Tuesday, September 4, 2012

ဒုတိယဇာတ်လိုက်

            ပိုက်ဆံ ဆိုသည့်စကားလုံး၏ နောက်က အနက်အဓိပါယ်များကို ကျွန်မ ဘယ်အရွယ်လောက်က စပြီး ပုံဖေါ်နိုင်ခဲ့ပါလိမ့် ဟု စဉ်းစားနေခဲ့မိသည်။ လေးနှစ် အရွယ်လား ။ ငါးနှစ်အရွယ်လား။ သို့မဟုတ် ထို့ထက် စောသလား။ ကျွန်မ မမှတ်မိတော့ပါ။ ကျွန်မ ငယ်ဘ၀၏ ပုံရိပ်များထဲတွင် တော့မျက်လုံးပြာပြာ၊ ဆံပင်ဝါ၀ါ နှင့် ဘိုမ ရုပ်လေးသည် ကျွန်မ၏ မှတ်ညဏ် ကို ကလူကျီစယ်နေခဲ့၏။   တမဲ့မဲနှင့် ၀မ်းနည်းပမ်းနည်း ငိုနေသော ကျွန်မနံဘေးမှာ မျက်နှာမသာမယာနှင့် ဖေဖေ့ပုံ က ရုပ်ရှင်ပြကွက် အပိုင်းစများလို ကျွန်မ မှတ်ညဏ် ထဲသို့ အလိုမတူပါဘဲ စွန်းထင်းကာ တိုးဝင် လာခဲ့ပြန်သည်။

          နောက်ထပ်မှတ်ညဏ်ပြကွက်ထဲတွင်တော့ ဂါဝန်အဖြူလေးတစ်ထည်ကို ရသဖြင့် ခုန်ပေါက်ပျော်ရွှင် နေသောကျွန်မ။ ကျွန်မ၏ တစ်ချို့သော ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း တို့ကို ပိုက်ဆံသည် ခြယ်လှယ်နိုင်လောက်အောင် တန်ခိုးရှိခဲ့မှန်း ငယ်သေးသည်မို့ ထိုအချိန်တုံးကတော့ ကျွန်မ မသိခဲ့တာသေချာပါသည်။ ထို့နောက်တွင်တော့ ကျွန်မသည် ပိုက်ဆံ တို့၏ တန်ခိုးကို အကန့်သက် မဲ့စွာ သိနားလည် လာခဲ့ရတော့၏။

          မနက်မိုးလင်း မျက်စိနှစ်လုံးစပွင့်သည်ကတည်းက မိုးစုန်းစုန်းချုပ်သည်အထိ ကျွန်မတို့နှင့် မပတ်သတ် လို့မရသော ပိုက်ဆံတို့ အကြောင်းကို အရွယ်ရောက်လာသည်နှင့် အမျှ ကျွန်မသည် ပိုနားလည် လာခဲ့ရ သည်။ ပိုက်ဆံဖြင့် ကျွန်မ ကြိုက်သော ရေခဲချောင်း ကို ၀ယ်စားနိုင်သည်။ ပိုက်ဆံဖြင့် ကျွန်မကြိုက်သော ဖိနပ်၊ အင်္ကျိ တို့ဝယ်နိုင်သည်။ ပိုက်ဆံဖြင့် ကာတွန်းစာအုပ် ငှားဖတ်နိုင်သည်။  ပိုက်ဆံဖြင့် ရောင်စုံခဲတံလေးများ ကို ၀ယ်နိုင်သည်။ ပိုက်ဆံဆိုသည် မှာ ပိုက်ဆံချည်းပဲဆိုရင်ဖြင့် တပ်မက်ဖွယ် အရာမဟုတ်လှသော်လည်း နွမ်းနွမ်းရိရိထို ပိုက်ဆံတို့ဖြင့် တပ်မက်ညွှတ်နူးဖွယ် အရာတို့ကို ၀ယ်ယူ၍ ရနိုင်သော အခါ မှာတော့ ပိုက်ဆံ သည် တပ်မက်စရာတို့ထက် ပိုသော တပ်မက်စရာ ဖြစ်လာရတော့သည်။

