဲ၌ ခမ်းနားစွာ နေရာယူနေခဲ့ပါသည်။ အဓိပတိလမ်းမကြီး ပေါ်မှာ ကျွန်မတို့ရဲ့ ခြေရာတို့သည် ကျွန်မတို့ရဲ့ နှလုံးသားပေါ်မှာ စွဲမြဲစွာ ထင်ကျန်နေရစ်ခဲ့၏။ ထိုအခါ ကျောင်းသီချင်းများကို အဝေးတစ်နေရာဆီ မှ ကျွန်မကြားတိုင်း စူးနစ်နာကြင်စွာဖြင့် ပင် ကျွန်မငိုချင်လာတတ်သည်။
ကျောင်းကို လွမ်းတိုင်း ကျွန်မသည် စကားစရှာကာ ပြောစရာလူမရှိသည်မို့ ကျွန်မ၏ တူမလေးများကို ကျောင်း အကြောင်း ပြောမိတတ်၏။ ကျောင်း၏ ၀ိညာဉ်သည် မျိုးဆက် တစ်ဆက် ကွာခြားသောထိုက လေး တို့ကို မဖမ်းစား မပူးကပ်နိုင်တော့ပြီလား။ သူတို့ကျောင်းကို စိတ်မ၀င်စားတော့ပြီ။ ကျောင်း၏ သမိုင်းသည် ကျွန်မတို့ နိုင်ငံ၏ အရေးကြီးသော မှတ်တိုင် တို့ဖြစ်ခဲ့ဖူးသည်ကို ကလေးတို့က ပီကေ တဖြောက်ဖြောက် ၀ါးကာ ပျင်းရိစွာ နားထောင်နေခဲ့ပြီကော။သမီးတို့ ရောက်ဖူးပါတယ် ပျင်းစရာကြီးပါ ဟု ပြန်ပြောတတ်သော တူမလေးများကို ကျွန်မသည်နွမ်းလျော်သွေ့ခြောက်နေသော ထိုကျောင်းသည် အရှေ့တောင်အာရှမှာ တစ်ခါက ဂုဏ်ယူဖွယ်ရာ ကျောင်းဖြစ်ခဲ့ဖူးသည် ဟု ကယောင်ကတမ်းဖြင့် ပြောမိတတ်ပြန်သည်။ သူတို့ တက်ရမည့် တက္ကသိုလ်ကျောင်းကို ဝေးလွန်းလို့ ဟုဆိုကာ အဝေးသင် တတ်ရင်း အပြင်သင်တန်းတွေကို သာ တစ်ခုပြီးတစ်ခုတတ်နေသော ကျွန်မတူမလေးများသည် ကျွန်မပြောသော ကျောင်းအကြောင်း ထက် အက်အီးစီ သွင်းကာ ဖြေရမည့်စာမေးပွဲများ အကြောင်းကို ပို၍ စိတ်ဝင်စားနေခဲ့သည်။ ကျောင်းဝိညဉ်သည် သူတို့ကို မပူးကပ်နိုင်တော့ပြီ။ ရင်းရင်းချာချာသူငယ်ချင်း မရှိသော ကန်တင်းမထိုင်ဖူးသော သူတို့ကို ကျွန်မက ကျွန်မတက္ကသိုလ်တတ်ခဲ့ရဖူးသော ပျော်စရာနှစ်များ အကြောင်းကို ရှာဖွေကာ ပြောရမည်လား။ တက္ကသိုလ် အရသာကို ပေါ့ပျက်ဖွယ်တယ်စွာ မြည်းစမ်းရသည်ထက် စာရင် သူတို့ ဘ၀အတွက် သင်တန်းတွေတစ်ခုပြီး တစ်ခု တတ် နေသည်က ကောင်းသည်ဟု ထင်လိုက်ရမည်လား။ ကျွန်မ မဝေခွဲ နိုင်တော့ပါ။ တစ်ဦးချင်းစီ အပြိုင်အဆိုင် တိုးတတ်ကြဖို့ ကြိုးစားနေရသော ခေတ်ထဲတွင် မိတ်ဆွေများနှင့် ယုံကြည်မှု ဆိုတာ နင်းတတ်စရာ လှေကားထစ်တစ်ခုသာ။ ဘ၀၏အချိုမြိန်ဆုံး တက္ကသိုလ် ကာလ တစ်ချို့ကို ဖိတ်တ၀က်စင်တစ်ဝက် တောင်မှမရသော ကလေးတို့ထက် စာရင် ကျွန်မကံကောင်း သေးသည် ဟု ဆိုရမည်ထင်သည်။ မည်သို့ပင်ဖြစ်စေ ကံကော်ရနံတွေ မွှေးပျံရီဝေနေတာကို တော့ ကံကောင်းကြီးစွာ ကျွန်မ ရှုရှိုက်ခွင့်ရခဲ့ဖူးသေးသည်။ ငြိမ်သက်တိတ်ဆိတ်နေသော ထိုကျောင်းနှင့် ကျွန်မ သည် ကံကောင်းလွန်းလှစွာ ရင်းနှီးခွင့်ရ ခဲ့ဖူးသည်ပေါ့။အဲလောက်ဆိုရင်ဖြင့် ကျွန်မ ကျေနပ်သင့်ပြီထင်သည်။
မွှေးပျံရီဝေနေသော ကံကော် တောအုပ်သည် နူးညံ့သော ၀တ်ဆံမှုန်များကို တိတ်ဆိတ်စွာ ချွေချနေခဲ့ ပြီ။ သမိုင်းဝင် မြေကွက်လပ်ကြီး တစ်ကွက်နားက ဗိုလ်အောင်ကျော် သည် ကျွန်မကို တစ်စုံတစ်ရာ စကား ဆိုလေသလား။ ထိုမြေကြီး ကို နင်းရတိုင်း ကျွန်မကိုယ်တွင်းတစ်နေရာမှ ကျောင်းသွေးသည် ပွက်ပွက် ဆူထကာ ကျွန်မကို နှိပ်စက်မြဲ ရှိပါသေးသည်။ ခေတ်အဆက်ဆက် ကဒါဏ်ရာတို့ဖြင့် ရင့်ကျက်နေသော ကျောင်းကတော့ လောကဒဏ်ကို မတုန်မလှုတ်တော့ပြီမို့ ကျွန်မကို ချော့မော့ကာ စကားဆိုဆဲ။ နေ့တာတိုသော ဆောင်းပေမို့ ခဏနေ ကျောင်းတပြင်လုံး အမှောင်လွှမ်းဦးတော့မည်။ ကျွန်မချစ်သော ကျောင်းသည် ကြယ်ပျိုးပြောက် များ ကြားမှာပင် အထီးကျန်စွာ တိတ်ဆိတ်နေဦးတော့မည်။ ကျောင်းအပြင်ဘက်မှာ ဆူညံနေသော လှည်းတန်း လမ်းမကြီး ရှိသည်ပဲ။ ကျွန်မ ခြေတစ်လှမ်း လိုက်ရုံလေးသာပဲ။ ကျောင်းကတော့ဖြင့် ကျွန်မ ရဲ့နောက်ဘက်မှာ ထင်ရှားစွာဖြင့် ကျန်နေခဲ့ပါဦးမည်။
ပန်းရိပ်ဖြူ
ကလျာမဂ္ဂဇင်း
ကလျာမဂ္ဂဇင်း
No comments:
Post a Comment