ကျွန်မအသက်ငါးနှစ်လောက်တုံးကကျွန်မအဘွားတွေရှိတဲ့နယ်မြို့လေးတစ်မြို့မှာနေခဲ့ရပါတယ်။
အိမ်မှာနေရတဲ့ အရွယ်ကတည်းက ကျွန်မတို့တတွေဟာပုံပြင်၊ ဇာတ်လမ်းတွေကို ဖန်တီးပြီး ဆော့ကစားတတ်နေကြပါပြီ။
ကျွန်မတို့ဟာ လူကြီးတွေ ညဘက်လက်ဖက်ရည်ကြမ်းသောက်ပြီး စကားစမြည်ပြောတဲ့ ၀ိုင်းဘေးမှာထိုင်ပြီး
မြေပဲလှော်စားရင်းကနေ လူကြီးတွေစကားပြောတာကို နားထောင်ခွင့်ရခဲ့ကြတယ်။ နယ်မြို့လေးက
ကျဉ်းကျဉ်လေးသာမို့ မြို့လေးထဲမှာရှိတဲ့ ဈေးဆိုင်မှန်သမျှကိုကျွန်မတို့သိနေခဲ့သလို၊
ဒီလူဘာလုပ်တယ်၊ ဟိုလူကဘယ်လိုဆိုပြီး တစ်ယောက် အကြောင်းကို တစ်ယောက် အူမချေးခါးမကျန်ကျွန်မတို့သိနေခဲ့ပါတယ်။
မြို့လေးထဲမှာရှိတဲ့ပဲကြီးလှော်သည်ကြီးဆိုကျွန်မဈေးကိုအမေနဲ့လိုက်သွားတိုင်းပဲကြီးလှော်လက်တစ်ဆုတ်ကျွန်မကိုပေးနေကျပေါ့။
ပဲပြုတ်နဲ့ကောက်ညှင်းပေါင်းရောင်းတဲ့ အသည်ကြီးရောပဲ။ ကျွန်မတို့ ကလေးတွေများပါလာပြီဆို
သူ့လက်ကြီးနဲ့ လက်တစ်ဆုတ်စာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ကို ရောဆုတ်ပြီးပေးတော့တာပဲ။
အဲဒီ့တုံးကဆို မနက်ဖက်အမေနဲ့ဈေးလိုက်ရတာကို ကျွန်မတို့ သိပ်ပျော်ခဲ့ကြပါတယ်။ နယ်မြို့လေးမှာနေတုံးက
ကျွန်မမှတ်မိသေးတာတစ်ခုက...ကာဖီသည်ကြီးပါ။ ဘယ်သူမှ အိမ်မှာ ကော်ဖီမှုန့်၊
နို့မှုန့်ထားပြီးဖျော်သောက်တဲ့ခေတ် မဟုတ်လေတော့၊ နေ့ခင်းဘက်ကော်ဖီသောက်ဖို့ အတွက်နွားနို့များများနဲ့ဖျော်တတ်တဲ့
ကော်ဖီသည်ကြီးကို မျှော်ကြရပါတယ်။ ကော်ဖီမှုန့်နဲနဲ၊ နွားနို့များများနဲ့ ရောဖျော်ထားတဲ့ကော်ဖီတွေကို
မတ်ခွက်ကြီးနဲ့ ထည့်ပြီးပေးတာမို့ ကျွန်မတို့ကလေးတွေ တဝကြီးသောက်ရပါရော။ (အဲဒီတုံးက
ကလေးတွေကို ကော်ဖီမတိုက်သင့်ဘူးဆိုတာကို ဘယ်သူမှ သိပ်မသိကြသေးပါဘူး)။ ကျွန်မနဲ့အမြဲတမ်းကစားတတ်တဲ့
သူငယ်ချင်းကတော့ ကျွန်မတို့ခြံနဲ့ ကျောချင်းကပ်ခြံက မြမြပါ။ သူကခြံစည်းရိုးနောက်ဘက်ကနေပြီး
ကျွန်မကိုကစားဖို့ အော်ခေါ်တတ်သလို၊ ကျွန်မလည်းသူ့နဲ့ကစားချင်တယ်ဆို ကျွန်မတို့ခြံစည်းရိုးကနေပြီးသူကို