           တကယ်တော့ပိုက်ဆံဆိုသည် မှာ လူတို့ဖန်တီးထားသော သုံးစွဲစရာ လူ့ အသုံးဆောင်တစ်ခုမျှသာ။ သို့သော်လူတို့ဖန်တီးသော ထို ပိုက်ဆံသည် လူတို့ကို ပြန်၍စေစားနိုင်စွမ်းရှိခဲ့၏။ ထိုအကြောင်းကို  ကျွန်မသည် အလွန်ငယ်ရွယ် သေးသော အချိန်ကတည်းကိုက ရှေ့နေဖြစ်သူ ကျွန်မအဖေဆီသို့  အမှုလာအပ်သော လူတို့၏ လောင်မြိုက်မှုတွေ ကို ကြည့်ရင်း ကြောက်ရွံ့နာကြင်စွာ နားလည်ခဲ့ရ၏။ ပိုက်ဆံနှင့် ရုပ်ဝတ္ထုပစ္စည်း တို့ကြားထဲက ပေါင်းကူးတံတားပေါ်မှာ သူငယ်ချင်းတို့ရဲ့ သံယောဇဉ်ကို ချနင်းလိုက်တာကို တွေ့ရသည့်အခါ။ ဆွေမျိုးမောင်နှမတို့၏ ချစ်ခြင်းရနံ့ ထက် ငွေနံ့ကြေးနံ့ တို့၏ ရနံ့က ပို၍ သင်းပျံ့သည်ဟု ထင်ကြသော လူတို့ကို တွေ့ရသည့်အခါ ။ လူ့တန်ဖိုးထက် ငွေတန်ဖိုးကို ထုလုပ်ပူဇော်ချင်သော လူတို့ကိုတွေ့ရသော အခါ။ ပိုက်ဆံဆိုသော စကားလုံး၏ အတိမ်အနက်ကို စိတ်ဖြာခွဲခြမ်းမိတော့သည်။

          ထိုအခါ လူတို့ ၏ ချစ်ခြင်းမေတ္တာကို ခမ်းခြောက်သေးသိမ် သွားအောင်လည်းလုပ်ပစ်နိုင်စွမ်းရှိသော ပိုက်ဆံ၏ အစွမ်းကို ကျွန်မသည် ကြောက်လန့်တကြားဖြင့် နားလည်လာရ တော့သည်။ပိုက်ဆံသည် သစ္စာတရားတို့ကို ညှိုးရော်နွမ်းခြောက်သွားစေဖို့ မီမြှိက်ပေးနိုင်သည်။ ပိုက်ဆံသည် စည်းရိုးတစ်ချို့ကို ပြောင်တင်းရဲဝံ့ စွာ ချိုး ဖောက်ပြစ်လိုက်ဖို့ မျက်နှာဖုံး ဖြစ်စေနိုင်သည်။ ပိုက်ဆံသည် လူတို့၏ တန်ဖိုးတချို့တို့ကို အလဲအထပ် လုပ်ကာ နင်းခြေပစ်လိုက်ဖို့ ခါးသီးရွံမုန်းစရာ မှော်တုတ်တံ တစ်ချောင်းလည်း ဖြစ်နိုင်သေးသည်။

           မျက်လှည့်စရာ ရဲ့ဦးထုတ်ထဲက အံသြစရာ ယုန်ကလေးထွက်လာသလို မျိုး ပိုက်ဆံသည် တစ်ချို့ သော လူတို့အတွက် စနစ်ကျစွာ ဖန်တီးထားသော အံဝှက်လည်းဖြစ်နိုင်သေးသည်။ ပိုက်ဆံနောက်သို့ ချွေးဒီးဒီးယို ကျ အောင်အမော တကော ပြေးလိုက်ရင်းဖြင့် မလိုက်နိုင်တော့သည့်အခါ ကိုယ့်ရဲ့ ကိုယ်ကျင့် တရားများကို စိတ်အနာကြင်ခံကာ တစ်စတစ်စ ပြုတ်ကျ လျှော့ချလိုက်ရသော လူတို့ကို မြင်ရသည့် အခါ မှာတော့ ကျွန်မသည် ဘာကို နာကြဉ်းမိမှန်းမသိကာ နာကြဉ်းမိလာသည်။ ပိုက်ဆံသည် ပျော်ရွှင်မှုတို့ကို ယူဆောင် လာနိုင်သလို၊ သူယူဆောင်လာခဲ့သော ပျော်ရွှင်မှုတို့ကို ပဲ တငွေ့ငွေ့ဖြင့် လောင်ကြွမ်းပျက်စီး သွားစေဖို့ ကျီးစားသန်တတ်သေးသည်။

            ဆယ်ကျော်သက်မရောက်တရောက် အရွယ် စာဖတ်လာတော့ ပိုက်ဆံနှင့်ပတ်သတ်၍ မျက်ရည်ဝဲစေ သည်အထိ ကျွန်မစိတ်ကိုနာကြင်စေနိုင် ခဲ့သည်မှာ ဆရာမင်းသုဝဏ်၏ ဘကြီးအောင်ညာတယ်မှ ကလေးလေး ဖြစ်ခဲ့ သည်။ ယမင်းရုပ်လေး ကို ရဖို့ ပိုက်ဆံပေါင်းကူး ဖြင့် တံတားထိုးဖို့ကြိုးစားခဲ့သော်လည်း နောက်ဆုံး အသက်ပါဆုံးသွားရသူလေး ရဲ့ အဖြစ်ကို တွေးကာ ကျွန်မသည် အစထဲက သူ့မှာ အရုပ်ဖိုး ပိုက်ဆံသာ ရှိခဲ့ရင် အခုလို သေမှာမဟုတ်ဘူး ဟု ကလေးအတွေးဖြင့် တမြေ့မြေ့တွေးရင်း ၀မ်းနည်းလို့ မဆုံးခဲ့။ သို့သော် ကျွန်မကြီးပြင်းလာသော အချိန်မှာတော့ ၀တ္ထုထဲမှ ယမင်းရုပ် အဖြစ် ထက် ဆိုးလှသော လူနှင့် ပိုက်ဆံတို့၏ စိန်ခေါ်တိုက်ပွဲများထဲမှ ဆို့နင့်ကြေကွဲစရာ အဖြစ်တို့ကို ကြုံလာခဲ့ရတော့၏။ထိုအခါ ပိုက်ဆံဆိုတာ နတ်ဘုရားအရောင်ဆောင်ထားသော မကောင်းဆိုးဝါး သက်သက်ပဲ ဟုတွေးရင်းဖြင့် နာကြင် လာရတော့သည်။  သွေး သွင်းဖို့ သွေးပုလင်း မ၀ယ်နိုင်တာမို့ကလေးနှင့်  သွေးမျိုးတူသော အလှူရှင် ကို လိုက်ရှာရင်း ဖြင့် အသက် ပျောက်သွားသော ဆေးရုံမှ သွေးလွန်တုတ်ကွေးကလေးလေးကို မြင်ရသောအခါ။ ခွေးရူးကာကွယ် ဆေး မထိုးနိုင်သောကြောင့်  ခွေးကိုက်တာကို နနွင်းမှုန့်သိပ်ရင်းဖြင့် ခွေးရူးပြန်ကာ သေသွား ရ သော သူအကြောင်းကို ကြားရသောအခါ ကျွန်မသည် ဘာကိုဆဲရေးနာကြဉ်းရမှန်း မသိကာ နာကြဉ်းလာရပြန်သည်။  ငွေကြေးချို့တဲ့ လာသည်နှင့်အမျှ လူတို့၏ အသိညဏ်တို့သည်လည်း ကိုယ့် ကို ဒုက္ခပေးနိုင်သော ဆူးညှောင့် ခလုတ်တို့ကိုပင် မမြင်ရတော့လောက်အောင်ပင် မည်းမှောင်လာရတော့သည်တဲ့ လား။ ငွေကြေးနောက်သို့ မမှီမကန်းဖြင့် ယက်ကန်ရုန်းကန် လိုက်ပါရင်း  လူတို့၏ အသိညဏ်တွေ၊ဘ၀ရဲ့ ပျော်ရွှင်မှုတေ၊ွ အကုန်လုံး ကျပျောက်ဆုံးကုန်တော့သည်။ ကြံဖတ်စလို ဖွာလန်အရည်ကင်းမဲ့ နေသော ဘ၀တို့ကို  လမ်းပေါ်က ခဲလုံးတွေလိုမျိုး ပေါများစွာ ဟိုဟိုဒီဒီမှာ  တွေ့လာခဲ့ ရပါသည်။ ကျွန်မတို့ဆင်းရဲ လွန်းလှသည်ကော။

            ဆင်းရဲလာသည်နှင့်အမျှ ချို့တဲ့လာသော အရာများစွာတို့ထဲမှာမှ ဘယ်တော့မှ ပြန်၍ မရနိုင်တော့ သော တန်ဖိုးတစ်ချို့ တို့ မျောပါသွားသည်ကဖြင့် နှမြောကြေကွဲစရာကောင်းလွန်းလှပါသည်။ သို့သော် ပိုက်ဆံတို့သည် ချွင်းချက် တချို့ ထဲ၌ ပါဝင်သွားစေဖို့ ပို့ဆောင်နိုင်စွမ်းပို၍ ပို၍ ရှိလာခဲ့သည်။ ပိုက်ဆံ ဆိုသည်မှာ လူ့အသုံး ဆောင် ပစ္စည်းသက်သက် သာ ၀ယ်ယူနိုင်သောအရာမဟုတ်တော့။ ပိုက်ဆံ၏ ၀ယ်ယူနိုင်စွမ်းတို့မြင့်မားလာသည်နှင့်အမျှ အမေနှင့်သား၊ အဖေနှင့် သမီးတို့ သည်လည်း ပိုက်ဆံကြောင့် စိမ်းသက်ဝေးကွာ လာခဲ့ကြပြီ။ ကုန်ဖလှယ်သည့် အဆင့်ထက်မက သော တန်ခိုးတို့ကို ပိုက်ဆံများထဲတွင် စိမ့်ဝင်ပူးကပ်သွားစေဖို့ လူတို့ဖန်တီးနိုင်ကြသောအခါ  ဘယ်လို မှော်အတတ် တွေနှင့်များ မန်းမှုတ်နိုင်လိုက်ပါလိမ့် ဟု ကျွန်မတွေးချင်လာခဲ့မိတော့သည်။ ပိုက်ဆံသည် မှော်ဝင်ဆီမီးခွက်လို လိုရာကို စေနိုင်သတဲ့လား။  အမှန်တရားတစ်ချို့သည်ပင် ပိုက်ဆံကြောင့် ပုံပြောင်း သေးကြုံ့ သွားနိုင်သတဲ့လား။  ထိုအခါ တတိယ ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်တတ်သော ချစားမှု များထဲ ၌ ပိုက်ဆံသည် တန်ခိုးအမျိုးမျိုး တို့ဖြင့် အစွမ်းပြနိုင်လောက်အောင် တန်ဖိုး တတ်ခဲ့ရတော့သည်။  ပိုက်ဆံ ဖြင့် လူတို့၏ အရည်အသွေး ကို တိုင်းတာ သတ်မှတ်သော လူတန်းစားများများပြားလာသည်နှင့်အမျှ လူတို့၏ စစ်မှန်သော တန်ဖိုးနှင့် လူ့အသိုင်းဝိုင်း အတွက် အရေးကြီးလှသော လူ့အရည်အသွေးများ လျှော့နည်းလာရတော့သည်။ ငွေကြေးဖြင့် တရားရေးမဏိုင်ကို ယိုင်နဲ့အောင်လုပ်ကြသောအခါ၊ ငွေကြေးဖြင့် ပညာအတုကို ရွှေရောင်တ၀င်းဝင်း ဖြစ်အောင်မန်းမှုတ်အရောင်သွင်း ပြီးတော့ ရောင်းချကြသောအခါ  ပိုက်ဆံသည်..နိုင်ငံကို ၊ကမ္ဘာကို၊ လူတို့ကို ဖျက်စီးခြေမွ ပစ်လိုက်နိုင်သော အဆိပ်ဖြစ်လာခဲ့တော့သည်။ ထိုအခါ လူတို့အသက်သွင်းခဲ့သော ထို ပိုက်ဆံတို့သည်ပင် လူ့တို့၏ အသက်အိုးအိမ် စည်းစိမ်များကို သွေးအေးရက်စက်စွာ ခြယ်လှယ်နိုင်သည်အထိ အစွမ်းထက်၍ လာပြီး ၊ ပိုက်ဆံဖြင့် လုံခြုံ နိုင်သည်ဟုထင်ရသော လူတို့သည် ထိုပိုက်ဆံကြောင့် ပင် လုံခြုံမှုရော့နည်းလာရတော့၏။

          ပွန်းပဲ့လာသောကိုယ်ကျင့်တရားတစ်ချို့မှ ငေါထွက်လာသော စိတ်ရိုင်းတို့ကို ပိုက်ဆံသည် တောင်ပံ တပ်ကာ ဇာတ်ကုန်ဖွင့်ပေးထားတော့သည်။ထိုသို့ဖြင့် စေးကပ်သော ပင့်ကူမျှဉ် များ လို ပိုက်ဆံမျှဉ်များဖြင့် ကိုယ်ပေါ်မှာ တွယ်ကပ်ကာ ခွာမရအောင် တုတ်နှောင်နေတော့သည်။ ခွာမရသော အစေးအမျှင် တို့ ဖြင့် ငြိစွန်းကာ တိုးဝှေ့ရင်းနှင့် ပင် ထို အထဲမှာ လွတ်မရတော့ပြန်ချေ။ ဒါသည် ပင်လူ့ဘ၀ရဲ့ အရသာ  ဟု ဆိုချင်သူတို့ ဆိုကြဦးတော့မည်။   ထိုသို့ ဆိုရင်ဖြင့် ကျွန်မငြင်းဆိုချင်ပါသည်။ ပိုက်ဆံဖြင့် ၀ယ်ယူမရနိုင် သော အရာတို့ လောကမှာ မြောက်များစွာရှိသေးကြောင်းကို ကျွန်မသည် ရဲဝံ့မိုက်မဲစွာဖြင့်ပင် ယုံကြည်နေဆဲ ရှိပါသေးသည်။ စစ်မှန်သော ရင်တွင်းမှ လာသည့် ချစ်ခြင်းမေတ္တာနှင့် ညဏ်ပညာ ကို ဘယ်လို ငွေကြေးများနှင့် မှ ၀ယ်ယူ၍ မရနိုင်ကြောင်း ကို ရူးမိုက်စွာ ယုံကြည်ချင်သေး၏။ ပြည့်စုံသောချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ညဏ်ပညာတို့သည် ကိုယ်ကျင့်တရားတို့ကို ခိုင်မြဲစွာ ထိန်းသိမ်း စောင့်ရှောက် နိုင်စေသလို၊ ညွတ်နူးဖွယ် ကိုယ်ချင်းစာစိတ်ဖြင့် လည်းကမ္ဘာလောက ကို  ငြိမ်းချမ်းလှပစေ နိုင်ပါသည်။

           သို့သော် ပိုက်ဆံ(ငွေကြေး) ၏ အခန်းဂဏ သည် ကမ္ဘာမှာ အရေးပါလှသော ဂဏတစ်ရပ်ဖြစ်လာခဲ့ပြီ ဆိုသည်ကို ဖြင့် ဘယ်သူမှ မငြင်းဆို နိုင်တော့ တာ သေချာပါသည်။ ပိုက်ဆံဖြင့် ကုန်ဖလှယ်ရုံသာ မကတော့ ဘဲ ပိုက်ဆံ(ငွေကြေး) သည် လူသားတို့ အကျိုးအတွက် တီထွင်ကြံဆစရာများကို ကြံဆနိုင်ဖို့ သုတေသန လုပ်ငန်း တို့ကို သန်စွမ်းဖွံဖြိုးလာအောင် ထောက်ကန်ပေးနိုင်သော  အရာတစ်ခုဖြစ်လာခဲ့သည်။ လူသားတို့ အသက်ရှည်စွာ နေထိုင်နိုင်စေဖို့ အတွက် ငွေကြေးဖြင့် ဆေးဝါးကိရိယာများကိုလည်း တီထွင်ဖေါ်စပ်နိုင်သေးသည်။ ပိုက်ဆံ သည် အရေးကြီးလှသော ထိုအရာများကို တီထွင်ဖို့ ကြံဆ အသုံးပြုနိုင်စေဖို့ အတွက် ထောက်ကူ ကန်မ ပေးနိုင်သော အရေးကြီးသည့်အရာတစ်ခုဖြစ်လာခဲ့၏။  

        သမိုင်းကိုပြန်ကြည့်လိုက်မည် ဆိုရင်ဖြင့် စီးပွားရေးတောင့်တင်းခို်င်မာသော နိုင်ငံကြီးများသည် ပိုက်ဆံကို အသုံးပြု၍ လူ့သမိုင်းကို တန်ဖိုးတတ်အောင်လုပ်နိုင်ခဲ့ကြသည်ကော။  စီးပွားရေးကျဆင်း လာသည် နှင့်အမျှ စားဝတ်နေရေးကိုသာ လုံးပန်းကာ ရှာဖွေရသည်မို့ ပိုက်ဆံမရှိခြင်းသည်  လူတို့ကို အသိပညာအမှောင်ခေတ်ထဲသို့ တွန်းပို့လိုက် သလိုဖြစ်တော့သည်။ သုတေသနတွေလုပ်ဖို့ ပိုက်ဆံလိုသည်။ စာကြည့်တိုက်တွေ ဆောက်ဖို့ ပိုက်ဆံလို သည်။ ကလေးတို့ကျောင်းတွေမှာ သိပံစမ်းသပ်ခန်းများ ရှိဖို့ ပိုက်ဆံလိုသည်။ တစ်ကျောင်းလုံးမှာ တစ်လုံးသာ ရှိသော ကွန်ပြူတာကို မြင်ဖူးအောင် အနားကပ်ကာရပ်ကြည့်ရုံပဲ မဖြစ်ဖို့ ပိုက်ဆံလိုပါသည်။ သို့သော် ပိုက်ဆံဆိုသော ထိုအရာသည် အရာအားလုံး၏ အထက်က ပထမနေရာမှာ အောင်လံတလူလူ ဖြင့် ရှိမနေဖို့ ကတော့ဖြင့် သိပ်ကိုမှ အရေးကြီး လှပါသည်။ လူတို့သည်  ပိုက်ဆံကို ပထမနေရာမှာ ထားလာသည့်အခါ ပိုက်ဆံမှ လွဲ၍ တခြား အရာအားလုံးတို့သည်  ဆုံးရှုံလို့ ဆုံးရှုံးသွားမှန်း မသိအောင်ပင် လျှောကျပျောက်ဆုံး ကုန်ရတော့ သည်။ ထိုအခါ ပိုက်ဆံမှ လွဲ၍ ဘာဆို ဘာမှ မရှိသော အခွံသက်သက် သာ ကျန်တော့သည်ပေါ့။ ကိုယ်ကျင့်တရား အခွံ၊ အသိပညာအခွံ၊ မေတ္တာအခွံ၊ မိတ်ဆွေအခွံတို့ ဘယ်လို အခွံပဲကျန်ပါစေ အားလုံးကို ပိုက်ဆံ တစ်ခုထဲနှင့် လဲနိုင်သော လူတန်းစားများ နိုင်ငံမှာ များပြားလာသည့် အခါ ပိုက်ဆံသည် နိုင်ငံ၏ ရင်ဝကို စိုက်သော ဓားတစ်ချောင်း ဖြစ်လာခဲ့တော့သည်။ပိုက်ဆံသည် လူ့ကျင့်ဝတ်တို့ကို ရိုက်ချိုးဖျက်ဆီး နိုင်သည်အထိ တွင်ကျယ်စွာနေရာ ရလာပြီ ဆိုရင် တော့ လူမျိုး တို့၏ ဂုဏ် သိက္ခာ၊နိုင်ငံ၏ ဂုဏ်သိက္ခာ တို့ပါ မည်းကြေစွန်းပေ ကုန်ရတော့သည်။ ပိုက်ဆံသည် တကယ်တော့ ဘယ်သူမှ အစားထိုးလုယူလို့ မရနိုင်သော ဒုတိယနေရာမှာ အသုံးချတန်ဖိုးသက်သက် ဖြင့် ဂုဏ်သိက္ခာရှိစွာ ရှိနေသင့်ပါသည်။   ပထမနေရာ တွင် တော့ ကျန်းမာရေး၊မိသားစု၊ ချစ်ခြင်းမေတ္တာနှင့် ညဏ်ပညာ ၊ တီထွင်ဖန်တီးမှု၊ အနုပညာ၊ သိပံပညာ စသည်တို့က ဘ၀လမ်း တလျှောက် မှာ တစ်လှည့်စီနေရာ ယူသွားလိမ့်မည်ပေါ့။

           သို့သော် မည်သို့ပင်ဖြစ်စေ ထိုအရာများကို ချောမွေ့သာယာ လာအောင် ထောက်ကူ ကန်မပေးနိုင်စေဖို့ အတွက် ကတော့ဖြင့် ပိုက်ဆံသည် ဒုတိယ အရေးကြီးဆုံး နေရာမှာ ရှိကိုရှိ နေရပါဦးမည်။။  ကျွန်မတို့မလိုလားသည့် တိုင်အောင် တစ်လက်မမှ နေရာမဖယ်ပေးပဲ ပြိုင်ဘက်ကင်း စွာ ထို ဒုတိယ နေရာမှာသူ ရှိနေရ ပါဦး မည်။ဒုတိယနေရာမှ နေ၍ ပထမနေရာမှ အရာများကို ပျော်ရွှင်သာယာ လာစေဖို့ စေစားနိုင်မည်လား၊  ဖျက်ဆီးချေမွပစ်နိုင်မည်တဲ့လား။  ထိုသည်ကတော့ ခေတ်ကို ဖြတ်သန်းကြ သော..လူတို့၏ သမိုင်းနှင့်သာ ဆိုင်မည်ထင်ပါသည်။ ဒါသည်ကိုပင် လူတစ်ယောက်၏ သမိုင်း။ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်း၊ ကမ္ဘာလောက ၏ သမိုင်း လို့ ဆိုသည်လား။ မည်သို့ပင်ဖြစ်စေ လူတို့ရေးသော သမိုင်းတွင် လူတို့ဖန်တီးခဲ့သော ပိုက်ဆံသည် ဒုတိယဇာတ်လိုက် အဖြစ်ဖြင့် ပါဝင်နေခဲ့ ပါဝင်နေစဲရှိ နေပါဦမည်။
ပန်းရိပ်ဖြူ

No comments: