Sunday, September 9, 2012

ပျော်စရာကောင်းတဲ့အိမ်

လူ့လောကမှာ လူတွေအတွက် စိတ်အ၀င်စား စရာအကောင်းဆုံးနဲ့ အပန်းဖြေ နိုင်ဆုံး နေရာဟာ အိမ်ပါ။ ဘယ်နေရာတွေ က ဘယ်လောက်ပဲ အပန်းပြေနိုင်ပါတယ်။ရှူခင်းရှူကွက် တွေသာယာပါတယ် လို့ ဆိုပေမယ့် အိမ်လောက် ဘယ်နေရာမှ အပန်းမပြေနိုင်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးလူလူ အပန်းဖြေနိုင်ကြတယ်။ အကျီင်္တပတ်နွမ်းလေးကို ၀တ်လို့ သနပ်ခါးရေကြဲလေး လူးလို့၊နှီးချောဖျာလေးခင်းပြီးတော့ စာဖတ်တာ၊ သီချင်းနားထောင်တာတွေကို လုပ်နိုင်ကြတယ်။

အိမ်ထဲမှာ..သံခင်းတမန်ခင်း အပြုံးတွေ မလိုသလို၊ ဟန်ဆောင် မျက်နှာဖုံးတွေလည်း မလိုတာမို့ကိုယ့်ဖာသာကိုယ်  ဟင်းချက်ချင်သူက ချက်၊စာဖတ်ချင်သူက ဖတ်၊ ပန်းပင်လေးတွေကို ထိုးဆွချင်သူက ဆွလို့..ကိုယ်နေချင်သလို လွတ်လပ်စွာ အိမ်ထဲမှာ နေလို့ရပါတယ်။ အရုပ်ကလေးတွေ နဲ့ကစားနေတဲ့ ကလေး က ကစားလို့ပေါ့။ လွတ်လပ်စွာ ကိုယ်လုပ်ချင်ရာကို လွတ်လွတ်လပ်လပ်လုပ်လို့။ တကယ့်ကို ပျော်စရာ သုခကမ္ဘာလေးပါပဲ။  ပျော်စရာ သုခ ကမ္ဘာ အိမ်လေးထဲက ပျော်စရာတွေကို ကျွန်မတို့ဟာ အိမ်ထဲကနေ လွင့်စင်ထွက်ပြေးသွား အောင် လုပ်လိုက်မိ တဲ့ အခါမှာတော့ အိမ်ဟာ နေစရာမကောင်းတော့တဲ့ နေရာတစ်ခု ဖြစ်လာပါတော့တယ်။

          အလုပ်ထွက်လုပ်နေရသူ မေမေတို့ဟာ မောမောပန်းပန်းနဲ့ အိမ်ကို ပြန်လာတိုင်း အပြင်လောက မှာ ဟန်ဆောင်ပြုံးရယ်နေခဲ့ရတာတွေ၊ပင်ပန်းခဲ့ရသမျှတွေကို မကြေနပ်မှုတွေ၊ဒေါသတွေ အဖြစ်နဲ့   ကိုယ့်ကို အသီးခံနိုင်ဆုံးဖြစ်တဲ့ အိမ်သားတွေဆီမှာ ဖေါက်ခွဲကြပါတော့တယ်။ အဲလိုပါပဲ တအိမ်လုံးရဲ့စီးပွားရေးကို ထိန်းချုပ်ထားရသူ ဖခင်တို့ကလည်း အလုပ်ထဲက မပြေလည်မှုပြသနာတွေကို အိမ်ကို ဒေါသအထုတ်အပိုးတွေ အဖြစ်နဲ့ သယ်လာခဲ့ပါတော့တယ်။  အလုပ်မလုပ်သူ မေမေတို့ကရော။ သူတို့ ခမြာမှာလည်း တစ်နေကုန် မနားရအောင် လုပ်နေရတဲ့ အိမ်ရဲ့ဝေယျာဝစ္စတွေနဲ့ ငြီးငွေ့ပင်ပန်းမှု မှန်သမျှကို ထွက်ပေါက်အနေနဲ့ အိမ်သားတွေအပေါ်မှာ ဗြစ်တောက်ဗြစ်တောက် ဆူပူအော်ဟစ်ကြပါရော။ တကယ်တော့  အိမ်ဆိုတာဟာ ကိုယ့်ရဲ့မပြေလည်မှု၊ဒေါသ၊လိုချင်တပ်မက်မှု၊ လိုအပ်မှုချဉ်ခြင်းတွေကို လွတ်လပ်လုံခြုံစွာ ဖေါက်ခွဲပစ်ရမယ့်နေရာမဟုတ်ပါဘူး။ အိမ်ဆိုတာ ဟာ တစ်နေ့တာပင်ပန်းလာသမျှကို  စိတ်ပြေလျှော့ချပြီး တော့ နွေးထွေးစွာအနားယူရမယ့် နေရာပါ။