အော်ခေါ်လိုက်ရုံပါပဲ။
သူနဲ့ကျွန်မတို့အမျိုးစုံအောင်ကိုဆော့ကစားကြပါတယ်။
မြမြကကျွန်မနဲ့ကစားရင် တစ်ခါတလေ သူနာပြုဆရာမလုပ်သလို၊ တစ်ခါတစ်လေအမေလုပ်တယ်၊ မင်းသမီးလေးလုပ်တဲ့အခါလုပ်ပြီး၊
တစ်ခါတစ်လေ တော့လည်း သူကစုံထောက်မကြီး လုပ်တတ်ပါတယ်။ ကျွန်မကတော့အဘွားပြောတဲ့ ပုံပြင်ထဲက
ညဏ်ကောင်းတဲ့ ဘုရင့်သမီးတော်လေးပေါ့။ ကျွန်မတို့ဟာအမေ့ နောက်ဖေးချောင်က ရေပုံးကြီးကို
ဆွဲယူလာပြီး ကာဖီသည်ကြီးလုပ်တမ်းလဲ ကစားသေးသလို၊ အိမ်နားကမြင်းမွေးထားတဲ့အိမ်က လုပ်သလိုမျိုးမြက်တွေကို
နှုတ်ပြီး ဖဲ့ချွေကာ မြင်းစာကျွေးတမ်းလည်း ကစားလိုက်ကြပါသေးတယ်။ လယ်ကွင်းတွေကိုလည်းမြင်ဖူးနေကျမို့
ကျွန်မတို့ဟာလယ်ထွန်တမ်းတောင်မှ ကစားလိုက် ကြပါသေးတယ်။ အဲ့လောက် အမျိုးစုံနေအောင်ကစားကြပေမယ့်
ကျွန်မတို့နှစ်ယောက်လုံးဟာ အသက်ငါးနှစ်အရွယ် ကလေးတွေဖြစ်ပြီး ကျောင်းတောင်မှမနေရသေးပါဘူး။
ကျွန်မတို့ငယ်ငယ်တုံးကအခုခေတ်လိုမျိုးအိမ်တိုင်းလိုလိုမှာတီဗီမရှိသေးပါဘူး။ကာရာအိုကေတို့ဒီဗီဒီတို့၊ကွန်ပြူတာတို့ဆိုတာတော့ဝေးရောပေါ့။
ကျွန်မတို့စိတ်ကူးထဲမှာရှိတဲ့အတိုင်း ပျော်ရွှင်လွတ်လပ်စွာ ကစားဖို့ အဲဒီပစ္စည်းတွေကကျွန်မတို့ကို
အနှောက်အယှက်မပေးနိုင်ခဲ့ပါဘူး။ အများဆုံး ကျွန်မတို့ နားထောင်ရတာက ကလေးတွေမကိုင်နိုင်အောင်လို့
စင်နဲ့အမြင့်ကြီးမှာ တင်ထားတဲ့ သစ်သားရေဒီယိုကြီးပါပဲ။ အဲဒီ့ရေဒီယိုမှာ ကျွန်မတို့ကလေးတွေကို
ဖမ်းစားနိုင်ဆုံးကတော့ တစ်ပတ်ကိုတစ်ခါ တနင်္ဂနွေနေ့တိုင်း လာတတ်တဲ့ ပုံပြင်ကဏ္ဍပါ။ ရေဒီယိုကပုံပြင်ဟာ
အခုကလေးတွေ တီဗီတွေ၊ ဒီဗီဒီတွေကြည့်သလိုမျိုး ရုပ်မမြင်ရတာမို့ အသံကိုနားထောင်ပြီး
စိတ်ကူးထဲကနေ အရုပ်တွေကို ကျွန်မတို့ ပုံဖော်နိုင်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို
လွတ်လပ်စွာ ကွန့်မြူးခွင့်ရခဲ့ကြတယ်။ တနင်္ဂနွေနေ့ နေခင်းဆယ့်နှစ်နာရီဆို ကစားတာကိုရပ်ပြီး
ရေဒီယိုနားမှာ ကျွန်မတို့ရောက်နေကြပါ ပြီ။
ရေဒီယိုကပုံပြင်တွေဆီကနေအများကြီးကျွန်မသင်ယူနိုင်ခဲ့တာမို့ရေဒီယိုကပုံပြောတဲ့သူဟာအတန်းကျောင်းမတတ်ခင်မှာကျွန်မရဲ့ပထမဆုံးဆရာမလို့တောင်မှပြောလို့ရပါတယ်။ဒါပေမယ့်အတန်းကျောင်းကိုကျွန်မတကယ်တတ်ရတဲ့အခါမှာတော့
သူငယ်တန်းမှာ ကျွန်မတွေ့ရတဲ့ဆရာမဟာ ကျွန်မကြိုက်တဲ့ပုံပြင်တွေကို မပြောပြတဲ့သူဖြစ်နေပါတော့တယ်
(ကျွန်မထင်တာက ဆရာမတွေဟာ ကလေးတွေကို ပုံပြောပြတတ်တယ်လို့ ထင်ထားတာကိုး)။ ဘယ်လိုပဲဖြစ်ဖြစ်မြမြနဲ့ကျွန်မကတော့
မင်းသမီးလုပ်တမ်း၊ စုံထောက်မလုပ်တမ်း ကစားနေဆဲပါ။ ကျောင်းကြီးတတ်ပေမယ့်လည်း မြမြနဲ့ကျွန်မ
နေ့စဉ်ကစားမပျက်ပါသလို ကျောင်းမှာ သင်ရတဲ့ ကကြီး၊ခခွေးနဲ့အေဘီစီဒီတို့ဟာကျွန်မတို့ရဲ့နေ့စဉ်ကစားပွဲကိုအနှောက်အယှက်မပေးနိုင်ခဲ့ပါဘူး။
ကျောင်းမုန့်စားဆင်းချိန်ဆို ကျွန်မတို့အိမ်ကို
လမ်းလျှောက်ပြန်ပြီး ထမင်းစားကြတယ်။ တကယ်လို့ ထမင်းသာမြန်မြန်စားခဲ့မယ်ဆိုရင် ကျွန်မတို့
ကျောင်းတတ်ခေါင်းလောင်းမထိုးခင်အချိန်ထိ ကစားလို့ ရသေးတယ်။ ကျောင်းဆင်းတော့ရော.။ ကျွန်မတို့တတွေ
ကစားကြတာများ အိမ်ကလူကြီးတွေ ညစာစားဖို့လှမ်းခေါ်တော့မှပဲ အိမ်ပေါ်ကိုတတ်ကြပါတော့တယ်။
ဘယ်သူကမှ ကျွန်မတို့ကိုကစားလှချည့်လို့ တားမယ့်လူ၊ဆူမယ့်လူမရှိခဲ့ပါဘူး။ ကျွန်မကိုယ်ပူ၊နေမကောင်းဖြစ်မှသာ
အမေကကျွန်မကို မကစားခိုင်းတာပါ။ ကျန်တဲ့အချိန်ကတော့ကစားချင်သလောက်ကစားပါပဲ။
ကျွန်မတို့ဟာ
လမ်းထဲကတစ်ခြားကလေးတွေနဲ့လည်း အဖွဲ့ကျသွားပြီး တုတ်ဆီးတိုးကြ၊ ကျီးသားရိုက်တမ်း ကစားကြနဲ့။
ကလေးကြီးတွေက သူတို့မောင်လေးတွေ ညီမလေးတွေကိုထိန်းရင်းနဲ့ ဆူညံနေအောင်ကိုကစားကြပါတယ်။
မိန်းကလေးရော ယောက်ျားလေးပါကစားလို့ရတဲ့ စိန်ပြေးတမ်း၊ တူတူပုန်းတမ်း၊ တိုင်ဦးတမ်းနဲ့
ကုန်းလား၊ရေလားကစားနည်းတွေကိုလည်း တခြား ကလေးတွေနဲ့ ရောပြီးပျော်ပျော်ပါးပါးကစားလို့ပေါ့။
မြမြရောကျွန်မပါ စိန်ပြေးတမ်းကစားရလို့ မောသွားပြီဆိုရင်တော့ ပိတ်စအပိုင်းလေးတွေနဲ့ချုပ်ထားတဲ့
ကျွန်မတို့ရဲ့အ၀တ်ရုပ်လေးတွေက ကျွန်မတို့နဲ့အတူတူကစားဖို့ စောင့်နေကြသေးတယ်လေ။
ကျွန်မနဲ့မြမြဟာဘုရင့်သမီးတော်လုပ်တမ်းလဲကစားလိုက်ကြပါသေးတယ်။
ဘုရင့်သမီးတော်လေး လုပ်တမ်းကစားတဲ့အခါ ဘုရင်လုပ်ဖို့လူလိုတာမို့ ကျွန်မတို့လမ်းထဲကဖိုးအောင်ကို
ကျွန်မတို့နှစ်ယောက်ထဲ ကစားတဲ့ဝိုင်းထဲမှာဝင်ကစားဖို့သွားခေါ်တာကိုလည်း မှတ်မိသေးရဲ့။
ကျွန်မတို့သုံးယောက်သား ကျောင်းကိုသွားတဲ့လမ်းတစ်လျှောက်မှာ ဘုရင့်သမီးတော်လုပ်တမ်း
ကစားခဲ့ကြတာကို အခုနေ ပြန်စဉ်းစားတဲ့အခါမှာတော့ ကျွန်မတို့ဟာကစားရင်းနဲ့ပဲ လူ့ဘဝအတွက်
အရေးကြီးလှတဲ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွေကိုသင်ယူခဲ့ကြတာပဲဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။
ကလေးချင်းကစားတာဟာ ကစားနေတာမဟုတ်ဘဲ လူကြီးလောကထဲကိုဝင်တဲ့အခါမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုရဖို့
ကျွန်မတို့ သင်ယူနေရတာပါ။ ကျွန်မတို့ဟာလွတ်လပ်စွာ ပြေးလွှားရင်းနဲ့ပဲ အမျိုးမျိုးကိုစိတ်ကူးယဉ်ပြီး
ကစားခွင့်ရခဲ့ကြပါတယ်။ ညဘက်အမေအိပ်ရာဝင်တဲ့အချိန်မှာ ပြောပြတဲ့ပုံပြင်တွေနဲ့ လူကြီးစကားဝိုင်းက
တစ်ချို့အကြောင်းအရာတွေက ကျွန်မတို့စိတ်ကူးယဉ်ကစားဖို့အတွက်မကုန်နိုင်တဲ့အကြောင်းအရာတွေပါပဲ။
ဘကြီးသာထွန်းရဲ့မြင်းလေးပျောက်သွားတဲ့အကြောင်းက ကျွန်မတို့ သူခိုးပုလိပ်တမ်းကစားတဲ့အချိန်မှာ
အသုံးတည့်သလို၊ ညဘက်မိသားစုစကားဝိုင်းမှာ ပြောဖြစ်တဲ့ရယ်စရာပုံတိုပတ်စများနဲ့ အမေတို့
ငယ်ငယ်ကအကြောင်းများကို နားထောင်ပြီး ကျွန်မတို့မမှီလိုက်တဲ့ဂျပန်ခေတ်ကို စိတ်ကူးယဉ်ပြီး
ကျွန်မတို့ကစားကြတယ်။ အမေတို့၊အဖေတို့ပြောတဲ့အကြောင်းတွေကိုနားထောင်ပြီး စိတ်ကူးနဲ့လိုက်ပြီး
ပုံဖေါ်ကြည့်ရတာကိုက ကျွန်မတို့စိတ်မျက်စိထဲမှာတော့တကယ့်ကိုဇာတ်လမ်းအခမ်းခမ်းနဲ့ရုပ်ရှင်ကားတွေပါပဲ။
အခုတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကနေခဲ့ဖူးတဲ့အိမ်အိုလေးနဲ့နယ်မြို့လေးဆီကိုကျွန်မတို့ပြန်ရောက်ဖို့အခွင့်မသာတော့သလိုကျွန်မတို့အိမ်ကသစ်သားရေဒီယိုကြီးလည်းမရှိတော့ပါဘူး။
ဧည့်ခန်းထဲမှာ တီဗီနဲ့ဒီဗီဒီစက်က ကျွန်မတို့ရဲ့ရေဒီယိုကြီးနေရာမှာဝင်ယူလို့။ အိမ်တိုင်းအိမ်တိုင်းလိုလိုမှာ
တီဗီစက်တွေ ရှိနေကြသလို၊ တီဗီကလာတဲ့ကိုရီယားတွေရှေ့မှာ ငြိမ်ငြိမ်သက်သက်ထိုင်နေကြတဲ့ကလေး၊
လူကြီးများကို ကြည့်ရင်းနယ်မြို့လေးကရေနွေးကြမ်းဝိုင်းကိုသတိရမိလိုက်သေးရဲ့။ အခုတော့ဖြင့်
ကျွန်မတို့အိမ်က မိသားစုအချင်းချင်းနယ်မြို့လေးမှာတုံးကလိုရေနွေးကြမ်းဝိုင်းမဖွဲ့နိုင်တော့တာအတော်ကြာခဲ့ပါပြီ။
ဘတ်(စ) ကားကြပ်ကြပ်ကြီးကို တိုးစီးပြီး နွမ်းကြေနေတဲ့စိတ်နဲ့ ကိုယ်တွေက နောက်တစ်နေ့
မနက်စောစောပြန်ထနိုင်အောင်လို့၊ ထမင်း သုတ်သုတ်စားကာ၊ အိပ်ဖို့ကိုပဲအာရုံစူးစိုက်လို့။
မအိပ်ခင်မှာ တီဗီကလာတဲ့ကိုရီးယားကားအပိုင်းလိုက်က ကျွန်မကလွဲပြီး တစ်အိမ်လုံးကို ဖမ်းညှို့ထားတာမို့အသီးသီး
ထမင်းစားပြီးတာနဲ့ တီဗီရှေ့ကိုရောက်လို့ပေါ့။ ကျွန်မရဲ့သားကလေးကရော။ သူလည်း ကျွန်မ
ဝယ်ပေးထားတဲ့ သက်မဲ့အရုပ်တွေကို ပျင်းပျင်းရိရိနဲ့ကစားရင်း ကစားရတာကို ပျင်းလာတာမို့
တီဗီရှေ့မှာကြော်ငြာကြည့်ဖို့ စောင့်နေပါတော့တယ်။ ကျွန်မရဲ့သားမှာ ကျွန်မငယ်ငယ်ကလိုမျိုး
ကစားဖို့ အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်တောင်မှ ရှိမနေခဲ့ပါဘူး။ အိမ်နားမှာ သားနဲ့ရွယ်တူကလေးတွေ
ရှိပေမယ့်လည်း သူတို့ခမြာ ကျောင်းကပြီးတာနဲ့ ကျူရှင်ကို တန်းသွားကြ၊ အိမ်ရောက်တာနဲ့
ကျူရှင်တို့ ကျောင်းတို့က ပေးတဲ့စာတွေကို လေ့ကျင့်ရနဲ့မို့ သားနဲ့ကစားဖို့အချိန် မရှိကြရှာပါဘူး။
တစ်ယောက်ထဲ ကစားနေရတဲ့သားခမြာ ပျင်းပျင်းနဲ့ပဲ တီဗီကလာတဲ့ကြော်ငြာတွေကိုပဲထိုင်ကြည့်နေရပါတော့တယ်။
တိုက်ပေါ်ကဆင်းတာနဲ့ ကားလမ်းမပေါ်ရောက်သွားတဲ့နေရာမှာ
နေရရှာတဲ့သားဟာ ကျွန်မ ငယ်ငယ်တုံးကလိုမျိုး နေ၀င်ချိန်မှာ တိမ်တွေ အရောင်တွေပြောင်းပြောင်းသွားတာကို
ငေးပြီး အံ့သြဖို့ အခွင့်ရေးမရသလို ကျွန်မတို့ငယ်ငယ်ကလိုမျိုး ပိုးစုန်းကြူးလေးတွေကိုလည်း
ဖမ်းပြီး ဖန်ပုလင်းထဲထည့်ဖို့ နေနေသာသာ ပိုးစုန်းကြူးကိုတောင်မှ သူမတွေ့ဖူးသေးပါဘူး။
သားအရွယ်နဲ့ ဂိမ်းကစားတတ်တာ၊ ကွန်ပြူတာကိုင်နိုင်တာတွေကိုအံ့သြပြီး ကျွန်မငယ်ငယ်ကထက်ပိုတော်တယ်လို့
တွေးချင်ပေမယ့်လည်း ကျွန်မကတော့ သားကိုပုံပြင်တွေပြောပြတတ်စေချင်ပါသေးတယ်။ ကစားနည်းအမျိုးမျိုးကို
ဖန်တီးပြီး ဆော့ကစားတတ်စေချင်ပါသေးတယ်။ အနည်းဆုံး သားရဲ့အနားမှာ စက်ပစည်းတွေ၊ သက်မဲ့အရုပ်တွေနဲ့
ဝိုင်းနေတာမျိုးမဟုတ်ဘဲ ကျွန်မသူငယ်ချင်းမြမြလိုမျိုး သူငယ်ချင်းတစ်ယောက်လောက် သားမှာ
ရှိနေခဲ့မယ်ဆိုရင်... သားကစားမယ့် ကစားနည်းဟာပါဝါရိမ်းဂျားလား၊ စပိုက်ဒါမင်းလား။ တီဗီကလာတဲ့ကြော်ငြာတွေလား။
ဘာပဲဖြစ်ဖြစ် ကစားရင်းသမ်းဝေနေတဲ့ သားဆီကနေပြီး လွတ်လပ်ပျော်ရွှင်တဲ့ ရယ်သံသဲ့သဲ့ကို
ကျွန်မကြားရနိုင်မယ်ထင်ပါရဲ့။ သားနဲ့ကစားဖို့ ညနေပိုင်း ကျူရှင်မသွားဘဲ ကစားဖို့အချိန်ရှိတဲ့
သားနဲ့ရွယ်တူအိမ်နီးချင်းငါးနှစ်ကလေးကို ကျွန်မ ဘယ်မှာသွားရှာပေးရပါ့မလဲ။ တကယ့်ကိုမလွယ်တဲ့အရာပါ။
ကျွန်မတို့ခေတ်နဲ့မတူတဲ့ခေတ်ထဲမှာ သားတို့အရွယ်ကလေးတွေကို
ကျွန်မတို့နဲ့မတူတဲ့ စိတ်ကူးယဉ်ကစားနည်းတွေနဲ့ လွတ်လွတ်လပ်လပ် စိတ်ကူးပြီး ကစားစေချင်ပါသေးတယ်။
ကလေးချင်းအတူတူမိတ်ဖွဲ့လို့ ပျော်ရွှင်အော်ဟစ်ဆူညံကာ ကစားတဲ့အသံတွေကို နားထောင်ချင်ပါသေးတယ်။
ကလေးကစားဖို့ဆိုတာ ကကြီး၊ခခွေးလိုပဲအရေးကြီးတဲ့အရာပဲမို့ သူတို့ဘ၀အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို
ကလေးအချင်းချင်းကစားရင်းနဲ့ ရှာဖွေခွင့်ရမယ်ဆိုရင်... အနာဂါတ်မှာ ကလေးတို့ပိုပျော်၊ပိုတော်လာ
နိုင်မှာသေချာပါတယ်။
Ref: The important of fantasy play by Vivian
gussin paley
ခေတ်ဘုန်းသစ်
No comments:
Post a Comment