          နွေးထွေးစွာ အနားယူရမယ့် အိမ်လေးဟာ ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ဘဲ အိမ်မှာ နေသူ အိမ်သားအားလုံးနဲ့ပါ ဆိုင်တာကို သိထားရပါမယ်။ ကိုယ်က သီချင်းနဲ့ အနားယူရတာ အပန်းပြေတိုင်း တစ်အိမ်လုံး နားငြီးအောင်လို့ သီချင်းအကျယ်ကြီးမဖွင့်ထားရပါဘူး။ ကိုယ့်ရဲ့ အနားယူအပန်းဖြေမှုဟာ ကိုယ်ရဲ့ ကလေး တစ်နှစ်သားအပါအ၀င် အားလုံးကို စိတ်အနှောက်ယှက် မဖြစ်စေနိုင်မယ့် နည်းမျိုး ဖြစ်ဖို့လည်း လိုပါသေးတယ်။

          ပျော်စရာကောင်းတဲ့အိမ်လေး တစ်အိမ်ဖြစ်ဖို့အတွက် အိမ်ကြီးဟာ ခမ်းနားကြီးကျယ် နေစရာမလိုပါဘူး ။ ပန်းခြံလှလှရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ သိပ်အရေးမကြီးလှပါဘူး။ အဲလိုပဲ အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတွေ ရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ အိမ်အစုတ်ကလေးထဲမှာပဲ ပျော်စရာတွေကို ဖန်တီးယူလို့ရပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ကလေးထဲမှာ ကြီးပြင်းခွင့်ရတဲ့ ကလေးများဟာ လူ့လောကကို ပိုပြီးတော့ချစ်တတ်၊ ခင်တတ်၊ တွယ်တာတတ်ကြပါတယ်။

          ကျွန်မတို့တစ်တွေဟာ အိမ်ကလေးကို လှလှပပ ဖန်တီးချင်တတ်ကြပါတယ်။ ငွေကြေးသုံးနိုင်၇င် သုံးနိုင်သလောက် အလှပပစ္စည်းလေးတွေ၊ အဖိုးတန်တွေကို အိမ်လေးထဲမှာ ထည့်သွင်းချိတ်ဆွဲလာ ကြပါတယ်။ ကိုယ့်အိမ်ကလေး အမြဲတမ်းတောက်ပ ခမ်းနားနေစေဖို့ အားထုတ်ကြပါတယ်။ အဲလို နဲ့ အိမ်ဟာ အဖိုးတန် ပစ္စည်းတွေ ပြသ၇ာ ပြခန်းတစ်ခန်းနဲ့ တူတူလာတော့တာပါပဲ။ အိမ်ထဲမှာ ရှိနေတဲ့ ကလေးတွေဟာ အဖိုးတန်လိုက်ကာ ကြီးကို လက်ပေနဲ့ ကိုင်မိလို့ အဆူခံကြရသလို၊ ကော်ဇော်ကြီးပေါ်ကို ခြေထောက်ပေကြီး တွေနဲ့ မတတ်မိဖို့ အမြဲတမ်းသတိကြီးကြီးထားနေ၇တော့တယ်။ ပြီးတော့ ပြေးရင်းလွှားရင်းနဲ့ အဖိုးတန် ပန်းအိုးကြီးကို လက်နဲ့ မတိုက်မိဖို့လည်း သတိထားရသေးရဲ့။ ကိုယ့်ရဲ့ အိမ်လေးကို အမြဲတမ်း သန့်ရှင်း တောက်ပြောင်နေဖို့ အားထုတ်နေရသူ အိမ်ရှင်မ(ကလေးတို့မေမေ) ခမြာမှာလည်း ပင်ပန်းမှုတွေနဲ့ စိတ်တွေ ဖိစီးလေးလံလို့။အိမ်ဆိုတာ သန့်ရှင်းဖို့ လိုတာမှန်ပေမယ့် သိပ်ကို သေသပ်သပ်ရပ်နေဖို့ မလိုလှပါဘူး။

          အိမ်ဆိုတာဟာ အိမ်သားအားလုံး သက်သောင့်သက်သာနဲ့ အနားယူနိုင်ဖို့ က အဓိကပါ။ အိမ်သားဆိုတဲ့ နေရာမှာ ကလေးတွေလည်း ပါပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးထဲမှာ စာအုပ်တွေရှိတယ်။ သီချင်းတွေလည်းရှိတယ်။ ကလေးကစားချင်ရာဆွဲပြီးတော့ ကစားနိုင်အောင် ထားပေးထားတဲ့ အရုပ်စင်လေးလဲရှိတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးထဲမှာ..အိမ်အလုပ်ဆိုတာ အိမ်ရှင်မ အမေ တစ်ယောက်ထဲ သိမ်းကြုံးလုပ်ရမယ့် အလုပ်မဟုတ်ဘူး ဆိုတာကို အိမ်သားအားလုံးက နားလည်ကြပါတယ်။ အဖေက အမေ့ကို ပန်းကန်ကူဆေးပေးသလို၊ သမီးကလည်း တံမျက်စည်း ကူလှဲပေးလို့။ တစ်အိမ်သားလုံး အိမ်အလုပ်ကို တတ်ညီလက်ညီနဲ့ ပျော်ပျော်ပါးပါးလုပ်ကြပါတယ်။

          ပျော်စရာကောင်းတဲ့အိမ်လေးထဲမှာ စိတ်ညစ်စရာ၊၀မ်းနည်းစရာတို့ မရှိရဘူးလို့ မဆိုလိုပါဘူး။ စိတ်ညစ်စရာဝမ်းနည်းစရာတွေ ကြုံလာကြတဲ့အခါမှာလည်း အတူတူဖြေ၇ှင်းပြီးတော့ ကျော်ဖြတ်ကြပါတယ်။ မိသားစုဝင်အားလုံး အတူတူ ထမင်းစုစားကြ၊ စကားစမည်ပြောကြနဲ့ နေတတ်ကြပါတယ်။  စိတ်ပျက်စရာ တစ်ခုခု နဲ့ကြုံတွေ့ရင်တောင်မှ ပျော်စရာ၊ရယ်စရာ ရှုထောင့်ကနေကြည့်ပြီးတော့ ကြံဖန်ရယ်မောတတ်ကြ တယ်။ ပျော်စရာကောင်းတဲ့အိမ်လေး ထဲက မိသားစုဝင်တို့ဟာ တစ်ဦးရဲ့စိတ်ဝင်စားမှုကို တစ်ဦးက အလေးထား လေးစားတတ်ကြပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှုဟာ ကိုယ်နဲ့ မတူပေမယ့်လို့ အပြစ်မပြောကြ ပါဘူး။

          ပျော်စရာကောင်းတဲ့ မိသားစုဝင်ထဲက အဖေတို့အမေတို့အတွက် ဆယ်ကျော်သက်ရွယ်သမီး ဟစ်ဟော့ သီချင်းနားထောင်တာ၊ သားဆံပင် ကို ဂျယ်နဲ့ ထောင်ထားတာတွေဟာ ပြသနာမဟုတ်ပါဘူး။ အဲလိုပဲ အဖေဖြစ်သူလုံးဝ ၀ါသနာမပါလှတဲ့ ဗေဒင်မေးယတြာခြေတာတွေကို အမေဖြစ်သူက လုပ်နေတာတွေ ဟာလည်း အငြင်းပွားစရာ ကိစ္စမဟုတ်ကြပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ၊ ကိုယ့် စိတ်ဝင်စားမှုနဲ့ ကိုယ် နေကြတယ်လို့ ဆိုပေမယ့် မိသားစုအရေးကိစ္စမှာ တော့ အားလုံးတတ်ညီလက်ညီ ရှိတတ်ကြပါတယ်။ သားလေးရဲ့ ပညာရေးတိုးတတ်မှုအခြေနေဟာ အမေတစ်ယောက်ထဲ ကိစ္စမဟုတ်မှန်း အဖေက နားလည်ပါတယ်။

          ပျော်စရာကောင်းတဲ့ အိမ်လေးထဲက မိသားစုဝင်တွေဟာ တစ်ယောက်ကို တစ်ယောက်နားလည် ညှာတာတတ်ကြတယ်။ အမှားတစ်စုံတစ်ရာဖြစ်လာရင်လည်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်မပုံချတတ်ကြဘူး။  တကယ်တော့ ပျော်စရာကောင်းတဲ့ အိမ်လေးကို ကျွန်မတို့ကိုယ်တိုင် ဖန်တီး တည်ဆောက်ယူလို့ ရပါတယ်။ ပျော်စရာကောင်းတဲ့အိမ်လေးမှာ လွတ်လပ်လုံခြုံစွာ ကြီးပြင်းခွင့်ရလာတဲ့ ကလေးတစ်ယောက် အဖို့ လူ့လောကပတ်ဝန်းကျင် နဲ့ ကိုယ့်ကိုကိုယ် ကို အကောင်းမြင်စိတ် ၊ချစ်စိတ်တို့ ပိုပြီးဖွံ့ဖြိုးလာနိုင်ပါတယ်။ လောက ကို ရှူမြင်သုံးသပ်တဲ့ အခါမှာ အကောင်းဘက်ကနေမြင်တတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။

          ကျွန်မ ဟိုတစ်လောက ပါမောက္ခတစ်ယောက်နဲ့တွေ့တဲ့အခါမှာ သူနဲ့အတူ အရှေ့တိုင်း နဲ့ အနောက်တိုင်းက ကျောင်းသားတွေရဲ့ ကွာခြားချက်ကို ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက ကျောင်းသားတွေဟာ ကိုယ့်မှာ ဘာအားနည်းချက်တွေရှိနေသလဲ ဆိုတာကို ကိုယ့်ဖာသာပြန်ကြည့်တဲ့ အခါမျိုး မှာကိုယ့်ရဲ့ အားနည်းချက်တွေကို ကောင်းကောင်းမြင်တတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကောင်းကွက် တော်ကွက် စတဲ့ အားသာချက်တွေကို ကြည့်တဲ့ အခါမျိုးမှာတော့ ကိုယ့်ဖာသာ ဘာတွေတော်တယ် ဆိုတာ ကို ထုတ်ပြောဖို့ မရဲကြဘူး လို့ ဆိုပါတယ်။ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အရာပါ။ ဒါဟာ ကျွန်မတို့ရဲ့ အရှေ့တိုင်း ဘက် က မိဘတွေက ကလေးရဲ့ ချို့ယွင်းချက် အားနည်းချက်တွေ ကို ငယ်ငယ်ကတည်းက ထုတ်ပြောပြပြီးတော့ ဆူတတ်ပူတတ်တာကြောင့်များလားလို့ ကျွန်မ တွေးမိပါတယ်။ လူ့လောကမှာ နေရတာ ပျော်ဖို့အတွက်  လူ့လောကနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်ဖို့က သိပ်ကိုအရေးကြီး ပါတယ်။

          ကိုယ့်ရဲ့ အိမ်လေးထဲမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘာမှမရှိပေမယ့် လည်း တစ်ယောက်နဲ့ တစ်ယောက် ကောင်းတာလေးတွေ၊တော်တာလေးတွေကို ပဲမြင်ကြည့်ကြမယ်၊ ဘယ်လောက်ပဲ စိတ်ညစ်စရာ တွေ တွေ့တွေ့ရယ်မောနိုင်အောင်လို့ ကြိုးစားကြမယ်ဆိုရင်..အဲဒီ့အိမ်လေးထဲက နေ ကြီးပြင်းလာရမယ့် ကလေးများအတွက် လူ့လောက ဆိုတာ ပျော်စ၇ာ၊ လူတွေဆိုတာ ချစ်စရာလို့ ထင်လာကြမှာပါပဲ..။ လူ့လောက ကို ချစ်ခင်တွယ်တာစိတ်ထားဖို့ ဆိုတာ တကယ်တော့သိပ်ကိုမှအရေးကြီးတဲ့ အရာပါ။ လူ့လောက ကို ချစ်ခင်တွယ်တာတတ်၊ လူတွေကို ချစ်တတ်တဲ့လူဟာ လူ့အသိုင်းဝိုင်းကို ဘယ်တော့ မှ ဒုက္ခ မပေးပါဘူး။ သမိုင်းမှာ..လူတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့သူများရဲ့ ငယ်ဘ၀ကို ပြန်လေ့လာကြည့်မယ်ဆို ရင် ငရဲနဲ့တူတဲ့အိမ်တွေထဲက ကြီးပြင်းလာကြရတဲ့ သူတွေချည်းပါပဲ။ ကျွန်မတို့ရဲ့ လူ့အသိုင်းဝိုင်းကြီး တစ်ခုလုံး အတွက် အိမ်တွေဟာ သိပ်ကိုမှ အရေးပါလှပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးတွေ များပါမှ ပျော်စရာကောင်းတဲ့ မြို့ရွာ၊နိုင်ငံ၊ ပျော်စရာကောင်းတဲ့ ကမ္ဘာဖြစ်လာမှာပါ။

          ပျော်စရာကောင်းတဲ့အိမ်လေးတွေ ဆောက်ဖို့ ဆိုတာ သိပ်မခက်လှပါဘူး။ ကျွန်မတို့ရဲ့ နှလုံးသားတွေ ထဲမှာ ပျော်စရာက ခိုအောင်းနေပါတယ်။ သူ့ကို လွတ်လပ်စွာကြီးထွားခွင့်ပေးဖို့ သာပါပဲ။ ဆူသံပူသံ၊ မကြေမနပ် မြည်တမ်း ညည်းတွားသံတွေအစား လွတ်လပ်စွာ ဆော့ကစားနေတဲ့ ကလေးတို့ရဲ့ ရယ်သံ တွေကို သာ ကျွန်မတို့ အိမ်လေးထဲမှာ ထည့်သွင်းထားနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂါတ်ကမ္ဘာဟာ ဒီ့ထက်ပိုပြီး တော့ သာယာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။


ခေတ်ဘုန်းသစ်

Ref: Wonderful ways to be a family by Judy Ford

No comments: